Social Icons

Pages

Wednesday, October 1, 2014

သက်ကြီးရွယ်စုံ မြှင့်တင်ဖို့ အားလုံးပါဝင် ဆောင်ရွက်စို့


သက်ကြီးရွယ်စုံ မြှင့်တင်ဖို့ အားလုံးပါဝင် ဆောင်ရွက်စို့

၂ဝ၁၄ ခုနှစ် အောက်တိုဘာ ၁ ရက် ယနေ့သည် အပြည်ပြည် ဆိုင်ရာ သက်ကြီး ရွယ်အိုများနေ့ ဖြစ်သည်။ ယခုနှစ် အပြည်ပြည် ဆိုင်ရာ သက်ကြီး ရွယ်အိုများနေ့ ၏ဆောင်ပုဒ်မှာ ''သက်ကြီးရွယ်စုံ မြှင့်တင်ဖို့၊ အားလုံးပါဝင် ဆောင်ရွက်စို့'' ဖြစ်သည်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် တွင် စုစုပေါင်း လူဦးရေ၏ ၉ ဒသမ ၁ ရာခိုင်နှုန်းသည် အသက် ၆ဝ နှင့်အထက် သက်ကြီး ရွယ်အိုများ ဖြစ်သည်။ နိုင်ငံတော်တွင် သက်ကြီးရွယ်အို စောင့်ရှောက်ရေး လုပ်ငန်းကို ၁၉၉၈ ခုနှစ်မှ စတင် ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် ဘိုးဘွားရိပ်သာ ၆၅ ခုရှိပြီ ဖြစ်သည်။ နိုင်ငံတော်  အစိုးရသည် သက်ကြီးရွယ်အို စောင့်ရှောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာ၌ ရိပ်သာများကို အဆင့်မြှင့်တင် ပေးခြင်း၊ ရိပ်သာများ အတွက် ထောက်ပံ့ ပေးခြင်း၊ ပြည်တွင်း လူမှုရေး အဖွဲ့အစည်း များနှင့် ပူးပေါင်း၍ အိမ်တိုင် ရာရောက် သက်ကြီးရွယ်အို စောင့်ရှောက်ရေး လုပ်ငန်းများ ဆောင်ရွက် ပေးလျက် ရှိသည်။

ထို့အပြင် သက်ကြီးရွယ်အို ဆိုင်ရာ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး နှင့် အသက်ကြီးသူ အချင်းချင်း ကူညီ စောင့်ရှောက်ရေး အဖွဲ့များ ဖွဲ့စည်း၍ စောင့်ရှောက်ရေး လုပ်ငန်းများ ဆောင်ရွက် ပေးခြင်း၊ သက်ကြီးရွယ်အို များ နေ့အချိန် စောင့်ရှောက်ရေး လုပ်ငန်းများ ဆောင်ရွက် ပေးခြင်းတို့ဖြင့် စောင့်ရှောက်လျက် ရှိသည်။

ယခု ဆောင်ရွက် နေသော သက်ကြီးရွယ်အို စောင့်ရှောက်ရေး လုပ်ငန်းများသည် နိုင်ငံတော်တွင် ရှိသော သက်ကြီးရွယ်အို ၄ ဒသမ ၅ သန်းကျော်ကို အားလုံး စောင့်ရှောက် နိုင်သည့် အနေအထား ရှိမည် မဟုတ်သေးပါ။ သက်ကြီးရွယ်အို များသည် ဘိုးဘွားရိပ်သာ များ၌ နေထိုင်လျက် ရှိသူများ ရှိသကဲ့သို့ မိသားစုနှင့် အတူ နေထိုင်သူ များလည်း ရှိကြသည်။ မိသားစုနှင့် အတူ နေထိုင်လျက် ရှိကြသူများမှ မပြည့်စုံသော ဘိုးဘွားတို့က အများစုဖြစ်သည်။

၂ဝ၁၃ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက် ခဲ့သော အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အို များနေ့ ဆောင်ပုဒ်မှာ ''သက်ကြီးရွယ်အို ပြောစကား၊ တို့လိုချင်တဲ့ အနာဂတ်များ'' ဖြစ်သည်။ ဤ ဆောင်ပုဒ်သည် မြန်မာမှု နယ်ပယ်တွင် ''ပညာရဲရင့် ပွဲလယ်တင့်'' ဆိုသော ရှေးလူကြီး သူမများ သွန်သင် ခဲ့ကြသည်ကို နှောင်းလူ တို့ မှတ်သား လိုက်နာကြ ရမည့် အဓိပ္ပာယ်ပင် ဖြစ်သည်။ ပညာရဲရင့် ပွဲလယ်တင့် ဟူသော ဆိုရိုး စကားသည် အင်းဝခေတ် စာဆို ရှင်မဟာ ရဋ္ဌသာရ ရေးဖွဲ့ခဲ့သည့် ကိုးခန်းပျို့တွင် ''ပထမအရွယ်၊ ငယ်သော် ကတည့်၊ သိပ္ပ ခေါင်အား၊ တတ်မြောက် မြားမူ၊ တောသား ရန်အောင်၊ ခြင်္သေ့ယောင်သို့၊ မရှောင်မညှာ၊ တင်းတင်းမာ၍၊ ပညာရဲရင့် ပွဲလယ်တင့် လိမ့်''ဟု စပ်ဆို ထားသည်မှာ ပညာရပ်တစ်ခုကို ကျွမ်းကျင်စွာ တတ်မြောက် ထားပါက ပရိသတ် အလယ်တွင် ရဲရင့် တင့်တယ်ပုံကို တောတွင်း တိရစ္ဆာန်တို့၏ အရှင်သခင် ခြင်္သေ့မင်း၏ ရဲရင့်ပုံနှင့် ဥပမာခိုင်းနှိုင်းပြခဲ့သည်။

( အယ်ဒီတာ့အာဘော် )

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...