Social Icons

Pages

Friday, February 14, 2014

အမျိုးသား ကျန်းမာရေးမဏ္ဍိုင် ကြံ့ခိုင်လာစေရန်


အမျိုးသား ကျန်းမာရေးမဏ္ဍိုင် ကြံ့ခိုင်လာစေရန်

နိုင်ငံတော်သည် တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံး၏ ကျန်းမာရေး မဏ္ဍိုင် ကြံ့ခိုင်ရေးကို အလေးထားလျက် ကျန်းမာရေး ဆိုင်ရာ အခြေခံ အဆောက်အအုံ များကို ထူထောင် တည်ဆောက်  ပေးလျက် ရှိသည်။ နိုင်ငံတော် က ပေးသည့် ကျန်းမာရေး စောင့်ရှောက်မှု နှင့် ပုဂ္ဂလိက အခန်းကဏ္ဍ ကပေးသည့် ကျန်းမာရေး စောင့်ရှောက်မှု တို့ကို အချိုးညီညီ တိုးတက် ဖွံ့ဖြိုး လာစေရန် ဖော်ဆောင်လျက် ရှိသည်။

နိုင်ငံတော်သည် နိုင်ငံအဝန်း ဆေးရုံကြီးငယ် များစွာနှင့် ပုဂ္ဂလိက ဆေးရုံများ၊ ပုဂ္ဂလိက အထူးကု ဆေးခန်းများ ဖြင့် ပြည်သူလူထု ၏ ကျန်းမာရေး အတွက် ဆောင်ရွက် ပေးလျက် ရှိသည်။ ထို့ပြင် ဆေးရုံ၊ ဆေးခန်း များတွင် လူနာများကို ဆေးဝါး ကုသနိုင်ရေး အတွက် ကျန်းမာရေး ဝန်ထမ်းများ၊ ဆေးပညာ ကျွမ်းကျင် သူများကိုလည်း ပြုစု လေ့ကျင့် မွေးထုတ် ပေးလျက် ရှိသည်။

ထိုသို့ နိုင်ငံတော်သည် ပြည်သူများ၏ ကျန်းမာရေး မဏ္ဍိုင် ကြံ့ခိုင်ရေး အတွက် ကျန်းမာရေး ဆိုင်ရာ အခြေခံ အဆောက်အအုံ များ တည်ဆောက် ပေးခြင်း၊ ကျန်းမာရေး ဝန်ထမ်းများ၏ လူ့စွမ်းအား အရင်းအမြစ် များကို မြှင့်တင်ပေးခြင်း၊ ဆေးဝါး သုတေသန လုပ်ငန်းများ ပြုလုပ်၍ ကျန်းမာရေး အတွက် ဆေးဝါး အသစ်များ ထုတ်ပေးခြင်း၊ ပြည်သူများ ကျန်းမာရေး အသိပညာ တိုးပွားရေး အတွက် ပညာပေးခြင်း များကို လုပ်ဆောင် ပေးလျက် ရှိသည်။

နိုင်ငံတော်သည် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး နှင့် ကျန်းမာရေး စောင့်ရှောက်မှု မြှင့်တင်ရေး၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ နာဂ၊ ဓနု၊ ပအို့ဝ်၊ ပလောင်၊ ကိုးကန့်၊ 'ဝ' ဒေသ ခြောက်ခုနှင့် သွားလာရေး နှင့် လူမှုရေး ခက်ခဲသော ဒေသများ၏ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး တို့အတွက် တာဝန် ထမ်းဆောင် မည့် အရည်အချင်း ပြည့်ဝသော ဆရာဝန်များ၊ သူနာပြုများ ပေါများလာရန် ဆောင်ရွက် ပေးလျက် ရှိသည်။

ထိုသို့ နိုင်ငံတော်မှ ပြည်သူလူထု တစ်ရပ်လုံး ကျန်းမာရေး စောင့်ရှောက်မှု ဖြန့်ကြက် နိုင်ရေး အတွက် ဆောင်ရွက် ပေးလျက် ရှိသကဲ့သို့ ကျန်းမာရေး စောင့်ရှောက် ပေးသူများ ဖြစ်သည့် ဆရာဝန် များနှင့် သူနာပြုများ စသည့် ဝန်ထမ်းများ၊ ပညာရှင်များ အနေဖြင့်လည်း တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်လျက် ရှိသည်။ သို့သော် ပြည်သူ အများစုသည် ကျန်းမာရေး သတိနှင့် အသိပညာ တို့၌ စိတ်ဝင်စားမှု အားနည်းလျက် ရှိနေ သေးသည်။

သို့ဖြစ်ရာ နိုင်ငံတော်၏ အမျိုးသား ကျန်းမာရေး မဏ္ဍိုင် ကြံ့ခိုင်ရေး အကောင် အထည်ဖော် ဆောင်ရွက်မှု များတွင် နိုင်ငံတော်နှင့် အတူ ကျန်းမာရေး ဝန်ထမ်းများ၊ ပညာရှင် များက ကိုယ်စွမ်း၊ ဉာဏ်စွမ်း ရှိသမျှ ပါဝင် ဆောင်ရွက်လျက် ရှိသကဲ့သို့ ပြည်သူများ ကလည်း မိမိတို့၏ ကျန်းမာရေး အသိ၊ ကျန်းမာရေး သတိ ဖွံ့ဖြိုးလာရန် ကိုယ်တိုင် သင်ယူ လိုက်နာ ကျင့်သုံးခြင်း ဖြင့် ဝိုင်းဝန်း ဖော်ဆောင် သွားကြ ရမည် ဖြစ်ကြောင်း တိုက်တွန်း ရေးသား လိုက်ရ ပေသည်။

( ၁၄-၂-၂၀၁၄ ရက် ရတနာပုံနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော် )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...