Social Icons

Pages

Tuesday, October 7, 2014

ပြည်သူအားလုံး အနာဂတ်ဘ၀ သာယာလှပရေး


ပြည်သူအားလုံး အနာဂတ်ဘ၀ သာယာလှပရေး

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် လူဦးရေ အများဆုံး နိုင်ငံကြီး နှစ်နိုင်ငံ အကြားတွင် ရပ်တည် နေထိုင်လျက် ရှိသည်။ မြန်မာနိုင်ငံ၏ လူဦးရေသည် တစ်နေ့တခြား တိုးပွား လာလျက် ရှိသကဲ့သို့ အဆိုပါ နိုင်ငံကြီး နှစ်နိုင်ငံ သည်လည်း အရှိန်အဟုန်ဖြင့် လူဦးရေ တိုးပွားနေသည်။

မြန်မာနိုင်ငံသည် လက်ရှိတွင် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံ လူဦးရေ၏ သုံးပုံတစ်ပုံ ခန့်သာ ရှိပြီး နောင်အနှစ် ၃ဝ ကျော်သောအခါ မြန်မာနိုင်ငံ အပါအဝင် ဒေသတွင်း နိုင်ငံများ၏ လူဦးရေ တိုးနှုန်းကြောင့် နိုင်ငံအတွင်းနှင့် ဒေသအတွင်း စားနပ်ရိက္ခာ ရှားပါးမှုနှင့် လိုအပ်မှုများ မြင့်တက် လာမည် ဖြစ်သည်။

ထို့ကြောင့် လူဦးရေ တစ်နေ့တခြား တိုးတက် လာမှုကို မြော်ချင့်၍ ဆိုင်ရာ နိုင်ငံအလိုက် စားနပ်ရိက္ခာ တိုးတက် ထွက်ရှိရေး ကြိုးပမ်း ဆောင်ရွက်လျက် ရှိသည်။ ထို့ပြင် အဆိုပါ လူဦးရေ တိုးတက်မှု သည် ဒေသတွင်းနှင့် နိုင်ငံအလိုက် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ဆိုင်ရာ လိုအပ်ချက်များ၊ စိန်ခေါ်မှုများ နှင့်ပါ ကြုံတွေ့ လာနိုင်သည်ကို သတိပြု သင့်သည်။

လူဦးရေ တိုးတက် လာမှုနှင့် အတူ စားနပ်ရိက္ခာ တိုးတက် ရှာဖွေရုံ သာမက နေထိုင်မှု ပုံစံနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို အနှစ် ၃ဝ စီမံကိန်းဖြင့် ထိထိ ရောက်ရောက် ဆောင်ရွက် သွားကြမှသာ အနာဂတ် လူမှုဘဝများ သာယာ လှပမည် ဖြစ်သည်။

လူတို့၏ အရေးသုံးပါး ဖြစ်သည့် စားရေး၊ ဝတ်ရေး၊ နေရေး တွင် စားရေး ဖြစ်သည့် စားနပ်ရိက္ခာ သည် အရေးကြီး သဖြင့် အနာဂတ် အတွက် ဦးစားပေး ရသော အရေးတစ်ခု ဖြစ်လာသည်။ ယခုအခါ ပြည်တွင်း စားသုံးမှု ဖူလုံရုံ သာမက ပိုလျှံသောကြောင့် စိုးရိမ်ရဖွယ် မရှိသော်လည်း နောင်ကာလ များတွင် ဖြစ်ပေါ် လာမည့် လူဦးရေကြောင့် စားသုံးမှု အတွက် အရေးတကြီး ပြင်ဆင် ထားကြ ရမည် ဖြစ်သည်။

မြန်မာနိုင်ငံသည် ရေ၊ မြေ သဘာဝ ကောင်းမွန်မှု ကြောင့် ပြည်တွင်း စားသုံးမှု အတွက် လုံလောက်ရုံ သာမက ပိုလျှံသော ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ၊ ပြောင်း၊ ဆီထွက်သီးနှံ၊ ရော်ဘာ၊ သီဟိုဠ် စသည့် နှစ်ရှည် သီးနှံများ၊ သရက်၊ ဖရဲ၊ သခွားမွှေး စသည့် သစ်သီးဝလံများ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ နနွင်းတက်၊ ချင်းစို၊ ချင်းခြောက် စသည့် မီးဖိုချောင်သုံး ထွက်ကုန် များကို ပြည်ပသို့ တင်ပို့လျက် ရှိသည်။

မြန်မာနိုင်ငံ၏ လူဦးရေနှင့် စားနပ်ရိက္ခာ ထွက်ရှိမှုသည် အားရဖွယ် ဖြစ်သည်။ သို့သော် ဤမျှလောက်သာ မြော်တွေးပြီး ကျေနပ်နေရုံဖြင့် မပြီး၊ ထို့ထက်မက အထွက် တိုးအောင် ကြိုးပမ်း အားထုတ်မှသာ ပြည်တွင်း စားနပ်ရိက္ခာ လည်း လုံလောက် ဖူလုံကာ ပြည်ပသို့လည်း တင်ပို့ခြင်းဖြင့် တိုင်းပြည် ဝင်ငွေ တိုးစေမည် ဖြစ်သည်။

သို့ဖြစ်ရာ တစ်နေ့တခြား တိုးပွားလာသော လူဦးရေ အတွက် နောင်အနှစ် ၃ဝ အနာဂတ် ကာလအထိ မြော်တွေး တွက်ဆ ထား၍ စားနပ်ရိက္ခာ ဖူလုံရန် ပြင်ဆင် ဆောင်ရွက် ထားကြမှ သာလျှင် ပြည်သူ အားလုံး၏ အနာဂတ်ဘဝများ သာယာလှပ နေမည် ဖြစ်ပါကြောင်း ရေးသား တင်ပြ လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...