Social Icons

Pages

Monday, September 16, 2013

သန်းခေါင်စာရင်း ကောက်ယူခြင်း အကြောင်း သိကောင်းစရာ

အောင်ဝင်း (ဖျာပုံ)

နိုင်ငံတော်၏ လူမှုရေး ၊ စီးပွားရေး ၊ စီမံခန့်ခွဲရေး ကိစ္စရပ်များ အတွက် မူဝါဒများ ချမှတ်ခြင်း နှင့် စီမံကိန်းများ ရေးဆွဲ အကောင် အထည်ဖော်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံ ရမည့် လူဦးရေ ဆိုင်ရာ ကိန်းကဏန်း အချက်အလက် များ ရရှိထားရန် လိုအပ်ပေသည်။

မြန်မာနိုင်ငံ တွင် မြန်မာ သက္ကရာဇ် ၉၉၉ ခုနှစ် သာလွန် မင်းတရား လက်ထက်နှင့် ၁၁၄၅ ခုနှစ် ဘိုးတော်ဘုရား လက်ထက် တို့တွင် သန်းခေါင်စာရင်း သဘော သက်ရောက်သည့် စစ်တမ်းများ ကောက်ယူ ခဲ့သကဲ့သို့ ၁၈၇၂ ခုနှစ်မှ စ၍ ၁၉၄၁ ခုနှစ်အထိ အောက် မြန်မာပြည်တွင် ၁ဝ နှစ် တစ်ကြိမ် သန်းခေါင် စာရင်း ကောက်ယူ ခဲ့သည်။ လွတ်လပ်ရေး ရပြီးနောက် ၁၉၅၃ ခုနှစ်တွင် မြို့ ၂၅၂ မြို့နှင့် ၁၉၅၄ ခုနှစ်တွင် ကျေးရွာအုပ်စု ၃၁၅၉ တို့အား သန်းခေါင် စာရင်း ကောက်ယူ ခဲ့ကြောင်း သိရသည်။

ပြည်လုံးကျွတ် သန်းခေါင် စာရင်းကို ၁၉၇၃ ခုနှစ်တွင် တစ်ကြိမ်နှင့် ၁၉၈၃ ခုနှစ်တွင် တစ်ကြိမ် ကောက်ယူ ခဲ့သည်။ ၁ဝ နှစ်တစ်ကြိမ် ကောက်ယူရန် ဖြစ်သော်လည်း အကြောင်း ကြောင်းကြောင့် ကောက်ယူ နိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။

လာမည့် ၂ဝ၁၄ ခုနှစ် မတ် ၃ဝ ရက်မှ ဧပြီ ၁ဝ ရက်အထိ သန်းခေါင် စာရင်း ကောက်ရန် နိုင်ငံတော်မှ သတ်မှတ် ထားရှိပြီး လိုအပ်သည့် အစီအမံများ စီစဉ် ဆောင်ရွက် နေသည့် အချိန်ကာလ ဖြစ်ပေသည်။ (၂ဝ၁၄ ခုနှစ် မတ် ၂၉ ရက် ညဥ့်သန်းခေါင်ယံ အချိန် မိမိတို့ နေအိမ်တွင် ရှိနေသော သူများ၏ စာရင်းကို ကောက်ယူမည် ဖြစ်သည်။)

သန်းခေါင် စာရင်း နေ့ ညဥ့် သန်းခေါင်ယံ အချိန် နိုင်ငံတော်၏ နယ်နိမိတ် အတွင်းရှိသူ ၊ နေထိုင်သူများ ၊ မတ် ၂၉ ရက်ညဥ့် သန်းခေါင်ယံ ကျော်လွန်ပြီးမှ သေဆုံးသူများ စာရင်းနှင့် နိုင်ငံရပ်ခြား ရောက်ရှိနေသည့် သံရုံး ၀န်ထမ်းများ ၊ နိုင်ငံခြားတွင် နေထိုင်လျက် ရှိသည့် မြန်မာ နိုင်ငံသားများ စာရင်း ကောက်ယူမည် ဖြစ်သည်။

