Social Icons

Pages

Sunday, September 21, 2014

အညာက တမာ



အညာက တမာ

ဇေယျတု (မကွေး)

တစ်စုံတစ်ယောက် ရောဂါဝေဒနာ တစ်ခုခု ခံစား နေရသည်ကို တွေ့လျှင် ''ဘာဆေးလေး သောက်ကြည့်ပါလား၊ ဘာဆေး ကဖြင့် ဘယ်လို ကောင်းတာ'' စသည်ဖြင့် ကျွန်တော်တို့ အကြံပေး ခဲ့ဖူးကြ ပါလိမ့်မည်။ ဘိုးဘွား မိဘ နှင့် မိတ်ဆွေများ ထံမှ နှုတ်ဆင့်ကမ်း၊ လက်ဆင့်ကမ်း အကြားအမြင် လေးများကို မနေနိုင်၊ မထိုင်နိုင် ဝေမျှဖူးကြ ပါလိမ့်မည်။ ဤသည် ပင်လျှင် မြန်မာတို့၏ ကရုဏာ သက်ဝင်စိတ်ဖြင့် လက်ဆင့်ကမ်း သယ်ဆောင် လာခဲ့ကြသော ယဉ်ကျေးမှု ဓလေ့စရိုက် တစ်ခုလည်း ဖြစ်ပေသည်။ စာရေးသူသည် ပညာရှင် တစ်ဦး မဟုတ်သော်လည်း မနေနိုင်၊ မထိုင်နိုင် မေတ္တာ စိတ်ယိုင် တတ်သော မြန်မာမျိုးနွယ် တစ်ဦး ဖြစ်သောကြောင့် ကြားမြင် သိရှိ ဖတ်ဖူးသမျှ ဆေးသစ်ပင် တစ်ပင် အကြောင်း တင်ပြ လိုက်ရ ပါသည်။

မြန်မာအမည် တမာဟု ခေါ်၍ မျိုးရင်း ( Meliaceae ) ရုက္ခဗေဒ အမည် Azadiraceta indica A.Juss ဟူသော သစ်ပင်သည် သဘာဝ အလျောက် ပေါက်ရောက် တတ်ပြီး မြန်မာနိုင်ငံ အထက်ပိုင်း နှင့် အပူပိုင်း ဒေသများတွင် ပေါက်ရောက် ကြသည်။ အမြဲစိမ်း သစ်ပင်မျိုး ဖြစ်၍ အခေါက်မှာ မွဲပြာရောင် ရှိကာ ကြမ်းတမ်းသည်။ အရွက်မှာ ထိပ်ချွန်၍ ရွက်ရင်း သွယ်သည်။ ရွက်နားများမှာ ခွေးသွားစိပ်ပုံ ရှိသည်။ တမာသီးမှာ နုစဉ် စိမ်း၍ မှည့်သောအခါ အဝါရောင် ပြောင်းသွားသည်။ တမာသီးတွင် အစေ့ တစ်စေ့သာ ပါရှိပြီး အစေ့မှာ အနီဖျော့ရောင် ရှိသည်။ ကဆုန်၊ နယုန်လ တို့တွင် အသီးသီးသည်။ တမာပွင့်သည် တပေါင်းလမှ ကဆုန်လ အတွင်း ပွင့်တတ်ပြီး သေးငယ်သော ဖြူဝါရောင် အပွင့်များ ဖြစ်သည်။

မြန်မာ့ရိုးရာ တိုင်းရင်းဆေး ပညာအရ အပွင့်၊ အရွက်၊ အသီး၊အစေ့၊ အခေါက်၊ အရိုး၊ အစေး၊ အဆီ အားလုံးမှာ ဆေးဖက် ဝင်ကြောင်း ယုံကြည် လက်ခံ သုံးလာခဲ့ ကြသည်။ ကလေးငယ်များ မှက္ခရု ဖြစ်ပါက တမာရွက် ခြောက်ကို ပြာချ၍ သုတ်ပေးရသည်။ အရွက်ခြောက် များကို အမှုန့်ပြု၍ ကလေးများ၏ စအို တစ်ဝိုက်ကို လိမ်းကျံ ပေးပါက သန်ကောင်များ ငြိမ်စေသည်။

အမျိုးသားများ အမောအပန်း ခံနိုင်ပြီး သားဆက်ခြား စေလိုလျှင်၊ အမျိုးသမီးများ သားသမီး ဝေးစေလိုလျှင် တမာသီး (သို့မဟုတ်) တမာခေါက် ကို အခြောက်လှန်း အမှုန့်ပြု၍ ညအိပ်ရာ ဝင်တိုင်း တစ်ခါသောက် နှစ်ဂရမ်နှုန်း တစ်လခန့် နေ့စဉ် သောက်ပေး ရသည်။ တမာရွက် ကို မီးဖုတ်ပြီး တို့လျှင် ဆီးအိမ် ကိုက်ခဲခြင်း၊ ဒူလာရောဂါ နှင့်၊ နူနာရောဂါ၊ လူပျိုနာ၊ ခံတွင်း နှင့် ပတ်သက်သော ရောဂါများ၊ အဆိပ်သင့်ခြင်း နှင့် ကာလဝမ်း ရောဂါ တို့ကို ကာကွယ် နိုင်သည်။

