Social Icons

Pages

Saturday, September 27, 2014

သွေးတိုးရောဂါ ဖြစ်ရခြင်း အကြောင်းရင်း


သွေးတိုးရောဂါ ဖြစ်ရခြင်း အကြောင်းရင်း

ကြည်မြင့်လွင် (မုဒြာ)

လူ့သက်တမ်း တိုစေသော အကြောင်း အမျိုးမျိုး တို့တွင် သွေးတိုးရောဂါ သည် ထိပ်ဆုံးမှ ပါဝင်သည်။ သွေးတိုးခြင်း၏ နောက်ဆက်တွဲ အဖြစ် လေဖြတ်ခြင်း ရောဂါကြောင့်ပင် ကမ္ဘာပေါ်တွင် လေးစက္ကန့် တိုင်းတွင် လူတစ်ဦး မသန်မစွမ်း ဘဝသို့ ရောက်လျက် ရှိသည်ဟု ဆိုသည်။ 

သွေးတိုးကြောင့် လေဖြတ်ပြီး ဦးနှောက် သွေးကြော ပြတ်ကာ အသက် သေဆုံးရ သူများရှိသည်။ အသက်မသေ သူများ မှာလည်း ပကတိ ပြန်ကောင်းသူ အလွန်ရှားသည်။ ကျန်ရှိသော ဘဝ တစ်လျှောက်လုံး မသန်မစွမ်း ဘဝဖြင့် နေသွား ရသဖြင့် သွေးတိုးရောဂါ သည် အလွန် ကြောက်စရာ ကောင်းသော ရောဂါ ဖြစ်သည်။

သွေးတိုးအကြောင်း ပြောရလျှင် မျိုးရိုးကြောင့် ဖြစ်သော သွေးတိုးရောဂါ အကြောင်း အရင်ဦးဆုံး ပြောရမည် ဖြစ်သည်။ ကံကြောင့် ဖြစ်သော သွေးတိုးဟုလည်း ဆိုနိုင်ပေသည်။ မျိုးရိုးလိုက် ဝသူများတွင် ပို၍ တွေ့ရသည်။အချိုရှောင်၊ အငန်ရှောင်၊ အနေအထိုင် ဆင်ခြင်၊ အစားအသောက် ဆင်ခြင်၊ စိတ်သောက မများအောင် ဆင်ခြင်ခြင်း ဖြင့်သာ လေဖြတ်ခြင်းမှ ကာကွယ်ပြီး အသက်ရှည်ရှည် နေနိုင်မည် ဖြစ်သည်။ လမ်းလျှောက်ခြင်း၊ အဆီကျအောင် ကြိုးစားခြင်း၊ အပူအအေး မျှတအောင် နေထိုင်ခြင်းဖြင့် သက်တမ်းစေ့ နေနိုင်သည်။

ကမ္ဘာပေါ်ရှိ လူမျိုးများစွာတွင် အငန် စားသုံးမှု အများဆုံးကို သုတေသန ပြုကြည့်ရာ မြန်မာလူမျိုး များသည် ဒုတိယ လိုက်သည်ဟု ဆိုသည်။ ဟင်းခတ်ဆား အလွန်အကျွံ သုံးစွဲမှုကို လေ့လာ သောအခါ တွင်လည်း ဒုတိယ ဆားအစားဆုံး လူမျိုး ဖြစ်သည်ဟုဆိုသည်။ စားသုံး သည့် ရိုးရာဓလေ့ အစားအစာ များမှာလည်း ငါးပိ၊ ငါးခြောက် စသည့် ဆားများစွာဖြင့် နှပ်ထားသော အစာမျိုး ဖြစ်သည်ကို တွေ့ရ ပြန်သည်။

