Social Icons

Pages

Monday, November 3, 2014

ရင်ခွင်ကျယ်ကျယ်


ရင်ခွင်ကျယ်ကျယ်

မဒါလေး

မောပန်းလာသော ကျွန်မကို ကိုအောင်က ဖေးမ ကူညီကာ အိမ်ထဲသို့ တွဲခေါ်လာသည်။ ထိုင်ခုံထက်တွင် ခဏထိုင် စေလျက် သူ၏ပခုံးမှာ ခဏ အနားယူ မှေးစက် စေသည်။ ခဏတာ အမောများ ပြေသွားသည်ဟု ထင်မိသည်။ သည်ရင်ခွင် သည်သာ ကျွန်မအတွက် နားခိုရာ နေရာ ကျွန်မကမ္ဘာ ဖြစ်ခဲ့ရသည် မဟုတ်ပါလား။ အသက်အရွယ်လေး ရလာတော့ လူက ဟိုသွားမော ဒီသွားမောနှင့် အရာရာ သိပ် အဆင်မပြေ ချင်လှ။

ယခင့်ယခင် နေ့များဆီကို သတိရမိသည်။ ဟိုပွဲသွား သည်ပွဲလာ ရှေ့မှပင် တက်တက်ကြွကြွ အမြဲလန်းဆန်း နေသည်။ ယခုတော့ ဘယ်သွားသွား ဘယ်လာလာ အချိန်အခါနှင့် နေရာကို ကြည့်ရသည်။ သွားသင့်သည့် နေရာ၊ မသွားသင့်သည့် နေရာ ခွဲခြား နေရသည်။

ဝါကျွတ်ချိန်ခါ ရောက်ပြီမို့ မင်္ဂလာ သတင်းများက တစ်နေ့တစ်မျိုး မရိုးနိုင်အောင် ရောက်ရောက် လာသည်။ ယနေ့လည်း တပည့်လေးတွေ စေ့စပ်ပွဲမို့ မသွားမဖြစ် သွားရသည်။ မိုးအကုန် ဆောင်းအကူး မှာမို့ ရာသီဥတုက အအေးဓာတ် ပိုလာသည်။ အသက် လေးဆယ်ကျော် လူ တစ်ယောက်အဖို့ နံနက် စောစောမှာ ပြင်ဆင်ကာ သွားရသည်က အဆင် မပြေချင်။ နံနက်ခင်း နှင်းအေးအေးမှာ အနွေးထည် ဝတ်ကာ သွားရ သည်မှာ အဆင်ပြေ သော်လည်း နေ့လယ် နေပူပူက လူကို နွမ်းလျှစေသည်။ ကျောင်းဆရာမ အလုပ်က တနင်္လာမှ သောကြာအထိ စာသင်ရသည့် အပြင် စနေ၊ တနင်္ဂနွေလို နေ့မျိုးတွင် လူမှုရေး ကိစ္စများ ကိုလည်း သွားရ သေးသည်။ ဂုဏ်ယူစွာနှင့် လုပ်သည့် အလုပ် ဖြစ်သည့်အတွက် မညည်းညူ ခဲ့သော်လည်း အသက်အရွယ် က စကားပြော လာတော့ တစ်ခါတစ်ခါ စိတ်ညစ်မိတာ တော့ အမှန်ပင်။

