Social Icons

Pages

Tuesday, October 8, 2013

အမျိုးသား ပို့ကုန် မဟာဗျူဟာ ရေးဆွဲသည့် နေရာတွင် ကုန်ပစ္စည်း ထုတ်လုပ်နိုင်သည့် အပိုင်းကို ဦးစားပေး လုပ်ဆောင်ရန်လို


ပြည်တွင်း အထည်ချုပ်လုပ်ငန်း တစ်ခုကို တွေ့ရစဉ်

ရန်ကုန် ၊ ၈-၁၀-၂၀၁၃

အမျိုးသား ပို့ကုန် မဟာဗျူဟာ ( National Export Strategy )  ရေးဆွဲသည့် နေရာတွင် ကုန်သွယ်မှု အပိုင်းကိုသာ အဓိက ဦးစားပေး၍ မရဘဲ ကုန်ပစ္စည်း ထုတ်လုပ် နိုင်သည့် အပိုင်းကိုလည်း ဦးစားပေး လုပ်ဆောင်ရန် လိုအပ် နေကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင် က ပြောကြားခဲ့သည်။

'' အမျိုးသားပို့ကုန် မဟာဗျူဟာ ရေးဆွဲတဲ့ နေရာမှာ လူတွေက Trade ကို မြင်ကြတယ် ၊ ဒါက မမှန်ဘူးလားဆို တော့ မှန်ပါတယ် ၊ ထုတ်လုပ်မှု ကိုအခြေခံပြီးမှ Trade က ဖြစ်လာတာပါ ၊ အမှန်က ကုန်ပစ္စည်း ထုတ်လုပ်မှုက အရေးကြီး ဆုံးပါ ၊ ထုတ်လုပ်တဲ့ ကုန်ပစ္စည်း မရှိဘဲ Export လုပ်လို့ မရပါဘူး ... " ဟု ၄င်းက ဆက်လက် ပြောကြား ခဲ့သည်။

အမျိုးသား ပို့ကုန် မဟာဗျူဟာ ရေးဆွဲရာတွင် နိုင်ငံခြားငွေ ရှာဖွေနိုင်သည့် လုပ်ငန်းများ အဖြစ် ဆန်စပါးကဏ္ဍ ၊ ပဲမျိုးစုံ ၊ နှမ်းကဏ္ဍ ၊ ရေထွက်ပစ္စည်း ကဏ္ဍ ၊ သစ်တောထွက် ပစ္စည်းကဏ္ဍ ၊ အထည်အလိပ် ကဏ္ဍနှင့် ခရီးသွား လုပ်ငန်း ကဏ္ဍများကို ထည့်သွင်းထားပြီး အောက်တိုဘာလ ၇ ရက် ၊ ၈ ရက်နှင့် ၉ ရက်များတွင် ရေထွက်ကုန် လုပ်ငန်း လုပ်ကိုင်သူများ နှင့် တွေ့ဆုံ သွားမည်ဟု သိရသည်။

မြန်မာ့ရေထွက်ကုန် လုပ်ငန်းတွင် အခြေခံ ကုန်ကြမ်း ရေထွက်ကုန် ပစ္စည်းများ ပေါများ နေသော်လည်း ကုန်ချော အဖြစ် ပြုပြင်ပြောင်းလဲ ထုတ်လုပ်နိုင်ခြင်း မရှိသေး၍ နိုင်ငံခြား ဝင်ငွေရရှိမှု အပိုင်းတွင် ရသင့်သလောက် မရရှိ ကြောင်း ၊ ရေထွက် လုပ်ငန်း လုပ်ကိုင် သည့် ပညာရှင်များက သုံးသပ် ပြောကြား ခဲ့သည်။


" ဒီမှာက ရေထွက်ကုန်မှာ ကုန်ကြမ်း တွေပေါတယ် ၊ သူများ နိုင်ငံတွေမှာရှား နေတဲ့ ငါးမျိုးစိတ်တွေ တောင်ရှိတယ် ၊ အဲဒါတွေကို ဖမ်းဆီးရ မိရင် ဒီအတိုင်း ပြည်ပကို တင်ပို့နေတယ် ၊ အဲဒီတော့ ဈေးက ရသင့် သလောက် မရဘူး ၊ ကုန်ချောအဖြစ် ပြောင်းပြီး ပို့နိုင်ဖို့ကြိုးစား ရမယ် . . . . '' ဟု ရေထွက်ပစ္စည်း ထုတ်လုပ် သူများ နှင့် ပို့ကုန်လုပ်ငန်းရှင် များအသင်း ဥက္ကဋ္ဌ ဒေါ်တိုးနန္ဒာတင် က ပြောကြား ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...