Social Icons

Pages

Sunday, May 11, 2014

ရေသုံးစွဲမှု နှင့် ရေအရင်းအမြစ် ထိန်းသိမ်းရေး ပြည်သူများ အမျိုးသားရေး အသိဖြင့် ၀ိုင်းဝန်း ကူညီဆောင်ရွက်


ရေသုံးစွဲမှု နှင့် ရေအရင်းအမြစ် ထိန်းသိမ်းရေး ပြည်သူများ အမျိုးသားရေး အသိဖြင့် ၀ိုင်းဝန်း ကူညီဆောင်ရွက်

လူတို့ နေထိုင်ရာ ကမ္ဘာကြီးတွင် ရေထုသည် ကုန်းမြေထက် ပိုမို များပြားသော်လည်း ထို ရေထုတွင် လူတို့ အသုံးပြု နိုင်သည့် ရေထုမှာ တစ်ရာခိုင်နှုန်းသာ ရှိသည်ဟု သိရသည်။ ယနေ့ကာလ ကမ္ဘာ့ လူဦးရေသည် သန်းပေါင်း ခုနစ်ထောင် ကျော် ရှိနေပြီး နေ့စဉ် နှင့်အမျှ တိုးပွားနေသည့် လူဦးရေ အတွက် စားနပ်ရိက္ခာ စိုက်ပျိုးရန် လိုအပ် သကဲ့သို့ စိုက်ပျိုးရာတွင် အသုံးပြုသည့် ရေလုံလောက်စွာ ရရှိရန်လည်း လိုအပ်နေသည်။

လူတို့ အသုံးပြု နိုင်သည့် ရေအရင်းအမြစ် များမှာ လူတို့ သဘာဝ ပတ်ဝန်းကျင် ပျက်စီးစေမှုကြောင့် ဖြစ်ပေါ် လာသည့် ရာသီဥတု ဖောက်ပြန်မှု နှင့် ရေကို မဆင်မခြင် သုံးစွဲ ဖြုန်းတီးမှု များကြောင့် ယခုအခါ ကမ္ဘာ့ လူဦးရေ ၏ ၄၀ ရာခိုင်နှုန်း သည် ရေရှားပါးမှု နှင့် ရင်ဆိုင် နေရသည်။

ခရစ် သက္ကရာဇ် ၂၀၂၅ ခုနှစ်တွင် ကမ္ဘာ့ လူဦးရေ ၏ ၃ ပုံ ၂ ပုံသည် သောက်သုံးရေ ရှားပါးမှု နှင့် ကြုံတွေ့ နိုင်ကြောင်း ရေအရင်းအမြစ် ပညာရှင် များက ခန့်မှန်း ထားသည်။ ရေရှားပါးခြင်း ကြောင့် လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းများ တိုးတက်အောင် မဆောင်ရွက် နိုင်ခြင်းကြောင့် စားနပ် ရိက္ခာ ထုတ်လုပ်မှု လျော့ကျခြင်း ၊ ရေရှားပါး မှုကြောင့် တစ်ကိုယ်ရေ သန့်ရှင်းမှု ဆောင်ရွက် နိုင်မှု နည်းပါးခြင်းကြောင့် ကျန်းမာရေး ချို့တဲ့ခြင်း စသည့် လူမှု စီးပွား နောက်ကျမှုကို ဖြစ်ပေါ် စေသည်။

ထို့ကြောင့် နိုင်ငံတော် သည် လူဦးရေ တိုးတက်လာမှု နှင့်အတူ လူနေအိမ်ခြေ တိုးတက်လာမှု ၊ စိုက်ပျိုးမြေ တိုးတက်လာမှု နှင့် ရေအသုံးချမှု မြင့်တက် လာမှုတို့ အတွက် တစ်အုပ်တစ်မ သစ်ပင် စိုက်ပျိုးရေး စီမံချက် များ ၊ ဆည်မြောင်း တာတမံ စီမံကိန်းများ ချမှတ် ဖော်ဆောင်ခြင်း ၊ တိုးတက် လာသည့် လူဦးရေ အတွက် ကျေးရွာ စီမံကိန်းများ ရေးဆွဲပြီး စနစ်တကျ နေရာချ ထားခြင်း ၊ ရေရှားပါးသည့် ဒေသများသို့ ရေဖြန့်ဝေ ပေးခြင်း ၊ သောက်သုံး ရေကန် ၊ ရေတွင်းများ တူးဖော်ခြင်း စသည်တို့ကို ပြည်သူတို့ အကျိုးအတွက် ဆောင်ရွက်လျက် ရှိသည်။

သို့ဖြစ်ရာ ကမ္ဘာ့နှင့် အ၀န်း ကြုံတွေ့ နေရသည့် သဘာဝ ရာသီဥတု ဖောက်ပြန်မှု နှင့် ရေရှားပါးမှု ကို မြန်မာနိုင်ငံ ၌ နိုင်ငံတော် မှ ဦးဆောင် ဖြေရှင်း ဆောင်ရွက်လျက် ရှိသကဲ့သို့ ရေသုံးစွဲမှု နှင့် ရေအရင်းအမြစ် ထိန်းသိမ်းရေး ကို ပြည်သူများကလည်း အမျိုးသားရေး အသိဖြင့် ၀ိုင်းဝန်း ကူညီ ဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...