ရန်ကုန် ၊ ၁၈-၁၂-၂၀၁၄
ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ATM ငွေထုတ်စက် များ၌ ငွေထုတ်ကတ် အတုများ ပြုလုပ်ကာ လိုက်လံ ငွေထုတ်နေသည့် နိုင်ငံခြားသား တစ်ဦးကို ဒီဇင်ဘာ ဒုတိယပတ် အတွင်းက ထပ်မံ ဖမ်းဆီးရမိ ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်ရုံး မှ သိရသည်။
ထပ်မံ ဖမ်းဆီးခဲ့သည့် နိုင်ငံခြားသား မှာ ဘူလ်ဂေးရီးယား နိုင်ငံသား ဖြစ်ပြီး ရန်ကုန်မြို့လယ်၌ ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။
၂ဝ၁၄ ခုနှစ် နိုဝင်ဘာလ အတွင်းက ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဘဏ် တစ်ခု၏ ATM ငွေထုတ်စက် တစ်ခု၌ နိုင်ငံခြားသား တစ်ဦးက ငွေထုတ်ကတ် များဖြင့် ထုတ်ယူ နေမှုကို မသင်္ကာသဖြင့် CCTV ကင်မရာ မှတ်တမ်းများကို ပြန်လည် ကြည့်ရှု ပြီးနောက် ရဲတပ်ဖွဲ့သို့ တိုင်တန်း ခဲ့သည်။
သက်ဆိုင်ရာ တာဝန်ရှိ သူများက ရန်ကုန်မြို့ရှိ ATM ငွေထုတ်စက် နေရာများ အားလုံး၌ သတင်းရယူ စုံစမ်းပြီးနောက် မသင်္ကာသူ အိန္ဒိယ နိုင်ငံသား တစ်ဦးကို နိုဝင်ဘာ နောက်ဆုံးပတ် အတွင်းက ၄င်းတည်းခို နေထိုင်နေသည့် ပန်းဘဲတန်း မြို့နယ် (၂၉)လမ်း အထက်လမ်းရှိ မေဖလားဝါး အင်း၌ ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ယင်းထံမှ ငွေထုတ်ကတ် အတုများနှင့် အတူ ထုတ်ယူထားသည့် ငွေကျပ် ကိုးသိန်းကျော် ကိုလည်း သိမ်းဆည်းရမိ ထားကြောင်း သိရသည်။
အဆိုပါအမှုကို ပန်းဘဲတန်း မြို့မရဲစခန်းမှ (ပ) ၃၅၅/၂ဝ၁၄ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈ဝ/၄၆၈ ဖြင့် လည်းကောင်း၊ ဗိုလ်တထောင် မြို့မရဲစခန်းမှ(ပ) ၁၆၆/၂ဝ၁၄ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈ဝ/၄၆၈ ဖြင့် လည်းကောင်း အမှုဖွင့်ပြီး ဆက်လက် စစ်ဆေး အရေးယူလျက် ရှိကြောင်း သိရသည်။(၄၄၇)
#Themyawadydaily
#မြ၀တီနေ့စဉ်
No comments:
Post a Comment