Social Icons

Pages

Thursday, October 16, 2014

မလုပ်တတ်တော့ဖား ... မစားတတ်တော့ခါး


မလုပ်တတ်တော့ဖား ... မစားတတ်တော့ခါး

မောင်သင်းထုံ (ကျောက်မဲ)

လူကြီးတွေ ကတော့ ပြောကြ ပါတယ်။ အလုပ် တစ်ခုကို လုပ်ရမှာ ပျင်းနေတယ် ဆိုရင် အဲဒီအလုပ်ကို ပြီးအောင် ကစားတဲ့ပုံစံနဲ့ လုပ်လိုက်ပါ တဲ့ စိတ်ထဲမှာက ငါကစား နေတာပါလား ဆိုတဲ့ ပုံစံနဲ့ လုပ်တော့ အဲဒီ လုပ်ရမှာ ပျင်းနေတဲ့ အလုပ်ကြီးဟာ အလွယ်တကူနဲ့ ပြီးသွားခဲ့ ရောတဲ့။ ဒါဟာ မှတ်သား စရာပါ။

မလုပ်တတ်တော့ ဖား ဆိုတာ ဒီနေရာမှာ မောတာ ပင်ပန်းတာကို ပြောတာပါ။ အညာဒေသ ရဲ့ အသုံးအနှုန်းပါ။ အလုပ်တွေ လုပ်လိုက်ရ တာကွာ လူကိုယ် တစ်ခါတည်း ဖား သွားတာပဲ ဆိုရင် ပင်ပန်းတာကို ပြောတာပါပဲ။ အလုပ်လုပ် ရင်တော့ လူဆိုတာ ပင်ပန်းမှာ မောမှာ ပါပဲ။ အညာ ဒေသလို ပူပြင်းတဲ့ အရပ်ဆိုရင် လူတွေ ပိုလို့တောင်မှ ပင်ပန်းကြ ပါလိမ့် အုံးမယ်။ ဒါပေမဲ့ ဝမ်းစာရေး ဆိုတော့ မလုပ်လို့မှ မရတဲ့ဟာ နေပူစပ်ခါး ထဲမှာလဲ ဖြစ်ပြန်တော့ ပင်ပန်းမှာ ကတော့ သေချာတယ်။ ဒီလိုပင်ပန်း တာကို သက်သာအောင် စိတ်နဲ့ ဘယ်လိုလုပ် ကုစားကြ မလဲ။

ဥပမာ ဆိုပါတော့ ကိုယ့်ရှေ့က ဧကဝက်လောက် ရှိတဲ့ မြက်တောကို သီးနှံစိုက်ဖို့ မဖြစ်မနေ ရှင်းရမယ် ဆိုပါတော့။ ခက်တာက ကိုယ့်မှာ ကူဖော် လောင်ဖက် ကမရှိ။ တစ်ခုတော့ ရှိရဲ့ ဒီအလုပ်က ကိုယ်ပိုင် အလုပ်မို့ ကန့်သတ်ချက် မရှိဘူး ပြီးအောင်ပဲ ရှင်းဖို့လိုတာ ဆိုရင် အဲဒီမြက်တော တစ်ခုလုံးကို ဦးတိုက် အနေအထား ရှင်းသွားမယ့် အစား ကိုယ် လက်လှမ်းမီ သလောက် မြက်ခင်းရဲ့ ဘေးအနား တစ်လံလောက် ဆီကိုပဲ ဦးတိုက်ရှင်း ကြည့်ပါလား။ ကိုယ့်လုပ်အားရဲ့ ထိရောက်မှုကို ပြန်ပြန် မြင်ရတော့ လုပ်ရတာ အားရှိတာပေါ့။ တစ်ခါ ကျန်တဲ့မြက်ခင်း ဧရိယာကလဲ အလယ်မှာပဲ ခပ်ကျဉ်းကျဉ်း ကျန်တော့ တာကို ကြည့်ပြီး အလုပ်ပြီး ခါနီးလေ အားပိုရှိ လာလေ ဖြစ်ရတာပေါ့။ တကယ်က လုပ်ငန်း လုပ်ရတာချင်း က အတူတူ ပါပဲ။ စိတ်ပေါ့လေ။

