Social Icons

Pages

Friday, August 1, 2014

ခေတ်မီဖွံ့ဖြိုးသော နိုင်ငံတော်သစ်


ခေတ်မီဖွံ့ဖြိုးသော နိုင်ငံတော်သစ်

မြန်မာနိုင်ငံ၏ အလုံးစုံသော နိုင်ငံ တည်ဆောက်ရေး ကဏ္ဍများတွင် စီးပွားရေး ကဏ္ဍသည် ပွင့်လင်း၍ ထင်သာ မြင်သာ ရှိလာသည်နှင့် အမျှ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု FDI သည်လည်း ပြည်တွင်း စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး မဟာဗျူဟာ ၏ အဓိက အခန်းကဏ္ဍ မှ ပါဝင်လာသည်။ နိုင်ငံခြား စီးပွားရေး လုပ်ငန်းများ ပြည်တွင်း၌ လာရောက် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ရာ၌ ၄င်းတို့၏ အကျိုးစီးပွား နှင့် နိုင်ငံ၏ အကျိုးစီးပွား နှစ်ခုတို့ ဘက်ညီစွာ ဖြစ်ထွန်း တိုးတက်မှသာ နှစ်ဦး နှစ်ဖက် အကျိုးရှိသည့် အလုပ် ဖြစ်မည် ဖြစ်သည်။

ထို့ကြောင့် မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံ များသည် မိမိတို့နိုင်ငံ စီးပွားရေး တွင် မဖြစ်မနေ ပါရှိသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံ မှုအတွက် လိုအပ်သော ဥပဒေ၊ နည်းဥပဒေ နှင့် လုပ်ထုံး လုပ်နည်း များကို ရေးဆွဲ အတည်ပြု  ပြဋ္ဌာန်း၍ လုပ်ကိုင် စေလျက် ရှိကြသည်။ ယနေ့ ကာလများ တွင် မြန်မာနိုင်ငံ အတွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံ မှုများ အဆက်မပြတ် စီးဝင်လျက် ရှိနေသည်။ ထိုအချိန်တွင် အချို့က ရင်းနှီး မြှုပ်နှံ၍ အမြတ် ရရှိရန် သေချာမှုကို  စောင့်ကြည့် သုံးသပ်လျက် ရှိနေ ကြသည်။

မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ကိုင်ရန် အခွင့်အလမ်း များနှင့် ရေခံ၊ မြေခံ ကောင်းများ ရှိနေသည်ကို သိရှိပြီး မြန်မာ့ စီးပွားရေး စားကျက်သို့ ဝင်လာကာ မသမာသော နည်းဖြင့် အမြတ်ထုတ် ၍ ပြန်ထွက်ရန် ကြိုးစား သူများလည်း ရှိနေသည်ကို အထည်ချုပ် လုပ်ငန်းတစ်ခု၏ ဆောင်ရွက်မှုကို ကြည့်၍ သိနိုင်သည်။

မြန်မာနိုင်ငံသည် ပြုပြင် ပြောင်းလဲရေး များကို အရှိန်မြှင့်တင် ဆောင်ရွက်လျက် ရှိသောကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍစုံတွင် သိသာစွာ တိုးတက် လာခဲ့သည်ကို တစ်ကမ္ဘာလုံးမှ စောင့်ကြည့် လေ့လာ အကဲခတ်၍ ချီးမွမ်းမှုများ ပြုလာသည်ကို လည်း တွေ့ရသည်။ သို့ရာတွင် နိုင်ငံ၏ ငွေကြေး အရင်းအနှီးနှင့် နည်းပညာ လိုအပ်ချက် အရ ပြည်ပ ရင်းနှီးမြှုပ်နှံ မှုများကို ဖိတ်ခေါ် ခဲ့ရ သော်လည်း နည်းပညာ အဟောင်းများဖြင့် ပြည်တွင်းရှိ ငွေကြေးများကို အသားတင် အမြတ်ထုတ် သွားမည့် ကိုယ်ကျိုးကြည့် ကုမ္ပဏီ နှင့် စီးပွားရေး လုပ်ငန်းများ ကိုလည်း စိစစ်ကြပ်မတ် ရန်လိုသည်။

ထို့ပြင် ပွင့်လင်းမြင်သာ လာမှုများ နှင့်အတူ ပြိုင်ဆိုင်မှု သဘောတရား အရ နည်းပညာနှင့် ဝန်ဆောင်မှု ကောင်းသည့် ဉာဏ်ရည်သာ သည့်သူကသာ အသာစီး ရတတ်သည့် သဘာဝအရ  လက်ရှိ အောင်မြင်မှု များနှင့်သာ ကျေနပ် မနေဘဲ ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်များ၊ ပြည်တွင်းမှ ရင်းနှီးမြှုပ်နှံ သူများ၏ အခွင့်အရေးကို ကာကွယ် ပေးသွားရန် လိုအပ် သကဲ့သို့ ပြည်တွင်း ရင်းနှီး မြှုပ်နှံသူ များကလည်း မိမိတို့၏ နည်းပညာ အားနည်းချက်ကို ဖြည့်ဆည်း၍ နိုင်ငံအပေါ် ထားရှိရမည့် တာဝန်ကို ကျေပွန်အောင် ထမ်းဆောင် သွားရန် လိုသည်။

သို့မှသာ မြန်မာနိုင်ငံ၏ စီးပွားရေး ကဏ္ဍသည် အခြေခံ ခိုင်မာ ကောင်းမွန်ပြီး ဘက်စုံ နိုင်ငံတော် တည်ဆောက်ရေး ကဏ္ဍများပါ တစ်ပြေးညီ တိုးတက်ကာ နိုင်ငံတော်နှင့် ပြည်သူတို့ ဖော်ဆောင်လျက် ရှိသည့် ခေတ်မီဖွံ့ဖြိုး၍ အေးချမ်း တည်ငြိမ်သည့် ဒီမိုကရေစီ နိုင်ငံတော်သစ် ရည်မှန်းချက် ပြည့်ဝ အောင်မြင်မည် ဖြစ်ပါကြောင်း တင်ပြ ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...