ရေစကြို ၊ ၁၅-၁၁-၂၀၁၃
ပခုက္ကူခရိုင် ရေစကြို မြို့နယ် တာတိုင်
ကျေးရွာ ဘုန်းတော်ကြီး ကျောင်းတွင် ဇာတ်နိပါတ်တော် များအား ပုံဖော် ထားသည့် မြန်မာ့
ယဉ်ကျေးမှု အနုပညာ လက်ရာ ဖြစ်သည့် ရှားပါး ရုပ်လုံးကြွ လက်ရာများ ပါဝင်သော ရှေးဟောင်း
စာပေတိုက် (သေတ္တာ)ကြီး လေးခုကို ထိန်းသိမ်း စောင့်ရှောက် ထားရှိကြောင်း သိရသည်။
" ဒီကျောင်းမှာ သီတင်းသုံး တော်မူခဲ့တဲ့
ဆရာတော် အဆက်ဆက် ကတည်းက ဒီစာပေတိုက် သေတ္တာကြီးတွေ ရှိခဲ့တာ ၊ နဂိုမူလက စာပေတိုက် သေတ္တာကြီး
ငါးခုရှိတယ် ၊ စာပေတိုက် တွေထဲမှာ ရှေးဟောင်း ဗုဒ္ဓစာပေ တွေကို ပေစာတွေနဲ့ ပြုစုထားတာ
တွေ့ရှိခဲ့တယ် ၊ စာပေတိုက် တစ်ခုနဲ့ ပေစာအချို့ကို ပခန်းကြီး ရှေးဟောင်း သုတေသန ပြတိုက်ကို
လှူဒါန်း ထားတယ် ၊ ပြီးတော့ ရန်ကုန်က ရှေးဟောင်း သုတေသန ပြတိုက် မှာလည်း ရှေးဟောင်း
ပေစာတချို့ ကို လှူဒါန်း လိုက်တယ် ၊ အခုတော့ စာပေတိုက် သေတ္တာကြီး လေးခုနဲ့ ရှေးဟောင်း
ပေစာ အနည်းငယ်ပဲ ကျန်တော့တယ် ... " ဟု တာတိုင် ကျေးရွာ ဘုန်းတော်ကြီး ကျောင်း
ဆရာတော် ဘဒ္ဒန္တ သူရိယ က မြွက်ကြား သည်။
အဆိုပါ စာပေတိုက် သေတ္တာကြီး လေးခုအနက်
နှစ်ခု၏ မျက်နှာစာ သုံးခုတွင် သူအို ၊ သူနာ ၊ သူသေ ၊ ရဟန်း နိမိတ်ကြီး လေးပါးမြင်ခန်း
၊ တောထွက် တော်မူစဉ် မာရ်နတ် တားမြစ်ခန်း ၊ အနော်မာမြစ် ကို ကူးဖြတ်ခန်း ၊ ဆံတော်ပယ်ခန်း
၊ မာရ်နတ်ကို အောင်မြင်ခန်း ၊ တရားဦး ဟောတော်မူခန်း ၊ ဘူရိဒတ်ဇာတ် ၊ ဝေဿန္တရာဇာတ် စသည်များ
ကို လက်ရာ မြောက်သည့် ရွှေရောင် ရုပ်လုံး ရုပ်ကြွ များဖြင့် ပုံဖော်ထားပြီး အနောက်ဘက်
မျက်နှာစာ များတွင် စာပေများ သိမ်းဆည်းရာ အပေါက်များ ပြုလုပ် ထားသည်။ တခြား စာပေတိုက်
သေတ္တာကြီး နှစ်ခု၏ မျက်နှာစာ သုံးခတွင် လောကနတ် ပုံများ ၊ ပုဂံခေတ် ကချေသည် များ၏ ကဟန်ပုံ
များကို ရွှေရောင် ရုပ်ကြွ များဖြင့် ပုံဖော် ထားသည်ကို တွေ့ရှိရသည်။
No comments:
Post a Comment