Social Icons

Pages

Saturday, November 30, 2013

ဗိသုကာလက်ရာမြောက်သော ခေတ်လွန် လေဆိပ်အဆောင်သစ် တရုတ်ဖွင့်လှစ်



ရှင်ဇင် ၊ ၃၀-၁၁-၂၀၁၃

တရုတ်နိုင်ငံ တောင်ပိုင်း ရှင်ဇင်မြို့ ၌ နိုဝင်ဘာ ၂၇ ရက်က ဗိသုကာ လက်ရာ မြောက်သော ပေါင်အန် လေဆိပ် အဆောင်သစ် ကို ဖွင့်လှစ်လိုက်ပြီး သုံးကြိမ်ခန့် စမ်းသပ် အသုံးပြု ကြည့်ခဲ့ရာ အစစ အရာရာ အဆင်ပြေ ချောမွေ့ ခဲ့ကြောင်း သိရသည်။

လေဆိပ် အဆောင်သစ် ကြီးကို အီတလီ ဆောက်လုပ်ရေး ကုမ္မဏီ တစ်ခုက ပုံစံရေးဆွဲ ခဲ့ရာ လေဆိပ်မှာ ရောင်ခြည် ဖြာထွက် နေသည်နှင့် ဆင်တူသည်။ လေဆိပ် တည်ဆောက် ရာတွင် အမေရိကန် ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ ကုန်ကျ ခဲ့သည်။ ယခင် အဆောက်အအုံ ဟောင်း များအားလုံး ပေါင်းထက် သုံးဆခန့် ပိုကျယ်ပြီး လေယာဉ် ၇၆ စင်း တစ်ပြိုင်နက် ခရီးသည် တင်ဆောင် နိုင်မည် ဖြစ်သည်။ လေဆိပ် အဆောင်သည် စတုရန်း မီတာ ၄၅၁၀၀၀ ကျယ်ဝန်းပြီး လေယာဉ် တက်ရန် စာရင်း ပေးသွင်းနိုင်မည့် ကောင်တာ အခု ၂ဝဝ ခန့်နှင့် ဈေးဆိုင်ငယ် အခန်း ၂ဝဝ ခန့်ပါရှိသည်။ (ပုံ)

အဆောင်သစ် ၏ မျက်နှာကြက်ကို ပျားအုံကွက်ပုံ လေဝင်ပေါက် များ တပ်ဆင် ထားသဖြင့် နေရောင် ကောင်းမွန်စွာ ရရှိလေရာ လေဆိပ် အဆောင်အတွင်း လျှပ်စစ် ဓာတ်အား သုံးစွဲမှုကို လျှော့ချနိုင် ခဲ့သည်။ မိုးရေကို စုယူကာ အများသုံး အိမ်သာများကို ရေပေးဝေပြီး အဆောင် အတွင်း အပင်များ ကို ရေပေးရာတွင် အသုံးပြု ထားသည်။

၁၀ မဂ္ဂါဝပ် ထွက်သော နေစမ်းအင်သုံး လျှပ်စစ် ဓာတ်အား စနစ်ကို အသုံးပြု ထားရာ အိမ်ထောင်စု ၁ဝဝဝဝ က တစ်လ အသုံးပြု နိုင်မည့် လျှပ်စစ် ဓာတ်အား ပမာဏ ဖြစ်သည်။ လေဆိပ် အဆောင်အတွင်း သစ်ပင်ပုံ ဖော်ထားသော လေအေး ပေးစက် ၁၁၆ လုံးက အဆောင်၏ အတွင်းပိုင်း ဒီဇိုင်း နှင့် အလွန် ပဏာရသည်။

လေဆိပ် အဆောင်သစ် ကို ပထမဦးဆုံး အသုံးပြုသည့် လေယာဉ် ခရီးစဉ် အဖြစ် နိုဝင်ဘာ ၂၉ ရက် နံနက် က မွန်းဂိုလီးယား မှ ထွက်ခွာလာသော ရှင်ဇင် လေကြောင်း လေယာဉ် တစ်စီး ဆင်းသက် ခဲ့သည်။ လေဆိပ် အဆောင်သစ် ၏ တစ်ခုတည်းသော အားနည်းချက် မှာ မြေအောက် ရထားလမ်း နှင့် မချိတ်ဆက် မိသေးဘဲ ၂၀၁၆ ခုနှစ်ခန့် မှ ပြီးစီးမည် ဖြစ်သည်။ ကြယ်ငါးပွင့် အဆင့်ရှိပြီး အခန်း ၄၀၄ ခန်း ပါဝင်သော လေဆိပ် ဟိုတယ် ကိုလည်း တည်ဆောက် နေပြီ ဖြစ်သည်။

ယခင် လေဆိပ် အဆောင်ဟောင်း များကို ဈေးဝယ် စင်တာ ၊ ပြပွဲ ကျင်းပရာ ခန်းမ နှင့် ကုန်တင် လေယာဉ် များအတွက် အသုံးပြု သွားမည် ဖြစ်ကြောင်း သိရသည်။ ၂၀၁၂ ခုနှစ်တွင် ရှင်ဇင် လေဆိပ် မှ ခရီးသည် ၂၉ သန်း နှင့် ကုန်တင်ချိန် ၈၅၅၀၀၀ ကို တင်ပို့ခဲ့ပြီး တစ်နှစ်လျှင် ခရီးသည် ဦးရေ နှင့် ကုန်တန်ချိန် ၁၈ ရာခိုင်နှုန်း ခန့် တိုးလာသည့် အတွက် နှစ်စဉ် ခရီးသည် ၄၅ သန်း နှင့် ကုန်တန်ချိန်  ၂ သန်း တင်ပို့ရ မည်ဟု မျှော်လင့် ရကြောင်း ဆင်ဟွာ သတင်းတစ်ရပ် တွင် ဖော်ပြ ထားကြောင်း သိရှိရသည်။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...