Social Icons

Pages

Tuesday, November 12, 2013

နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အင်တာနက် ၀န်ဆောင်မှု


နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အင်တာနက် ၀န်ဆောင်မှု

အယ်ဒီတာ့အာဘော်
( ၁၂-၁၁-၂၀၁၃ )

ယနေ့ကာလသည် နိုင်ငံတော် အစိုးရ၏ ပြုပြင် ပြောင်းလဲရေး မူများ နှင့်အညီ ကဏ္ဍ အသီးသီး၌ ပြုပြင် ပြောင်းလဲရေးများ ဆောင်ရွက် နေကြချိန် တွင် ဆက်သွယ်ရေး ၊ သတင်း အချက်အလက် နှင့် နည်းပညာ ၀န်ကြီးဌာန အနေဖြင့်လည်း ဆက်သွယ်ရေးကဏ္ဍ ပြုပြင် ပြောင်းလဲရေး ဆောင်ရွက် နေပြီ ဖြစ်သည်။

ယခင်က ဆက်သွယ်ရေး ကဏ္ဍကို နိုင်ငံတော် ကသာ ဆောင်ရွက် ခဲ့ရာမှ ယခုအခါ ပြည်တွင်း ပြည်ပ မှ ရင်းနှီး မြှုပ်နှံမှုများ ဖိတ်ခေါ်၍ ယှဉ်ပြိုင် ဆောင်ရွက် စေနိုင်မည့် Competition Business Model အဖြစ် ဆောင်ရွက် လျက်ရှိသည်။ ဆက်သွယ်ရေး ၊ သတင်း အချက်အလက် နှင့် နည်းပညာ ၀န်ကြီးဌာန သည် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများ ဆောင်ရွက် နိုင်ရန် နိုင်ငံတကာ အဖွဲ့အစည်းများ ၊ ဒေသတွင်းရှိ ဆက်သွယ်ရေး နှင့် အိုင်စီတီ အဖွဲ့အစည်း များနှင့် ညှိနှိုင်း ဆွေးနွေးပြီး ဆက်သွယ်ရေး ၀န်ဆောင်မှု အတွက် ဥပဒေနှင့် နည်းဥပဒေများ ခိုင်မာစေရန် ၂၀၁၂ ခုနှစ် အတွင်းတွင် ဆောင်ရွက် ခဲ့သည်။

ဆက်သွယ်ရေး ဝန်ဆောင်မှု ဥပဒေနှင့် နည်းဥပဒေ များ မူကြမ်းကို ဆက်သွယ်ရေး ၊ သတင်း အချက်အလက် နှင့် နည်းပညာ ၀န်ကြီးဌာန မှ တာဝန်ရှိ သူများနှင့် ပြည်ထောင်စု ရှေ့နေချုပ် ရုံးမှ တာဝန်ရှိ သူများ ပါဝင်သည့် ဆက်သွယ်ရေး ဥပဒေ ရေးဆွဲရေး အဖွဲ့သည် အပြည်ပြည် ဆိုင်ရာ ကြေးနန်း ဆက်သွယ်ရေး အဖွဲ့ချုပ် ( ITU ) ၏ အကူအညီ ရယူကာ ဆောင်ရွက် ဆက်သွယ်ရေး ဥပဒေ (မူကြမ်း) ရေးဆွဲ၍ ပြည်ထောင်စု ရှေ့နေချုပ် ရုံးသို့ ပေးပို့ပြီး သဘောထား မှတ်ချက် တောင်းခံ ခဲ့ရာ လိုအပ်သည့် ပြင်ဆင် ဖြည့်စွက်ချက် များ ပြုလုပ်နိုင်ရန် မှတ်ချက်ပြု ပြန်ကြား လာခဲ့သည်။ ထို့ကြောင့် ဆက်သွယ်ရေး ဥပဒေ (မူကြမ်း)အား ဆက်သွယ်ရေး ၊ သတင်း အချက်အလက် နှင့် နည်းပညာ ၀န်ကြီးဌာန ၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး ၊ အမျိုးသား စီမံကိန်း နှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာန ၊ ပြည်ထဲရေး ဝန်ကြီးဌာန ၊ ဘဏ္ဍာရေး ၀န်ကြီးဌာန ၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ၊ ပြန်ကြားရေး ၀န်ကြီးဌာန ၊ ပို့ဆောင်ရေး ၀န်ကြီးဌာန တို့မှ ကိုယ်စားလှယ်များ တက်ရောက်၍ လိုအပ်သည့် ပြင်ဆင် ဖြည့်စွက်ချက် များ ဖြည့်စွက် ဆောင်ရွက် ခဲ့သည်။ ၄င်း ဆက်သွယ်ရေး ဥပဒေသည် နိုင်ငံတစ်ဝန်း သက်ရောက်မှု ရှိနေပြီ ဖြစ်သဖြင့် ပြည်သူများ တောင့်တ နေကြသည့် နိုင်ငံတကာ စံချိန် စံညွှန်း နှင့် ကိုက်ညီ၍ ဈေးနှုန်း ချိုသာသည့် ဆက်သွယ်ရေး ၀န်ဆောင်မှု ရရှိလာပြီး နိုင်ငံတော် ဖွံ့ဖြိုးရေး အတွက် ဘက်စုံ အထောက် အကူပြု ပေးနိုင်ပြီ ဖြစ်သည်။

ယနေ့ အချိန်သည် နည်းပညာ ဖွံ့ဖြိုး တိုးတက်မှု များကြောင့် ဆက်သွယ်ရေး ၊ အိုင်တီနှင့် အသံလွှင့် ကဏ္ဍများအား သီးခြားစီ ခွဲထား၍ မရတော့ဘဲ ပေါင်းစည်း လာခဲ့ပြီ ဖြစ်သဖြင့် ဆက်သွယ်ရေး ကဏ္ဍအားလုံး လိုက်နာ ဆောင်ရွက် ကြရမည့် တစ်ခုတည်းသော ဥပဒေ ( Convergent Law) ကို အပြည်ပြည် ဆိုင်ရာ ကြေးနန်း ဆက်သွယ်ရေး အဖွဲ့ချုပ် ( ITU ) ၏ အကူအညီဖြင့် ရေးဆွဲ ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။


နိုင်ငံတော် တွင် အသုံးပြုလျက် ရှိသော 3G မိုဘိုင်းလ်ဖုန်း စနစ်များအား (၂၇)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ အမီ 4G မိုဘိုင်းဖုန်း စနစ်များ အသုံးပြုရန် ရေဒီယို စခန်းများကို ရန်ကုန်တွင် ၁၇ ခု ၊ နေပြည်တော် တွင် ၂၈ ခု ၊ မန္တလေး တွင် ၄ ခုနှင့် ငွေဆောင် တွင် တစ်ခု တည်ဆောက် သွားမည် ဖြစ်သည်။ အားကစား ပြိုင်ပွဲ ကျင်းပသည့် နေရာများတွင် ပုဂ္ဂလိက ကုမ္ပဏီ များက အင်တာနက် ၀န်ဆောင်မှု ပေးရန် စီစဉ်လျက် ရှိရာ အားကစား ပြိုင်ပွဲလွန် ကာလများ တွင်ပါ အင်တာနက် ၀န်ဆောင်မှု များ ဆက်လက် အသုံးပြု နိုင်ပါက နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပိုမို အလားအလာ ကောင်းမည့် အခြေအနေ တို့ကို ဖန်တီး နိုင်မည် ဖြစ်ပေသည်။ ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...