မြန်မာနိုင်ငံတွင် လေဖြတ်မှုနှုန်းကို ဆန်းစစ် ကြည့်သောအခါ ငါးပိ၊ ငါးခြောက် ထွက်သော ဧရာဝတီတိုင်း ဒေသကြီးတွင် အများဆုံး ဖြစ်သည်ဟု မြန်မာတိုင်းမ် သတင်းစာကြီး တွင် လွန်ခဲ့သော ငါးနှစ်ခန့်က ဖတ်လိုက ရဖူးသည်။ ဆားသည် လူသားနှင့် တိရစ္ဆာန်များ တွင် မရှိမဖြစ် လိုအပ်သော အာဟာရမျိုး ဖြစ်သည်။ ဘုရားရှင် လက်ထက်ကပင် တောထဲတွင် တရားအားထုတ် ကြသော ရသေ့ရဟန်း များသည် ဆား အလှူခံရန် သပိတ်ဖြင့် လူများရှိရာ အရပ်သို့ တစ်နှစ်တစ်ကြိမ် ကြွလာရသည် ဟု ဆိုသည်။ တောတွင်းရှိ တိရစ္ဆာန် များမှာ ဆားကျင်းရှိရာ မြေကြီးသို့ လာရောက် တူးဆွပြီး ဆားစားကြ သည်ဟု ဆိုသည်။

လူ၏ ခန္ဓာကိုယ်ရှိ ကြွက်သား မှန်သမျှ နှလုံးကြွက်သား အပါအဝင် ဆားဓာတ်ဖြင့် အလုပ်လုပ် ရသည်ဟု ဆိုသည်။ အားကစား သမားများ ချွေးထွက်လွန်ပြီး ဆားဓာတ် ဆုံးရှုံးသော အခါ ကြွက်တက် တတ်သည်။ ထိုအခါ ဆားကို ရေဖျော်ပြီး ချက်ချင်း တိုက်ပေးလျှင် ကြွက်တက် သက်သာသည်။ အချို့ သွေးတိုး နှလုံးရောဂါ ရှိသူများ ဆားကိုရှောင်လွန်း လျှင်လည်း ညအိပ်ရာ ဝင်ချိန် အိပ်ရာထဲတွင် ကြွက်တက် တတ်သည်ကို တွေ့ရသည်။

ဆားနှင့် အငန်ဓာတ်သည် လူ့ခန္ဓာကိုယ် လိုအပ်ချက် ဖြစ်သဖြင့် ရှောင်လွန်း လျှင်လည်း မကောင်း၊ စားလွန်း လျှင်လည်း မကောင်းပေ။ ဆားရှောင် ပါသည်ဆို သူများသည် ဟင်းခတ်မှုန့်များ သုံးစွဲပြီး ဟင်းအရသာ ကောင်းအောင် ချက်ကြသည်။ ထို ဟင်းခတ်မှုန့်သည် အရသာ ချိုစေသော်လည်း မူလ အရင်းခံမှာ ဆားများသာ ဖြစ်ကြောင်း သတိမမူ မိကြပေ။ အချိုမှုန့်နှင့် ဟင်းခတ်မှုန့် သုံးစွဲသော နေရာတိုင်းတွင် သွေးတိုးရောဂါ ရောက်ရှိ လာသည်ကို သတိပြုကြဖို့ လိုသည်။

သွေးတိုးရောဂါ ဘေးမှ ကင်းဝေးလို သူတိုင်း အငန်ဓာတ် နှင့် ဆားကို ရှောင်သကဲ့သို့ အချိုမှုန့်၊ ဟင်းခတ်မှုန့် တို့ကိုလည်း ရှောင်ကြဉ်ဖို့ လိုသည်။ တစ်နေ့လျှင် ဇွန်းတစ်ဝက် စာမျှဖြင့် ခန္ဓာကိုယ် အတွင်းသို့ တစ်နှစ်ကြာလျှင် ရောက်ရှိမည့် ဟင်းခတ် အချိုမှုန့် ပမာဏကို တွက်ဆ ကြည့်လျှင် သွေးတိုးရောဂါ အတွက် ရှောင်ကြဉ် သင့်သည်ကို ဆင်ခြင် နိုင်ပေ လိမ့်မည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...