တမာသီးနှင့် တမာစေ့မှ ရရှိသော အဆီကို ပိုးသတ်ဆေး၊ ပွေး၊ ဝဲ၊ ယားနာ လိမ်းဆေး၊ သန်ချဆေး အဖြစ် အသုံးပြုနိုင်သည်။ တမာစေ့ အဆီကို တိရစ္ဆာန်များတွင် ဖြစ်သော အနာတို့တွင် အစက်ချ ပေးခြင်းဖြင့် ကုသနိုင်သည်။ ငှက်ဖျားရောဂါ ရေရှည် ခံစားနေရသူများ အတွက် တမာဆီ ငါးစက်မှ ၁ဝ စက်အထိ တစ်ရက် နှစ်ကြိမ် ရေနွေးပူနှင့် သောက်သုံး ပေးပါက ပျောက်ကင်း စေနိုင်သည်။

တိုင်းရင်း သမားတော်များ အနေဖြင့် တမာခေါက်ကို ဆစ်ဖလစ် ရောဂါ၊ ဒဏ်ရာနှင့် အနာပေါက် ကုသဆေး အဖြစ် လည်းကောင်း၊ တမာစေ့ကို နူနာနှင့် အရွက် သတ္တုရည်ကို သည်းခြေ ဖောက်ပြန်ခြင်း၊ မြွေဆိပ်တက်ခြင်း တို့၌ ဆေးအဖြစ် လည်းကောင်း အသုံးပြု ကြကြောင်း သိရသည်။ တမာပွင့်ကို ရှူပေးပါက အမူးအမော် ပြေစေသည်။ တမာခေါက် သည် မီးယပ် မမှန်ခြင်းကို ပျောက်စေပြီး တမာရွက်ကို သွေးသန့် စေရန်၊ သလိပ်ရွှင်၍ လေကောင်း စေရန်၊ နားကိုက်နှင့် မျက်စိနာ ပျောက်စေရန် အသုံးပြု နိုင်သည်။

မြန်မာမှု ဓလေ့များတွင် ပွေး၊ ဝဲ၊ ယားနာ နှင့် သွားနာ၊ သွားကိုက်၊ ခံတွင်းပုပ်၊ သွားဖုံးရောင်၊ သွားပိုးစား ရောဂါများ အတွက် တမာရွက်ကို ဘိုးဘွား စဉ်ဆက် သုံးစွဲခဲ့ကြ သည်။ တမာပင်၏ အမြစ် အခေါက်သည် ပဉ္စငါးပါး တို့ထက် အာနိသင် ပိုရှိသဖြင့် တမာပင်တွင် အစွမ်းထက်ဆုံး အစိတ် အပိုင်း တစ်ခုဖြစ်သည့် တမာပင်၏ အရွက်တွင် Nimbolide, Hyperoside, B- sitosterol, Titerpeniod  နှင့် azadirachtin ဒြပ်ပေါင်းများ ပါဝင်သည်။ တမာစေးမှ Glycoprotein ဒြပ်ပေါင်းနှင့် တမာအဆီမှ Nimbidin ဒြပ်ပေါင်း များသည် အစာအိမ်နာ ကို ပျောက်ကင်း စေကြောင်း သိရသည်။

စာရေးသူတို့ ဒေသသည် အညာနှင့် တမာဟု ယှဉ်တွဲ ထပ်တူပြုရာ အရပ်ဖြစ်ပြီး အပူနှင့် အအေး ဆန့်ကျင်မှု နှစ်ခု၏ ဟန်ချက်ညီ အလှတရား ကို ဖော်ကျူး အသိအမှတ်ပြု စေသော ဒေသတစ်ခု ဖြစ်၏။ ''တမာရနံ့လေး သင်းသင်းမွှေး... အညာမြေကို ကိုယ်သတိ ရနေသည် '' ဆိုသော သီချင်း သံစဉ်စာသား နှင့်လည်း အကျွမ်းတဝင် ဖြစ်ကာ လွမ်းလောက်စရာ ဒေသတစ်ခုလည်း ဖြစ်၏။ ''တမာတစ်ခက် သွားတစ်သက်'' ဟု ညွှန်းပြုစရာ အဖြစ် ဆိုဆို၊ ''တမာလည်းနု ကျေးလဲဥ၊ တမာလဲသီး ကျေးလဲကြီး''ဟု စကားဥပမာ ဆိုရိုးထားစရာ အဖြစ် ပြောပြော တမာသည် အညာအတွက် အဟောသိကံ မဟုတ်၊ တမာသည် မြန်မာတိုင်း အတွက် အဟောသိကံ မဟုတ်ဟု ယူဆကာ အညာက တမာအကြောင်း တင်ပြ လိုက်ရ ပါသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...