သန်းခေါင် စာရင်း ကောက်ယူမည့် အဖွဲ့အစည်း များမှ ပြည်သူများသို့ နိုင်ငံတော် နှင့် မိမိ မိသားစု အကျိုးရှိ စေမည့် မေးခွန်းပေါင်း ၂ဝ ကျော်ကို မေးမြန်း ကောက်ခံ မည်ဖြစ်သည်။ ယင်း မေးခွန်းများကို မှန်ကန်စွာ ဖြေဆိုပေးရန် လိုအပ် ပါသည်။ မေးခွန်းများ အပေါ် စိုးရိမ် ကြောင့်ကြစိတ် ထားရန် မလိုပါ။ သန်းခေါင်စာရင်း ကောက်ယူသည့် အချက်အလက် များကို အခြားမည်သည့် မှုခင်း အတွက်မျှ အသုံးမပြု ကြောင်းနှင့် တစ်စုံတစ်ရာ စစ်ဆေးခြင်း မပြုကြောင်း နိုင်ငံတော်မှ တာဝန်ယူ ထားပြီး ဖြစ်ပါသည်။ သန်းခေါင်စာရင်း ပါ အချက်အလက် မေးခွန်းများ မှန်ကန်စွာ ပြည်သူများမှ ဖြေဆို ပေးခြင်းဖြင့် ပြည်ထောင်စု အစိုးရ အဖွဲ့မှ မိမိတို့နေထိုင်ရာ နယ်မြေအတွင်း လိုအပ်နေသည့် စာသင်ကျောင်း ၊ ဆေးရုံ ၊ ဆေးပေးခန်း ၊ ရေပေးဝေ စနစ် ၊ လျှပ်စစ် ဓာတ်အား ၊ လမ်းတံတား ၊ အလုပ်အကိုင် အခွင့်အလမ်း ၊ နယ်မြေ ကာကွယ်ရေး ၊ လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်မှု ၊ မသန်စွမ်း သူများ စောင့်ရှောက်ရေး ၊ ဘိုးဘွားများ စောင့်ရှောက်ရေး နှင့် အမျိုးသမီး များနှင့် ကလေး သူငယ်များ စောင့်ရှောက်ရေး လုပ်ငန်းများ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက် ရာတွင် အထောက်အကူ များစွာ ရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။

ပြည်လုံးကျွတ် သန်းခေါင် စာရင်း ကောက်ယူသည့် လုပ်ငန်းသည် နိုင်ငံတော် ၏ စီမံကိန်းများ အောင်မြင် စေမည့် တစ်ခုတည်း သော နည်းလမ်း ဖြစ်သည်။ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းသည် ကြီးမား ကျယ်ပြန့်သည့် လုပ်ငန်းဖြစ်သည့် အတွက် ဝန်ကြီးဌာန တစ်ခုတည်း ဆောင်ရွက်၍ မရနိုင်ပေ။ နိုင်ငံတော် နှင့် ပြည်သူများ ပူးပေါင်း ဆောင်ရွက်ပါမှ သတ်မှတ်သည့် လုပ်ငန်း သတ်မှတ် ထားသည့် ကာလတွင် အောင်မြင်စွာ ပြီးမြောက်မည် ဖြစ်သည်။

သို့ပါ၍ သတ်မှတ် တာဝန် ပေးအပ်ခြင်း ခံရမည့် ကော်မတီ အဆင့်ဆင့် စာရင်းစစ် ၊ စာရင်းကောက် နှင့် ပြည်သူများ အားလုံးကျရာ အခန်းကဏ္ဍ များမှ မွန်မြတ်သည့် စိတ်ထားဖြင့် တက်ကြွ နိုးကြားစွာ ပါဝင် ဆောင်ရွက် ပေးရန် လိုအပ် လှပါကြောင်း တိုက်တွန်း ရေးသား အပ်ပါသည်။ ။



No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...