ယနေ့ စေ့စပ်ပွဲက အပြန်မှာ လူကိုပိုမို ပင်ပန်း စေသည်က ရာသီဥတု ကြောင့်မက အတွေးများ သောကြောင့်လည်း ဖြစ်သည်။ မတွေးလို့ လည်းမရ တပည့်များကို ချစ်တတ်သော ကျွန်မသည် တပည့်များရဲ့ဘဝရှေ့ရေး အတွက် တွေးတော ပူပန်မိသည်။ ကျွန်မ ပူပန်သလို သူတို့မိဘ များလည်း ပူပန်ကြ ပေလိမ့်မည်။ သို့သော် ဘယ်သို့သော အခြေအနေ ကြောင့် ကလေးများကို စေ့စပ် ပေးသည် ကိုတော့ စိတ်ထဲဒွိဟ ဖြစ်မိသည်။ ကလေး နှစ်ယောက်လုံးမှာ တပည့်များ ဖြစ်ပြီး တက္ကသိုလ် ဝင်တန်း အောင်ထားပြီး သူများ ဖြစ်သည်။ ကျောင်းမပြီး သေးသည့် အရွယ်မှာပင် နှစ်ဖက်မိဘ များက စေ့စပ်ပေး ခြင်းဖြစ်သည်။ သူတို့ တက်ရ ပေအုံးမည်။ အပြော ကျယ်သည့် လောကကြီးထဲ ယခုမှ ခြေတစ်လှမ်း လှမ်းသည့် အချိန်ပင် ရှိသေးသည်။ အိမ်ထောင်ရေး ဆိုသော အချုပ်အနှောင် ထဲသို့ သက်ဆင်းခဲ့ ကြပြီ။ သူတို့ အဆင်ပြေ ကြမည်လား။ သူတို့ နှစ်ယောက် လုံးမှာ ချစ်ချစ်ခင်ခင် ပင် ပြောဆို နေကြသည်။ ကျွန်မတို့ တုန်းကထက် အဆတစ်ရာ ပွင့်လင်း ကြသည်။ ကျွန်မတို့ တုန်းကနှင့် ကွာတာတော့ အမှန်ပင်။ လူရှေ့သူရှေ့ မှာလည်း အနေအထိုင် မရဲသလို မမြင်ကွယ်ရာ လည်း သွားရန် ဝန်လေးသော ခေတ်။ ကွာတာကတော့ အတော်ပင် ကွာခြား လွန်းသည်။ ယခင်က အရွယ်လွန် အချစ်နှင့် ပတ်သက်သည့် စကားများ ခဏခဏ ကြားခဲ့ရသည်။ သုံးနှစ်သုံးမိုး ရည်းစားဖြစ်ကာ အရွယ်လွန်မှ လက်ထပ်ဖြစ် ကြသည်များ၊ လက်မထပ် ဖြစ်ဘဲ လမ်းခွဲသွားကြ သူများ ဇာတ်လမ်း များက မလတ်ဆတ်ဟု ထင်မိသည်။ ကျွန်မ ကိုယ်တိုင်လည်း သုံးနှစ်သုံးမိုး နှစ်ခါပြန် လောက်မှ လက်ထပ်ဖြစ် ခဲ့သည်။ ကျွန်မနှင့် ကိုအောင်မှာ တစ်ယောက်နှင့် တစ်ယောက် အပြန်အလှန် နားလည်မှုဖြင့် နှစ်ရှည်လများ ဖြတ်ကျော် ခဲ့သည်။ မိဘ၊ မောင်နှမ နှင့် စီးပွားရေး အကြား ဗျာများရင်း အသက် လေးဆယ်ခန့် မှ လက်ထပ်ဖြစ် ခဲ့သည်။ လက်မထပ် ခင်နှစ်များက တပည့်များ မင်္ဂလာဆောင် လာဖိတ်တိုင်း လုပ်ဖော် ကိုင်ဖက်များက ဘယ်တော့လည်း နောက်လူတွေ ကျော်တက် ကုန်ပြီဟု စတတ်ကြသည်။ ထိုအချိန်က မသိမသာ မခံချင်စိတ်လေး ရှိပေမယ့် အဆင်မပြေ နိုင်သေးတဲ့ ဘဝနှစ်ခု ပေါင်းစည်းရေး အတွက် ကျွန်မတို့ အချိန်များစွာ ယူကာ ကြိုးစားနေ ကြသည်ကို ဂုဏ်ယူမိ သည်ကတော့ အမှန်ပင်။ လူမှုရေး၊ စီးပွားရေး အပူအပင် လျော့နည်း သွားချိန်မှသာ ကျွန်မတို့ လက်ထပ်ရန် စဉ်းစားဆုံးဖြတ် ခဲ့ကြသည့် အတိုင်း ထိုအချိန် ရောက်တော့ လက်ထပ်ခဲ့ ကြသည်။ လူမှုရေး၊ စီးပွားရေး အရ ပူပန်စရာ မရှိသော်လည်း အနာဂတ် အရေးကတော့ ရတတ်မအေး ရပေ။ လက်ထပ် ခဲ့သည်မှာ နှစ်နှစ်ကျော် သုံးနှစ်ထဲ ရောက်သည့်တိုင် သားသမီးက မထွန်းကားနိုင် ဖြစ်နေသည်။ ကိုယ့်ထက် ငယ်သောသူများ၊ ကိုယ့် တပည့်လေး များ အသီးသီး အိမ်ထောင်ကျပြီး သားသမီးများ ရသွားသည့်တိုင် ကျွန်မ တို့မှာ သားသမီး မထွန်းကား နိုင် ဖြစ်နေသည်။ အကြောင်း ကတော့ အသက်ကြီးမှ အိမ်ထောင် ပြုခြင်းကြောင့် ဟု ပြောကြသည်။ အဘက်ဘက် မှ ပြည့်စုံအောင် အချိန် အကြာကြီး စောင့်ခဲ့ သော်လည်း မပြည့်စုံသည့် အချက်ကတော့ ရှိနေမြဲပင်။ အနှစ်နှစ် အလလ ချစ်ခဲ့ကြ သော်လည်း အိမ်ထောင်ဟု ခေါ်သော အဝန်းအဝိုင်း ကို ခြေချမိသည် နှင့် နားလည်မှု ဆိုသည်ကို ပိုမိုကြီးထွား အောင်သာ မွေးမြူ ရတော့သည်။

