Social Icons

Pages

Tuesday, October 15, 2013

လူနှင့်ဝန်းကျင် အလှဆင်နိုင် ကြစေဖို့


လူနှင့်ဝန်းကျင် အလှဆင်နိုင် ကြစေဖို့

အယ်ဒီတာ့အာဘော်
(၁၅-၁၀-၂၀၁၃ ရက် အင်္ဂါနေ့)

ယနေ့ ကမ္ဘာကြီး ပူနွေး လာမှုကြောင့် ရာသီဥတု ပြောင်းလဲ ဖောက်ပြန်မှု များ၏ ဆိုးကျိုး သက်ရောက်မှု များကို ခံစား နေကြရသည်။ ၂ဝ၁၂ ခုနှစ်အတွင်း ကမ္ဘာ့ နိုင်ငံများတွင် ဘေးအန္တရာယ် ဖြစ်ပွားမှု အကြိမ်ပေါင်း ၃ဝဝ ရှိ ခဲ့ပြီး လူပေါင်း ၉၃၃ ဦး အသက် ဆုံးရှုံး ခဲ့ကြရသည်။ စုစုပေါင်း ပျက်စီး ဆုံးရှုံးမှု တန်ဖိုး အမေရိကန် ဒေါ်လာ ၁၃၈ ဘီလီယံ ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂ဝ၁၂-၂ဝ၁၃ ခုနှစ်အတွင်း သဘာဝ ဘေးအန္တရာယ် ၄၁၈ ကြိမ် ဖြစ်ပွားခဲ့ရာ ဘေးသင့်သူ ဦးရေ ၂၃၄၅၈၄ ဦးရှိခဲ့သည်။ စုစုပေါင်း ပျက်စီး ဆုံးရှုံးမှု တန်ဖိုး ငွေကျပ် သန်းပေါင်း ၆၆၄၁ ဒသမ ၉၇ သန်းရှိ ခဲ့ခြင်းသည် ဖွံ့ဖြိုး တိုးတက်မှု အတွက် အဟန့်အတား ဖြစ်စေမည် ဖြစ်သည်။ ၂ဝ၁၃ ခုနှစ် ဇူလိုင် ၃၁ ရက်တွင် မြန်မာနိုင်ငံ သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံ ခန့်ခွဲမှု ဥပဒေကို အတည်ပြု ပြဋ္ဌာန်း ခဲ့ပြီးဖြစ်ရာ ယင်း ဥပဒေတွင် ဘေးအန္တရာယ် အများဆုံး ခံစား ကြရသူများ ဖြစ်သည့် ကလေး သူငယ်များ ၊ သက်ကြီး ရွယ်အိုများ ၊ မသန်စွမ်း သူများ နှင့် အမျိုးသမီး များအား ဦးစားပေး ကူညီ စောင့်ရှောက်ရန် ထည့်သွင်း ဖော်ပြ ထားသည်။

သဘာဝ ဘေးအန္တရာယ် ကျရောက် ချိန်တွင် ဒေသခံ ပြည်သူများ နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရ တို့က ပထမဦးဆုံး ရင်ဆိုင် ဖြေရှင်း ကြရမည် ဖြစ်ခြင်းကြောင့် ရင်ဆိုင် ဖြေရှင်းနိုင်သည့်  စွမ်းရည် တိုးတက် မြင့်မား လာစေရန် သဘာဝဘေးအန္တရာယ်မြင့်မားရေးဆိုင်ရာ သင်တန်းများ၊ ပညာပေးဆွေးနွေးမှုများ၊ ဇာတ်တိုက် လေ့ကျင့်ခြင်း လုပ်ငန်းများကို ကုလသမဂ္ဂ အဖွဲ့ ၊ ပြည်တွင်း ပြည်ပအစိုးရ မဟုတ်သော အဖွဲ့အစည်း များနှင့် ပူးပေါင်း ဆောင်ရွက် ကြရမည် ဖြစ်သည်။

ယနေ့ ကမ္ဘာတွင် ကြုံတွေ့ နေကြရသည့် သဘာဝ ဘေးအန္တရာယ် ဖြစ်ပွားမှု အကြိမ်များ လာမှုနှင့် ပိုမိုပြင်းထန် လာမှုတို့ကို ဖြေရှင်း ကြရာတွင် နိုင်ငံ တစ်နိုင်ငံတည်း ဖြေရှင်း၍ မရတော့ သဖြင့် မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတကာ အဖွဲ့အစည်းများ ၊ အာဆီယံ နိုင်ငံများ နှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိသည်။ နိုင်ငံတော်တွင် ကဏ္ဍအလိုက် ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းများ ရေးဆွဲရာတွင် သဘာဝ ဘေးအန္တရာယ် လျော့ပါးရေး စီမံချက်များ ထည့်သွင်း ဆောင်ရွက် ကြရမည် ဖြစ်သည်။ သဘာဝ ဘေးအန္တရာယ် ကို ကြိုတင် မသိနိုင် သော်လည်း ကြုံတွေ့ လာလျှင် ထိခိုက် ဆုံးရှုံးမှု အနည်းဆုံး ဖြစ်အောင် ကြိုတင် ဆောင်ရွက် နိုင်သည့် အနေအထား ရှိသည်။

ယနေ့ နိုင်ငံတော်တွင် သဘာဝ ဘေးအန္တရာယ် ကြုံတွေ့ ရသည့် အကြိမ် ပိုမို များပြား ပြင်းထန် လာသကဲ့သို့ လူတို့ ဖန်တီးသော မမြင်နိုင် မခန့်မှန်းနိုင် သည့် အဖျက်အမှောင့် လုပ်ရပ်များ ကိုလည်း အထူး သတိပြု ကြရမည် ဖြစ်သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ နှင့် ကေအိုင်အို ဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့တို့မှ ကိုယ်စားလှယ် များသည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်း အတွင်းရှိ မဂျယ်ခန်းမ တွင် အောက်တိုဘာ ၈ ရက်မှ ၁ဝ ရက် အထိ တွေ့ဆုံ ဆွေးနွေး ခဲ့ကြသည်။ တွေ့ဆုံ ဆွေးနွေးပွဲ၌ တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေး တည်ဆောက်ရေး ကို အာမခံ နိုင်သည့် နိုင်ငံရေး အရ သဘောတူ ညီမှုများ ထွက်ပေါ် လာနိုင်ရေးကို ဦးတည်၍ နှစ်ဖက် ကိုယ်စားလှယ် များမှ အသိ သက်သေများ ရှေ့မှောက်တွင် အချက် (၇) ချက်ကို နှစ်ဦးနှစ်ဖက် သဘောတူ အတည်ပြု ခဲ့ကြပြီး ဖြစ်သည်။


သို့ဖြစ်၍ အမိ မြန်မာ နိုင်ငံတော်ကြီး အတွင်း မှီတင်း နေထိုင် ကြကုန်သော တိုင်းရင်းသား ပြည်သူ အပေါင်းတို့သည် လူနှင့် ဝန်းကျင် အလှဆင် နိုင်ကြစေဖို့ သဘာဝ ဘေးအန္တရာယ် လျော့ပါးရေး အသင့် ရှိကြရန် လိုအပ် သကဲ့သို့ လူနှင့်လူချင်း လှည့်ဖြားခြင်း ကင်းရှင်းရေး ကိုလည်း အစဉ် သတိရှိ ကြရမည် ဖြစ်ပေသည်။   ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...