Social Icons

Pages

Tuesday, December 9, 2014

၂၀၁၀ ပြည့်နှစ် မှ ၂၀၁၄ ခုနှစ် စက်တင်ဘာလအထိ တောရိုင်းတိရစ္ဆာန် နှင့် သဘာဝ သစ်တောထွက် အရင်းအမြစ်များ ဖမ်းဆီးရရှိမှု ၁၂၉ မှုရှိ


ရန်ကုန် ၊ ၉-၁၂-၂၀၁၄

၂ဝ၁ဝ ပြည့်နှစ်မှ ၂ဝ၁၄ ခုနှစ် စက်တင်ဘာလ အထိ လေးနှစ်အတွင်း တောရိုင်း တိရစ္ဆာန် နှင့် သဘာဝ သစ်တောထွက် အရင်းအမြစ်များ ဖမ်းဆီး ရရှိမှုမှာ ၁၂၉ မှုရှိခဲ့ပြီး နယ်စပ်နှင့် ဆက်စပ်နေသည့် ရှမ်းပြည်နယ်၊ မန္တလေးတိုင်း ဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီး တို့၌ အများဆုံး ဖမ်းဆီး ရရှိခဲ့ကာ ဖမ်းဆီးရရှိ မှုတွင် ဆင်၏ အစိတ်အပိုင်း ပစ္စည်းများနှင့် သစ်ခွပန်းများ အများဆုံး ဖြစ်ကြောင်း သစ်တော ဦးစီးဌာနမှ သိရသည်။

ထိုသို့ ဖမ်းဆီး ရရှိမှုတွင် ဆင်စွယ်ကို အများဆုံး ဖမ်းဆီးရရှိခဲ့ပြီး သစ်ခွပန်းနှင့် သစ်ခွပန်းခြောက်များ၊ သင်းခွေချပ်၊ လိပ် နှင့် သမင်များလည်း ဖမ်းဆီး ရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ဆင်စွယ်နှင့် ဆင်သားရေ ရယူလိုမှု၊ လူနှင့်ဆင် ပဋိပက္ခများကြောင့် ၂ဝ၁၃- ၂ဝ၁၄ ဘဏ္ဍာနှစ် အတွင်း မြန်မာနိုင်ငံ၌ ဆင် ၃၄ ကောင်ခန့် သတ်ဖြတ်ခြင်း ခံခဲ့ရကြောင်း သိရသည်။

ဆင်အစိတ်အပိုင်း များ ရောင်းချသည့် ဈေးကွက်သည် ပြည်ပ၌ သာမက ပြည်တွင်းတွင်ပါ ဈေးကွက် ရှိနေရာ ယင်းအတွက် ဆင်များကို ဂိုဏ်းဖွဲ့၍ သတ်ဖြတ်မှု ပိုများလာပြီး ဧရာဝတီတိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီး တို့ရှိ သစ်တောကြိုးဝိုင်း များ၌ သတ်ဖြတ် ခံရခြင်း ဖြစ်ကြောင်း သစ်တော ဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ၌ ဆင်များကို စစ်ကိုင်းတိုင်း ဒေသကြီး အတွင်း အလောင်းတော် ကဿပ အမျိုးသား ဥယျာဉ်၊ ရခိုင်ပြည်နယ် ၌ ရခိုင် ရိုးမဆင် ဘေးမဲ့တော၊ မန္တလေးတိုင်း ဒေသကြီး၌ ရွှေဥဒေါင်း တောရိုင်း တိရစ္ဆာန် ဘေးမဲ့တော၊ ကချင်ပြည်နယ် ဟူးကောင်း ချိုင့်ဝှမ်း တောရိုင်း တိရစ္ဆာန် ဘေးမဲ့တော နှင့် မြောက်စာမရီ ဆင်ထိန်းသိမ်းရေး သဘာဝ နယ်မြေနှင့် ဖိုးကျား ဆင်စခန်း တို့၌ ထိန်းသိမ်း စောင့်ရှောက် ထားကြောင်း သိရသည်။ (၄၄၇)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...