မစားတတ်တော့ ခါး တဲ့။ အခါးဓာတ် ပါတဲ့ အသီးအရွက် တွေက လေရောဂါ၊ အစာအိမ်၊ သွေးတိုး၊ ဆီးချိုလို ရောဂါတွေ ပျောက်တော့ ဆေးဝါး ဓာတ်စာအဖြစ် မဖြစ်မနေ စားကြရ ပါရော့လား။ ကြက်ဟင်းခါးသီး ဆိုတာ ဆီးချိုသမား တွေအတွက်က ဆေးဝါး ဓာတ်စာပါ။ သူ့ချည်း ကြော် ချက် စားကြည့်ပါလား။ အခါးမကြိုက် သူတွေအတွက် ဘယ်လိုမှကို စားမရ နိုင်ပါဘူး။ ဒီတော့ ကြက်ဟင်းခါးသီး ကို လှီး၊ ဆား နဲ့နယ် ပြီးဆေး၊ ပုစွန်ခြောက်၊ အဆာပလာ တွေနဲ့ ထည့်ချက်တော့ ခါးသင့် သလောက် မခါးတော့ဘူး။ စားရတဲ့ အတွက် လူမှာ ဆေးဝါးလဲဖြစ် စားတတ်တော့ မခါးတော့ ပါဘူး။

တလောက စာစောင် တစ်ခုထဲမှာ စိတ်မဆိုး နနွင်းဆေးတိုက် က ကြော်ငြာတဲ့ ဆေးတစ်မျိုး ထဲမှာ သင်္ဘောရွက်ဆေး ဆိုတာ ပါလာ ပါတယ်။ သင်္ဘောရွက် ဆိုတာက အင်မတန် ခါးတူးလန် နေတာမို့ ဘယ်လိုမှ စားလို့ မရတဲ့ အရွက်ပါ။ သွေးတိုးသမား တွေအတွက် လမ်းညွှန်က သင်္ဘောရွက် စားပေး ရမယ်။ ရှောက်သီး စားပေး ရမယ်။ ဆင်တုံးမနွယ် စားပေးရမယ်။ အဲဒီ အခါးဓာတ်ပါတဲ့ အစားအစာ တွေကို အလှည့်ကျ စားပေး သင့်တယ်လို့ ပါပါတယ်။ ရှောက်သီးသုပ်၊ ရှောက်ရွက် အတို့ အမြှုပ်လဲ စားပေးသင့်တယ်လို့ သိရပါတယ်။

ကျန်းမာရေး အတွက် လေအတွက် ကောင်းတယ် ဆိုလို့ အိမ်က သင်္ဘောရွက်ကို ထမင်းစားတဲ့ အခါ ငါးပိချက်နဲ့ တို့မြှုပ် စားကြည့် ပါတယ်။ ခါးတူးလန် နေတာမို့ လူကို စိတ်ညစ်သွားရဖူး ပါတယ်။ စိတ်မဆိုး နနွင်းဆေးတိုက် ကတော့ နနွင်းဟာ ကင်ဆာရောဂါ တောင်မှ ပျောက်ဆိုပါလား။ ဥပမာ သင်္ဘောရွက် ကရော ဘာရောဂါ အတွက် ကောင်းတာတဲ့လဲ။ တလောကတော့ မိတ်ဆွေ တစ်ယောက်က လမ်းညွှန်လို့ သင်္ဘောရွက် အစိမ်းကို လက်ဖက်သုပ် နဲ့ ရောစားကြည့် ပါတယ်။ မခါးဘူး။ စားလို့ ရပါတယ်။ ဒါဟာ စားတတ်လို့ မခါးတာပါ။

ကျောင်းသား၊ ကျောင်းသူတွေ၊ ကျောင်းစာ၊ ကျူရှင်စာ တွေနဲ့ လုံးပန်း နေကြ၊ နေ့လယ်နေ့ခင်း အချိန် ထမင်းစားပြန်၊ အိမ်နဲ့ ကျောင်းကလဲ ဝေး၊အရေးထဲ နေကပူ၊ မဖြစ်မနေ လမ်းလျှောက် သွားရမှာ ဆိုရင် ဘယ်လိုလုပ်ကြ မလဲ။ မလုပ်တတ် တော့ဖား၊ မစားတတ်တော့ ခါးဆိုတဲ့ စကားအတိုင်း ဆိုရင်တော့ အကြံဉာဏ် တစ်ခု ပေးလိုက်ပါတယ်။ အိမ်ကနေ ကျောင်းကို အလွယ်တကူ နဲ့ မြန်မြန် ရောက်အောင် သွားဖို့က ပါးစပ်ကနေ မြူးကြွတဲ့ သီချင်းတစ်ပုဒ် လောက်ဆိုရင်း အပြေးလေး သွားလိုက်ပါ။ သွားတတ်ရင် မြန်မြန် ရောက်တာပေါ့။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...