Social Icons

Pages

Monday, September 14, 2015

မြန်မာနိုင်ငံမှ ထွက်ရှိသော ကျောက်စိမ်းနှင့်ပတ္တမြားသည် ကမ္ဘာပေါ်တွင် အရည်အသွေး အကောင်းဆုံးဖြစ်၍ ကျောက်မျက် ကုန်သည်များ စိတ်ဝင်စားမှု အများဆုံးဖြစ်


မိုးကုတ် ပတ္တမြား

မြန်မာ့ကျောက်စိမ်း

ရန်ကုန် ၊ ၁၄-၉-၂၀၁၅

ကမ္ဘာပေါ်တွင် ကျောက်စိမ်းကို ဂျပန်၊ ကိုရီးယား၊ ရုရှား၊ တရုတ်၊ အမေရိကန်၊ တောင်အာဖရိက နှင့် ပတ္တမြားကို ထိုင်း၊ သီရိလင်္ကာ၊ ပါကစ္စတန်၊ တန်ဇန်းနီးယား၊ ဇင်ဘာဘွေ တို့တွင် ထွက်ရှိ သော်လည်း မြန်မာနိုင်ငံမှ ထွက်ရှိသော ကျောက်စိမ်းနှင့် ပတ္တမြားတို့ သည် ထိုင်း၊ မကာအို၊ ထိုင်ဝမ်၊ တရုတ်နိုင်ငံ နန်နင်းပြပွဲများ တွင် အရည်အသွေး အကောင်းဆုံး နှင့် အလှဆုံး ဖြစ်ပြီး ကမ္ဘာ့ကျောက်မျက် ကုန်သည်များ စိတ်ဝင်စားမှု အများဆုံး ဖြစ်ကြောင်း သိရသည်။

ကျောက်စိမ်းကို မြန်မာနိုင်ငံ ကချင်ပြည်နယ် ဖားကန့်၊ လုံးခင်း၊ ဝှေခါး၊ နှောကြီး၊ ကံစီးဒေသ တို့မှ စက်နှင့် တူးရသော စက်ကျင်း၊ ခေါင်းပေါင်းကျင်း၊ ရေငုပ်ကျင်း၊ မိုင်းကျင်း စသည်ဖြင့် ခေတ်မီ နည်းမျိုးစုံဖြင့် တူးဖော် ထွက်ရှိကြောင်း ဘူမိဗေဒ ပညာအရ မိုးလ်၏ မာခြင်းအဆင့် (၇) ဖြစ်ကြောင်း သိရသည်။

မာခြင်းအဆင့် သတ်မှတ်ချက်ကို မိုးလ်၏ မာခြင်း စကေးတွင် ကန့်ကူဆံ၊ ဂေါတံ၊ ကယ်လ်ဆိုက်၊ ဖလိုရိုဒ်၊ အပက်တိုက်၊ သြသူကလေ့၊ သလင်း၊ ဥဿ ဖယား၊ ကုရံတံ၊ စိန်ဟူ၍ မာခြင်းအဆင့် ၁ဝ မျိုး သတ်မှတ် ထားကြောင်း၊ ထိုစံနှုန်း စကေးများကို မူတည်၍ ကျောက်၏ မာခြင်း၊ ပျော့ခြင်း သတ်မှတ် ကြကြောင်း သိရသည်။

မြန်မာ့ ကျောက်စိမ်းသည် အခြားနိုင်ငံထွက် ကျောက်စိမ်းများနှင့် မတူဘဲ အရောင်အသွေး လှပ ကောင်းမွန်ခြင်း၊ သက်ရင့်မြေမှ ထွက်ရှိခြင်း၊ အပြစ် အနာ အဆာ နည်းပါးခြင်း တို့ကြောင့် ကမ္ဘာတွင် လူကြိုက် အများဆုံးနှင့် တန်ဖိုးအများဆုံး ဖြစ်ကြောင်း၊ ကျောက်စိမ်းတွင် အသားကျောက်၊ အရည်ကျောက်၊ အထည် ကျောက်ဟူ၍ သုံးမျိုးခွဲခြား နိုင်ကြောင်း၊ ကျောက်စိမ်းကို အရည်အသွေး အနေဖြင့် အမျိုးပေါင်း ၂ဝဝ ကျော် ခွဲခြားစိတ်ဖြာ နိုင်ကြောင်း အရည်နှင့်ပတ် သက်လျှင် လန့်ရည်၊ လန့်လုရည်၊ လန့်လုကြီးရည်၊ ဆွေးလုရည်၊ လန့်ဆွေးလု ရည်၊ ဆွေးလုကြီးရည်၊ ပဲရည် စသည်ဖြင့် လည်းကောင်း၊ အသားနှင့် ပတ်သက်၍ ဖန်သား၊ မှန်သား၊ ဘော်ဒီသား၊ ဘော်ဒီတစ်ပတ်ကျ၊ တိမ်ခိုးသား၊ ဝက်သား ဆီသား၊ ပဲသား၊ ပဲသားရိုး၊ ပဲသားလန့်၊ ပဲခွမ့်ဟူ၍လည်းကောင်း၊ ကျောက် အနာနှင့်ပတ်သက်လျှင် ရှင်းမည်း၊ ရှင်းနက်၊ ရှင်းစိမ်း၊ စိုက်ရှင်း၊ ကပ် ရှင်း၊ အက်ကြောင်း၊ မြင်းမြီးရိုက်၊ ရှိုနာ၊ ရို့နာ၊ ဖားမျက်ဆံဟူ၍လည်းကောင်း၊ မန်း နှင့်ပတ်သက်လျှင် အရည်မန်း၊ အသားမန်း၊ မန်းဖြူ၊ မန်းနီ၊ မန်းဝါ၊ ခြစားမန်းဟူ၍ လည်းကောင်း၊ အခွံနှင့် ပတ်သက်လျှင် ရေခွံ၊ ကုန်းခွံ၊ မြေမှန်၊ ကုဋေကျောက်၊ ဖယောင်းခွံ၊ သံချေးခွံ၊ ဝါဖတ်ခွံ၊ သစ်တော်ခွံ၊ အာလူးခွံ၊ အင်္ဂတေခွံ၊ ဖွဲနုခွံ၊ ဖွဲလတ်ခွံ၊ ဖွဲကြမ်းခွံ၊ မုံထုခွံ စသည်ဖြင့် လည်းကောင်း ဝေါဟာရများစွာ ရှိကြောင်း သိရသည်။

