ရန်ကုန် ၊ ၁၁-၁၁-၂၀၁၃
ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့မှ ကြီးမှူး၍
ဘာသာရေး အဖွဲ့ပေါင်း ၇ဝ ကျော်တို့မှ ကိုယ်စားလှယ် များ ၊ ဂေါပကအဖွဲ့ မှ ရုံးဝန်ထမ်းများ
၊ အထည်အလိပ် ပညာရှင်များ နှင့် စက်ချုပ်ပညာ ရှင်များ စုပေါင်း၍ နိုဝင်ဘာ ၁၆ ရက် ညနေပိုင်းမှ
စ၍ ရွှေတိဂုံ စေတီတော် တွင် (၂၉) ကြိမ်မြောက် မသိုးသင်္ကန်း ရက်လုပ် ကပ်လှူ ပူဇော်ပွဲကို
ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။
ရွှေတိဂုံ စေတီတော် မြတ်ကြီး တွင် မြန်မာ့ရိုးရာ
ထုံးတမ်း စဉ်လာအရ ကျင်းပမြဲ ဖြစ်သော မသိုးသင်္ကန်း ရက်လုပ် ကပ်လှူ ပူဇော်ပွဲအား မြန်မာ့ရိုးရာ
ယဉ်ကျေးမှု ဓလေ့များကို ဆက်လက် ထိန်းသိမ်း ထားရှိနိုင်ရန် အတွက် ကျင်းပခြင်း ဖြစ်သည်။
ထို့အပြင် ရွှေတိဂုံ စေတီတော် မြတ်ကြီးသို့
လာရောက် ဖူးမြော် ကြသော ဘုရားဖူး အလှူရှင်များ သည် မသိုးသင်္ကန်း ဆက်ကပ် လှူဒါန်းရသော
ကုသိုလ် ကောင်းမှု များကြောင့် လောကီ ၊ လောကုတ္တရာ နှစ်ဖြာသော အကျိုးစီးပွားကို တိုးပွား
ရရှိစေနိုင်ပြီး မြန်မာ့ရိုးရာ ရက်ကန်း ပညာကို တန်ဖိုးထားရာ ရောက်သည့် အပြင် အစဉ်အလာ
မပြတ် ရိုးရာဓလေ့ကို ထိန်းသိမ်း ထားနိုင်ရန် စသည့် ရည်ရွယ်ချက် များဖြင့် ကျင်းပခြင်း
ဖြစ်ကြောင်း သိရသည်။
မသိုးသင်္ကန်း ရက်လုပ် ကပ်လှူ ပူဇော်ပွဲ
အခမ်းအနား အစီအစဉ် များအရ လှည့်လည် ပူဇော်ပွဲ ၊ ရက်ကန်း ပြိုင်ပွဲ ဖွင့်ပွဲ ၊ မသိုးသင်္ကန်း
ရက်ကန်း ပြိုင်ပွဲ ၊ ဆုပေးပွဲ ၊ မသိုးသင်္ကန်း ကပ်လှူ ပူဇော်ပွဲနှင့် ဆွမ်းတော်ကြီး တင်လှူပူဇော်
ခြင်း တို့ကို အခမ်းအနား အစဉ်အရ အစဉ်လိုက် ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။
မသိုးသင်္ကန်း ရက်ကန်း ပြိုင်ပွဲကို နိုဝင်ဘာ
၁၆ ရက် ညနေ ၄ နာရီခွဲ မှ ည ၁၀ နာရီထိ ရာဟုထောင့် အောင်မြေ၌ ကျင်းပမည် ဖြစ်သည်။ ထို့အပြင်
ဆုပေးပွဲ အခမ်းအနား ကို ဆက်လက် ကျင်းပမည် ဖြစ်ရာ ရွှေတိဂုံ ဘုရား ရာဟုထောင့် အောင်မြေ၌ပင်
ဆုရရှိ သူများကို ဆုများ ပေးအပ်ချီးမြှင့် သွားမည် ဖြစ်ကြောင်း သိရှိရသည်။


No comments:
Post a Comment