Social Icons

Pages

Wednesday, September 17, 2014

ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး


ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး

ဆင်ခြေထောက် ရောဂါသည် လတ်တလော သေစေနိုင်သော ရောဂါ မဟုတ် သော်လည်း ခြေလက်အင်္ဂါ ပုံသဏ္ဌာန် ပျက်ယွင်း ခြင်းကြောင့် လူမှုရေး ထိခိုက်နစ်နာ ဆုံးရှုံးမှု ရှိသော ရောဂါများ အနက် တစ်ခုအပါအဝင် ဖြစ်သည်။ ကမ္ဘာပေါ်တွင် လူဦးရေ သန်းပေါင်း ၁၄ဝဝသည် ဆင်ခြေထောက် ရောဂါ ကူးစက်နိုင်သည့် အန္တရာယ် ရှိသော နိုင်ငံပေါင်း ၇၃ နိုင်ငံတွင် နေထိုင်လျက် ရှိသည်။

အရှေ့တောင် အာရှဒေသ ဆိုင်ရာ နိုင်ငံ ၁၁ နိုင်ငံအနက် မြန်မာနိုင်ငံ အပါအဝင် ကိုးနိုင်ငံသည် ဆင်ခြေထောက် ရောဂါ အမြစ်တွယ်မှု ရှိပြီး ပြည်သူများ အတွင်း ကျန်းမာရေး ပြဿနာ တစ်ရပ် ဖြစ်ပေါ်လျက် ရှိသည်။ ထို့ကြောင့် ၁၉၉၇ ခုနှစ်က ကျင်းပခဲ့သော ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး၏ အကြိမ် (၅ဝ) မြောက် ညီလာခံမှ ဆုံးဖြတ်ခဲ့သည့် ဆုံးဖြတ်ချက် ၅၉ အရ ၂ဝ၂ဝ ပြည့်နှစ်တွင် ဆင်ခြေထောက် ရောဂါ ကင်းဝေးရေး ရည်မှန်းချက် ကို မြန်မာနိုင်ငံ အပါအဝင် ဆင်ခြေထောက် ရောဂါ အမြစ်တွယ်မှု ရှိသော နိုင်ငံများက အကောင် အထည်ဖော် ဆောင်ရွက် သွားရန် ဆုံးဖြတ် ခဲ့သည်။

ထို့ကြောင့် မြန်မာနိုင်ငံ၌ ၂ဝ၂ဝ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး ဆင်ခြေထောက် ရောဂါ ကင်းဝေးစေရန် ရည်မှန်းချက် ထားရှိ၍ ၂ဝဝ၁ ခုနှစ်မှစကာ ဆင်ခြေထောက် ရောဂါ ကင်းဝေးရေး စီမံချက် နည်းဗျူဟာ တစ်ခုဖြစ်သည့် လူကုန် ဆေးကျွေးခြင်း လုပ်ငန်းကို စတင် ဆောင်ရွက် ခဲ့သည်။ မြန်မာ နိုင်ငံတွင် ခရိုင်ပေါင်း ၆၅ ခရိုင်အနက် ၄၅ ခရိုင်တွင် ဆင်ခြေထောက် ရောဂါ အမြစ်တွယ်လျက် ရှိကြောင်း တွေ့ရှိခဲ့ပြီး ၂ဝဝ၁ ခုနှစ်တွင် ဆင်ခြေထောက် ရောဂါ အမြစ်တွယ်မှု များသည့် မကွေးတိုင်း ဒေသကြီးမှ မကွေးခရိုင် နှင့် သရက်ခရိုင် တို့တွင် လူကုန်ဆေး ကျွေးခြင်း လုပ်ငန်း စတင်ခဲ့သည်။

လူကုန် ဆေးကျွေးခြင်း လုပ်ငန်း ဆိုသည်မှာ ဆေးတိုက်ကျွေး မည့် ခရိုင်ရှိ လူဦးရေ စုစုပေါင်း အနက် နှစ်နှစ်အောက် ကလေး၊ ကိုယ်ဝန်ဆောင် နှင့် ရောဂါ တစ်ခုခုကြောင့် အိပ်ရာတွင် လဲနေသူမှ အပ ကျန်သည့် လူများ အားလုံးကို တစ်ပတ်အတွင်း တစ်နှစ်လျှင် တစ်ကြိမ် အနည်းဆုံး (၅)နှစ် ဆက်တိုက် တိုက်ကျွေး ရခြင်းဖြစ်သည်။ တိုက်ကျွေးသည့် ဆေးမှာ DEC ( Diethylcarloamazine Citrate ) နှင့် Albendazole သန်ချဆေး စသည့် ဆေးနှစ်မျိုး ဖြစ်သည်။

ထိုသို့ တစ်နှစ်လျှင် တစ်ကြိမ် ငါးနှစ် ဆက်တိုက် တိုက်ကျွေး ခြင်းဖြင့် ရောဂါလက္ခဏာ မပြဘဲ ခန္ဓာကိုယ်တွင်း ဆင်ခြေထောက် ရောဂါပိုး ရှိနေသူ များတွင် ပိုးများ သေဆုံး၍ ရောဂါပိုး ကင်းစင်မည် ဖြစ်ပြီး ကလေးများတွင် သန်ကောင်ရောဂါ မရှိခြင်းကြောင့် စားသမျှ အာဟာရကို ကောင်းမွန်စွာ ရရှိစေသည်။ ထိုနည်းတူ ကျန်းမာရေး ရည်မှန်းချက် ကိုလည်း အောင်မြင်စွာ ဆောင်ရွက် နိုင်မည် ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် ဆင်ခြေထောက် ရောဂါ ကင်းဝေးစေရန် အတွက် ဆေးသောက် ရမည့် ဦးတည် အုပ်စုတွင် ပါဝင်သူများ အားလုံး ဆင်ခြေထောက် ရောဂါ ကင်းဝေးရေး စီမံချက်မှ တိုက်ကျွေးမည့် ဆေးများကို အမှန်တကယ် သောက်ကြရန် နှင့် လူကုန် ဆေးကျွေးခြင်း လုပ်ငန်း အောင်မြင်ရန် အတွက် ပြည်သူ တစ်ရပ်လုံး ဝိုင်းဝန်းကူညီ ကြရန် တိုက်တွန်း ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...