Social Icons

Pages

Friday, October 3, 2014

ရည်မှန်းချက် အောင်မြင်မှုကို ရယူ


ရည်မှန်းချက် အောင်မြင်မှုကို ရယူ

အလုပ်တစ်ခု လုပ်ကိုင်ရာတွင် အောင်မြင်စွာ လုပ်ကိုင် ရေးသည် အရေးကြီး၏။ မည်မျှပင် ကြိုးစား လုပ်ကိုင် စေကာမူ အောင်မြင် ပြီးမြောက်ခြင်း မရှိလျှင် အလုပ် လုပ်သည်ဟု မမည်၊ တစ်ခုသော အတိုင်းအတာ အထိပြီးစီး နိုင်ပါမှ အလုပ် လုပ်သည်ဟု ဆိုနိုင်၏။ ဤသည်ကား ရူပဗေဒ ပညာရှင် တို့၏ အယူအဆ ဖြစ်သည်။

အလုပ်တစ်ခု အောင်မြင်စွာ လုပ်ကိုင် နိုင်ရန် အဓိက အချက် (၃)ချက် ရှိသည်။ ၄င်းတို့မှာ အလုပ်တစ်ခုခု အပေါ် ထိုးထွင်းကြံဆ လုပ်ကိုင်ခြင်း၊ တက်ကြွစွာ လုပ်ကိုင်ခြင်း နှင့် စွမ်းအား ရှိသမျှ အားကုန် ထုတ်လုပ် ကိုင်ခြင်းတို့ပင် ဖြစ်၏။ ဤ သုံးချက်သည် အလုပ် တစ်ခုကို အောင်မြင်စွာ လုပ်ကိုင် နိုင်သော အချက်များဟု ဆိုထိုက်သည်။

အလုပ်တစ်ခု လုပ်ကိုင်မည် ဆိုလျှင် ထိုးထွင်းကြံဆ ဆောင်ရွက်ခြင်း သည် အရေးကြီးသည်။ ထိုးထွင်း ကြံဆမှု မပါဘဲ သမားရိုးကျ လုပ်ကိုင် နေခြင်းဖြင့် အခက်အခဲ များကို ကျော်လွှား နိုင်မည် မဟုတ်ပေ။ တစ်ခါတစ်ရံ တွင် အလုပ်သည် မချောမွေ့ဘဲ အခက်အခဲများ တွေ့ရ တတ်သည်။ ထိုအခါ ထိုးထွင်း ကြံဆ၍ လုပ်ကိုင် ခြင်းဖြင့် အခက်အခဲ များကို ကျော်လွှား၍ လုပ်ငန်း အောင်မြင် နိုင်သည်။

ထို့အတူ တက်ကြွစွာ လုပ်ကိုင် ခြင်းလည်း လိုအပ်သည်။ တက်တက် ကြွကြွ လုပ်ကိုင်ရမည့် အလုပ်ကို နှေးကွေးစွာ လုပ်ကိုင် နေမည်ဆိုပါက အချိန်မီ ပြီးစီးရမည်ဆိုသည့် ကန်သတ်မှုကို ကျော်လွှား နိုင်မည် မဟုတ်ဘဲ လုပ်ငန်း ဆုံးရှုံးပျက်စီး နိုင်သည်။ တစ်နည်း အားဖြင့် ဆိုရပါမူ အချိန်ဆွဲ လုပ်ကိုင် နေခြင်းသည် လုပ်ငန်း အောင်မြင်မှုကို လျော့နည်း စေသည်။

တစ်ဖန် အလုပ်လုပ် ကိုင်ရာတွင် စွမ်းအားရှိသမျှ အားကုန်ထုတ် လုပ်ကိုင်ရန် လိုသည်။ တစ်ချက်တည်း၊ တစ်ခါတည်း လုပ်ကိုင်၍ ပြီးစီးမည့် လုပ်ငန်းကို အားမထည့်ဘဲ အကြိမ် ၁ဝဝ လုပ်ကိုင် နေခြင်းဖြင့် အလုပ်မပြီး နိုင်ပေ။ ထို့ကြောင့် အလုပ်လုပ် ကိုင်ရာတွင် ကိုယ်စွမ်း၊ ဉာဏ်စွမ်း ရှိသမျှ အားကုန်သုံး အားထည့်၍ လုပ်ကိုင်ရန် လိုသည်။

ထို့ကြောင့် လုပ်ငန်းတစ်ခု အောင်မြင်ရန် ထိုးထွင်းကြံဆ လုပ်ကိုင်ခြင်း၊ တက်ကြွစွာ လုပ်ကိုင် ခြင်း နှင့် ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသမျှ လုံ့လဝီရိယ စိုက်ထုတ် လုပ်ကိုင်ခြင်း တို့သည် အထူး လိုအပ်ပြီး ဘဝတိုးတက် အောင်မြင် လိုသူတို့ ရှိရမည့် အရည်အချင်း လည်း ဖြစ်သည်။

သို့ဖြစ်ရာ ထိုအချက်များ နှင့်အညီ လုပ်ကိုင်သွား သူတို့သည် အခက်အခဲအကျပ်အတည်းများ ကို ကျော်လွှား၍ အောင်မြင်မှုကို ရယူ နိုင်မည်ဖြစ်ရာ ယနေ့ကာလ ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေး တွင်လည်း ပြည်သူများ အနေဖြင့် ထိုးထွင်းဉာဏ် ဖြင့် ကြံဆ၍ တက်ကြွစွာ လုပ်ကိုင်ကာ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ အားကုန်ထုတ် လုပ်ကိုင်၍ ရည်မှန်းချက် အောင်မြင်မှု ကို ရယူသွားကြ ရမည် ဖြစ်ပါကြောင်း အကြံပြု ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...