ယခင်က တွေးထင်ပြီး အဆင်ပြေ မည်ဟု ထင်ထားသည့် အရာများ က အားလုံးပြောင်းလဲ သွားတော့သည်။ ဘဝကို လက်တွေ့ ကျကျ ဖြတ် သန်း ရချိန်တွင် အားလုံး မလွယ်ကူဘူး ဆိုတာ သိမြင်လာ ရသည်။ သူတို့လည်း သိမြင်လာ ပါလိမ့်မည်။ ဒါပေမဲ့ အနည်းငယ် စောလွန်းနေ သည်ဟု ထင်မိသည်။ ယခုအခါတွင် ဆယ်ကျော်သက် အရွယ် အသက် ငယ်ငယ် နှင့် အိမ်ထောင်ပြု ကြသည်မှာ အဆန်း မဟုတ်တော့ ရိုးလို့တောင် နေပြီဟု ပြောရမလို ဖြစ်နေသည်။ ပတ်ဝန်းကျင်တွင် ကြည့်လိုက်တိုင်း အိမ်ထောင်ပြုပြီး သူက များနေသည်။ ဒါလည်း တစ်မျိုးတော့ ကောင်းသည်။ ကျွန်မတို့လို အရွယ်လွန်မှ အိမ်ထောင်ပြု သူတွေ ထက်တော့ သူတို့ သာပါလိမ့်မည်။ သူတို့၏ အနာဂတ် မျိုးဆက်များကို လည်း ထိန်းသိမ်း နိုင်ပါလိမ့်မည်။ အရွယ်လွန် သူတို့၏ ပူပန်မှုများမှ ဝေးကွာနိုင်မည် ကတော့ အမှန်ပင်။ အခက်အခဲ ဆိုသည်ကတော့ သည်လမ်းကို လျှောက်သူတိုင်း အနည်းနှင့် အများတော့ ကြုံတွေ့ ရမည်မှာ မလွဲဧကန်ပင် ဖြစ်သည်။ ကလေးများ ကိုတော့ တစ်ယောက်နှင့် တစ်ယောက် တန်ဖိုးထား၊ အလေးထား ချစ်ခင်ရန်သာ အဓိကမှာ မိသည်။

တစ်ဦးအပေါ် တစ်ဦး တန်ဖိုးထားမှု အလေးထားမှု လျော့နည်း သွားလျှင် နှစ်ယောက်အတူ လျှောက်ရမည့် လမ်းမှာ ဘယ်တော့မှ အဆင်ပြေ နိုင်မည် မဟုတ်ပေ။ အချိန် ဘယ်လောက်ကြာ သွားသည်မသိ၊ ခေါင်းမှ နာကျင် လာသဖြင့် ခေါင်းကိုမော့ လိုက်သည်။ ကိုအောင့် ပခုံးထက်မှာ မှီလျက် ကျွန်မ အိပ်ပျော် နေတာပါလား။ ခေါင်းတစ်ဖက်မှာ အချိန် အတော်ကြာ မှီထားသဖြင့် ထုထားသလို နာကျင်နေသည်။ ယခင်က အကြိမ်ကြိမ် မှီခဲ့သော သည်ပခုံးဟာ ယခုတော့ ယခင် ကလောက် မနူးညံ့တော့ ဟု ခံစား လိုက်ရသည်။ 

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...