Social Icons

Pages

Thursday, October 17, 2013

ဗြောက်အိုး ဖောက်ကစားရာမှ နေအိမ် ၁၅ လုံး မီးလောင်ဆုံးရှုံး အိမ်ထောင်စု ၂၃ စု အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရ


မန္တလေး ၊ ၁၇-၁၀-၂၀၁၃

ယမန်နေ့ ညနေ ၃ နာရီ ၁၅ မိနစ် အချိန်တွင် မန္တလေးမြို့ ပြည်ကြီးတံခွန် မြို့နယ် ချမ်းမြသာယာ ရပ်ကွက် ရဲဘော်စိုက်ကွင်း အရှေ့ပိုင်း အတွင်း မီးလောင်မှု တစ်ခု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မန္တလေး ပြည်ကြီးတံခွန် မြို့နယ် ချမ်းမြသာယာ ရပ်ကွက် ရဲဘော် စိုက်ကွင်း အရှေ့ပိုင်း အကွက် (၈၉၁) နေ နိုင်လင်း (ခ) နိုင်လင်းညွန့် ၃၈ နှစ် (ဘ) ဦးညွန့်စိန် ၏ နေအိမ်တွင် ယမန်နေ့ ညနေ ၃ နာရီ ၁၅ မိနစ် အချိန်က သားဖြစ်သူ မောင်မိုးနိုင် (၃)နှစ်ခန့်မှ ဗြောက်အိုး ဖောက်၍ မီးခြစ်ကိုင် ဆော့ကစား ရာမှ မီးလောင်မှု ဖြစ်ပွား ခဲ့သည်။

အဆိုပါ မီးလောင်မှုကြောင့် နံကပ် နှစ်ထပ်အိမ် တစ်လုံး ၊ သွပ်မိုး ထရံကာ နှစ်ထပ်တိုက် ၃ လုံး ၊ သွပ်မိုး ထရံကာ မြေစိုက် ၁၁ လုံး စုစုပေါင်း နေအိမ် ၁၅ လုံး စုစုပေါင်း တန်ဖိုး ငွေကျပ် ၉၈၃၇၅၀၀ ခန့် ဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု ၂၃ စု လူဦးရေ ၁၀၀ ဦးတို့ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့သဖြင့် သက်ဆိုင်ရာ မှ မိုးကောင်း ဓမ္မာရုံတွင် ကယ်ဆယ်ရေး စခန်းဖွင့်လှစ်ပြီး စောင့်ရှောက် ထားရှိသည်။

မီးလောင် ရာသို့ မန္တလေးတိုင်း ဒေသကြီး မီးသတ် ဦးစီးဌာန မှ ဦးစီး၍ မီးသတ်ကား ၅၂ စီး ၊ မီးသတ် တပ်ဖွဲ့ဝင် ၂၅၀ ဦးတို့ဖြင့် ငြိမ်းသတ်ရာ ညနေ ၃ နာရီ ၄၅ မိနစ် ခန့်တွင် မီးငြိမ်းသတ် နိုင်ခဲ့သည်။


ထိုကဲ့သို့ မီးပေါ့ဆမှုကြောင့် နိုင်လင်း (ခ) နိုင်လင်းညွန့် အား ပြည်ကြီးတံခွန် မြို့နယ် ရဲစခန်း မှ ပ ၅၃၈ /၂၀၁၃ ပုဒ်မ ၂၈၅ ဖြင့် အရေးယူ ဆောင်ရွက် ထားကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...