မြန်မာ့ကျောက်စိမ်း သည် စိမ်းရည်ပြည့် ကရင်ဆော်ဒါရည် ဖြစ်ပြီး စိမ်းရွှင်၍ အရည်လည် နေသောကြောင့် နိုင်ငံတကာတွင် လူကြိုက်များ ရောင်းတမ်း ဝင်လျက် ရှိကြောင်း MGA ကုမ္ပဏီ ဓာတ်ခွဲခန်း ပညာရှင် ဦးဝင်းမြင့် ထံမှ သိရသည်။

မြန်မာ့ပတ္တမြား သည် ခြောက်ရာစုနှစ် မှစ၍ မိုးကုတ်၊ သပိတ်ကျင်း၊ ကျပ်ပြင်၊ ကသည်း ရတနာမြေများမှ ထွက်ရှိကြောင်း၊ ယခင် ကတည်းက မျောကျင်း၊ တွင်းလုံး၊ လူးတွင်း၊ အင်းတွင်း နည်းစနစ် များဖြင့် ထုတ်လုပ်လျက် ရှိကြောင်း မြန်မာ့ ပတ္တမြား အပါအဝင်၊ ကျောက်နီ၊ မြ၊ နီလာ၊ ဥဿဖယား၊ ဂေါ်မုတ် တို့ထွက်ရှိရာ နဝရတ်ကိုးပါး လက်စွပ်များကို မြန်မာနိုင်ငံ တစ်နိုင်ငံတည်း တွင်သာ ဒေသထွက် အဖြစ် တန်ဖိုးရှိစွာ ဝတ်ဆင် ကြကြောင်း သိရသည်။

ပတ္တမြားသည် မာခြင်းအဆင့် (၉)ရှိသဖြင့် စိန်ထက် အနည်းငယ် ပျော့သည့်အဆင့် ရှိသဖြင့် တောက်ပ နီရဲစွာ အရောင်အသွေး လှပခြင်း၊ အခြားနိုင်ငံထွက် ကျောက်များထက် သာလွန် ကောင်းမွန် သောကြောင့် လူကြိုက်များ ကြောင်း၊ ထိုင်း၊ ဗီယက်နမ်၊ သီရိလင်္ကာ၊ ပါကစ္စတန်၊ တန်ဇန်းနီးယား၊ ဇင်ဘာ ဘွေတို့မှ ထွက်ရှိသော်လည်း မြန်မာ့ပတ္တမြား ကဲ့သို့ အရည်အသွေး မကောင်းဘဲ အရည်အသွေး အနီးစပ်ဆုံး တူသည် ဆိုလျှင်ပင် ဈေးနှုန်း အနေဖြင့် တစ်ဆခန့် နည်းကြောင်း၊ ပတ္တမြား ကျောက်သည် ယခုအချိန်၌ ငါးကာရက် (စင်သန့်) ပတ္တမြား တစ်လုံးရရန် ခက်ခဲကြောင်း၊ မိုးကုတ် ငမောက် ပတ္တမြား သည် ကာရက် ၉ဝ ခန့် ရှိသော်လည်း ယခု အလွန်ရှားပါး သွားကြောင်း ပညာရှင်များက ပြောပြ၍ သိရသည်။

ထို့ကြောင့် မြန်မာ့ကျောက်စိမ်း နှင့် ပတ္တမြား တို့သည် ကမ္ဘာပေါ်တွင် အမျိုးအစား အရည်အသွေး အကောင်းဆုံးနှင့် အလှပဆုံး ဖြစ်သောကြောင့် ကျောက်မျက် ကုန်သည် အများစု စိတ်ဝင်စားမှု အများဆုံး ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...