Social Icons

Pages

Monday, August 4, 2014

အောင်မြင်မှု အတွက် ပတ်ဝန်းကျင်


အောင်မြင်မှု အတွက် ပတ်ဝန်းကျင်

သတ္တဝါ အနန္တ တို့သည် အောင်မြင်မှုကို လိုလား ကြသည်ဟု မြတ်စွာဘုရား ဟောကြား တော်မူ ခဲ့သည်။ သတ္တဝါ အားလုံးတွင် လူသတ္တဝါ အားလုံးသည် အောင်မြင်မှုကို အလိုလားဆုံး ဖြစ်သည်။ လူသတ္တဝါ တို့၏ အပေါင်း အစည်း ဖြစ်သော လူ့အဖွဲ့အစည်း၊ ကုမ္ပဏီ စသည်တို့ သည်လည်း အောင်မြင်မှုကို လိုလား ကြသည်။

ထို့ကြောင့် အောင်မြင်မှု ရရှိရန် အတွက် နည်းလမ်း မျိုးစုံဖြင့် ကြိုးစား ကြသည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး စသည့် နယ်ပယ် အသီးသီးတွင် အောင်မြင်မှု ရရှိရန် ကြိုးစား ကြသည်။ ကြိုးစားသည့် အလျောက် အောင်မြင်သူ၊ အောင်မြင်သော အဖွဲ့အစည်းများ ရှိသကဲ့သို့ မအောင်မြင်သူ၊ မအောင်မြင်သော အဖွဲ့အစည်း များလည်း ရှိကြသည်။

မည်သည့် ကိစ္စကိုပဲ လုပ်လုပ် လူနှင့် ပတ်ဝန်းကျင် ရင်ဆိုင် ရမည်မှာ ဓမ္မတာပင် ဖြစ်သည်။ လူဆိုသည်မှာ မိမိ (ကာယကံရှင်) ဟု သတ်မှတ်လျှင် လူနှင့် ပတ်ဝန်းကျင် ကို မိမိနှင့် ပတ်ဝန်းကျင်ဟု ရည်ညွှန်း နိုင်မည် ဖြစ်သည်။ ပတ်ဝန်းကျင် ဆိုသည်မှာ လူတစ်ဦး၏ ထိတွေ့ ဆက်ဆံ နေရသည့် သက်ရှိ၊ သက်မဲ့ သြကာသ လောကကြီး ဖြစ်သည်။

အောင်မြင် ရခြင်းသည် ''မိမိနှင့် ပတ်ဝန်းကျင်'' ကြောင့် ဖြစ်သကဲ့သို့ မအောင်မြင် ရခြင်းသည်လည်း ''မိမိနှင့်ပတ်ဝန်းကျင်'' ကြောင့်ပင် ဖြစ်သည်။ မိမိ မကြိုးစားလျှင် (သို့မဟုတ်) ကြိုးစားမှု ရှိသော်လည်း ထိုကြိုးစားမှုက မလုံလောက်လျှင် မထိရောက်လျှင် အောင်မြင်မှု မရရှိနိုင်ပေ။ ထို့အတူ မိမိ ကြိုးစား သော်လည်း မိမိ၏ ကြိုးစားမှုသည် လုံလုံ လောက်လောက်၊ ထိထိ ရောက်ရောက် ရှိသော်လည်း ''ပတ်ဝန်းကျင်'' က မျက်နှာသာ မပေးလျှင် အောင်မြင်မှု ရရှိမည် မဟုတ်ပေ။

ပတ်ဝန်းကျင်တွင် အောင်မြင်မှုကို အနှောင့်အယှက် ပေးတတ်သော ပျက်သုဉ်းရေး တရားငါးပါး ရှိသည်။ ထို ပျက်သုဉ်းရေး တရားငါးပါး တွင် နှစ်ပါးသည် သဘာဝ တရားနှင့် ဆိုင်၍ ကျန်သုံးပါး သည် လူနှင့် ဆိုင်သည်။ မည်မျှပင် ကြိုးစား တည်ဆောက် သည်ဖြစ်ပါစေ ရေကြီးလျှင် ပျက်စီးကုန်မည် ဖြစ်သကဲ့သို့ မီးလောင် လျှင်လည်း ပျက်စီးမည်သာ ဖြစ်သည်။

ထို့အတူ မုန်တိုင်းတိုက်၊ ငလျင်လှုပ်၊ မိုးကြိုးပစ် ပါကလည်း ပျက်စီးမည် ဖြစ်သည်။ မည်မျှပင် ကြိုးစား ထားသည် ဖြစ်စေ ရေ၊ မီး၊ မင်း၊ ခိုးသူ၊ မချစ် မနှစ်သက် သောသူ တို့၏ ယူဆောင်ခြင်း၊ ဖျက်ဆီးခြင်း များခံရလျှင် ဆုံးရှုံး ကြရမည် ဖြစ်သည်။

သို့ဖြစ်ရာ အောင်မြင်မှု ရလိုသူသည် ''မိမိ'' နှင့် ပတ်သက်၍ အားနည်းချက် ကင်းအောင်၊ ပြည့်စုံအောင် ကြိုးပမ်းရုံဖြင့် မပြီးသေး။ ပတ်ဝန်းကျင်ရှိ ပျက်သုဉ်းရေး တရားငါးပါး ကိုလည်း ကာကွယ် နိုင်မှ ဖြစ်နိုင်ပေမည်။ သို့မှသာ အောင်မြင်မှု၏ ပန်းတိုင်ကို ဆိုက်ရောက် နိုင်ပြီး ဘေးကင်းရာ ချမ်းသာရာကို ရရှိနိုင်မည် ဖြစ်ပါကြောင်း အကြံပြု ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...