Social Icons

Pages

Wednesday, September 17, 2014

စားနပ်ရိက္ခာဖူလုံရေး ခေတ်မီစိုက်ပျိုး မွေးမြူရေးကို မြှင့်တင်


စားနပ်ရိက္ခာဖူလုံရေး ခေတ်မီစိုက်ပျိုး မွေးမြူရေးကို မြှင့်တင်

၁၉၈၈ ခုနှစ်က မြန်မာနိုင်ငံ၏ လူဦးရေသည် ၂၂ သန်း ရှိခဲ့ရာမှ ၂ဝ၁၄ ခုနှစ်တွင် လူဦးရေ ၅၁ သန်းကျော် ရှိပြီ ဖြစ်သဖြင့် ၂၆ နှစ်တာ ကာလအတွင်း လူဦးရေ ၂၉ သန်း တိုးလာ ခဲ့သည်။ လူဦးရေ တိုးတက်လာမှု နှင့်အတူ စားနပ်ရိက္ခာ ထုတ်လုပ်မှု၊ လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်မှု လုပ်ငန်းများ အကောင် အထည်ဖော် ရေးအတွက် မြေယာ လိုအပ်ချက် ပိုမိုများပြား လာခဲ့သည်။ ဤ လိုအပ်ချက် များကို ဖြည့်ဆည်းရန် ရာသီဥတု ပြောင်းလဲမှု ကြောင့် ဖြစ်ပေါ် လာသော ဆိုးကျိုးများက စိန်ခေါ်မှုများ အဖြစ် ကြုံတွေ့ နေရသည်။

ရာသီဥတု ပြောင်းလဲမှု အပြည်ပြည် ဆိုင်ရာ ရာသီဥတု လေ့လာ ဆန်းစစ်ရေး အဖွဲ့ ( IPCC ) သည် ကမ္ဘာကြီး ပူနွေးလာမှု အခြေအနေကို ၂ဝ၁၃ ခုနှစ် ပဉ္စမအကြိမ် ဆန်းစစ်၍ အစီရင်ခံစာ ထုတ်ပြန်ခဲ့ရာ ကမ္ဘာ့ မြေမျက်နှာပြင် သည် လွန်ခဲ့သော ဆယ်စုနှစ် သုံးခုအတွင်း နှစ်စဉ်ပိုမို ပူနွေး လာခဲ့သည်မှာ ၁၈၅ဝ ပြည့်နှစ် မတိုင်မီ ကာလများ ကထက် သာလွန်ကြောင်း ဖော်ပြ ထားသည်။ ကမ္ဘာကြီး ပူနွေးလာမှု၏ နောက်ဆက်တွဲ ဆိုးကျိုးအဖြစ် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အရှိန်အဟုန် လျော့နည်း ကျဆင်းခြင်း နှင့် လွန်ကဲသော ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်များ ဖြစ်ပေါ်လာ ခြင်းကြောင့် ကမ္ဘာ့ပြည်သူ များ၏ ရည်မှန်းချက် ဖြစ်သော စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှု ကို နှောင့်နှေး စေခဲ့သည်။

မြန်မာနိုင်ငံတွင် သဘာဝ ဘေးအန္တရာယ် ကြိုတင် သတိပေး စနစ်များနှင့် ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံရေး အတွက် ရာသီဥတုဒဏ် ခံနိုင်သည့် သီးနှံများ စိုက်ပျိုး ထုတ်လုပ်ရေး တို့ကို အလေးထား ဆောင်ရွက်လျက် ရှိသည်။ ယခုနှစ် ရာသီဥတု ဖောက်ပြန်မှု ကြောင့် ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် မောက်မယ်မြို့နယ် တွင် မိုးဦး ရွာသွန်းမှု နောက်ကျသဖြင့် မိုးကြိုနှမ်း စိုက်ပျိုးရေး မအောင်မြင်သည့် နေရာများ၌ ရာသီဥတု နှင့် ကိုက်ညီသော စီပီ ပြောင်းများ အစားထိုး စိုက်ပျိုးကြရာ ဖြစ်ထွန်း အောင်မြင်ကြောင်း သိရသည်။

မွေးမြူရေး ကဏ္ဍတွင် ဒေသနှင့် ကိုက်ညီသော မွေးမြူရေး လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်ရန် စီစဉ်ပေးခြင်း နှင့် မွေးမြူရေး အစာစပ် နည်းပညာ ပြန့်ပွားရေး တို့ကိုပါ မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန က စီစဉ် ဆောင်ရွက် ရာတွင် ပြည်တွင်း ပြည်ပ အကူအညီများ ရယူ အကောင် အထည်ဖော်လျက် ရှိသည်။ ရေသယံဇာတ အသုံးချရေး တွင် ငါးမျိုး မပြုန်းတီး စေရန် မြစ်ချောင်း အင်းအိုင်များ နှင့် ဆည်များ အတွင်း ငါးမျိုးများ စိုက်ထည့်ခြင်း၊ စပါးခင်း အတွင်း ငါးမျိုးများ စိုက်ထည့်ခြင်း နှင့် ငါးပုစွန် မွေးမြူရေး လုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးရေး တို့ကို နိုင်ငံတော် အစိုးရနှင့် ပြည်သူတို့ ပူးပေါင်း ဆောင်ရွက်လျက် ရှိသည်။

မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနသည် ကုန်းတွင်းပိုင်း ရေချို ငါးမွေးမြူရေး လုပ်ငန်းများ ပိုမိုဖွံ့ဖြိုး စေရန် ဆောင်ရွက် ရာတွင် စစ်ကိုင်းတိုင်း ဒေသကြီး တမူးခရိုင် အတွင်း ငါးမွေးမြူရေး လုပ်ငန်း များ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် အခြေခံ ငါးမွေးမြူရေး သင်တန်းကို စက်တင်ဘာ ၂ ရက်မှ ၆ ရက်အထိ ခမ်းပတ် မြို့နယ်ခွဲ ၌ ဖွင့်လှစ်၍ သင်တန်းသား ၂ဝ ဦးတို့အား သင်ကြား ပေးခဲ့သည်။

သို့ဖြစ်၍ ဆင်းရဲမှု လျော့နည်း ပပျောက်ရေး နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု တို့ကို အကောင် အထည်ဖော် ကြရာ၌ နိုင်ငံတော် အစိုးရနှင့် ပြည်သူတို့သည် လိုလျှင်ကြံဆ နည်းလမ်းရ ဆိုရိုးစကား ကို အမြဲမပြတ် နှလုံးသွင်း ကာ စားနပ်ရိက္ခာ ဖူလုံရေး အတွက် ရာသီဥတုဒဏ် ခံနိုင်သည့် ခေတ်မီ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းတို့ကို မြှင့်တင် ကြရမည် ဖြစ်ပေသည်။ ။

(အယ်ဒီတာ့အာဘော်)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...