Social Icons

Pages

Friday, September 20, 2013

ငြိမ်းချမ်းရေးအတွက် ရေးတဲ့စာ

ငြိမ်းချမ်းရေးအတွက် ရေးတဲ့စာ

( စူးရှထက်မြက် - မြင်းမူ )

အချင်းချင်း အမျက် အဤ တစ်စေ့မရှိ ချစ်သော မျက်စိဖြင့် ရှုကြရစေ၏။ (သိင်္ဃသူ့သမီးကျောက်စာ)

ဤစကားလေး က ပုဂံခေတ် သက္ကရာဇ် ၆၂၈ ခု၊ ပိသျှက်နှစ် နံကာလဆန်း ၇ ရက် ကြာသပတေးနေ့ က သိင်္ဃသူ့ သမီး ကျောက်စာမှာ တွေ့ရသည့် မှတ်သားဖွယ် စကားလေး ဖြစ်ပါသည်။ စိတ်ရင်းဓာတ်ခံ မှန်ကန်သော ဒဿန တရားပါတဲ့ အမှတ်တရ စကားလေး လို့လည်း တစ်နည်း အားဖြင့် ပြောနိုင် ပါသေးသည်။

သူမရဲ့စိတ်စေတနာက '' ငြိမ်းချမ်းရေး '' ကို ရှေးရှု နေကြောင်းကိုပါ သက်သေခံ နေပါသည်။ ယနေ့ ခေတ်မှာ '' ငြိမ်းချမ်းရေး '' ဆိုတဲ့ စကားလုံးကို ခံစားချက် ပြင်းပြင်းထန်ထန် နှင့် မလိုအပ်ဘဲ သုံးနေသော ဝေါဟာရ တစ်ခုအဖြစ် လည်း တွေ့မြင် ရသေး၏။ အမှန် တကယ်တော့ ကျွန်တော်တို့ နိုင်ငံသည် ငြိမ်းချမ်းစွာ သွားလာလှုပ်ရှား နေထိုင် စားသောက် ကြသော နိုင်ငံဆိုတာ လည်း လူတိုင်းအသိ။ ဒါပေမဲ့ '' ဒီမိုကရေစီ '' လို့ ကြွေးကြော် နေကြ သူများက '' လူ့အခွင့်အရေး '' ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး မိမိတို့ရဲ့ အလိုဆန္ဒ မပြည့်ဝမှုကို လူ အင်အားစုပြီး ပြည်သူ့ကြားမှာ တိုးဝင် ၊ မငြိမ်းချမ်းမှု တွေ ဖန်တီးပြီး တစ်ဦး တစ်ယောက်ကို အပြစ်တင်ဖို့ ၊ တစ်စုတစ်ဖွဲ့ကို တရားခံ ဖြစ်အောင် လုပ်ဖို့ ကမ္ဘာထိ ပျံ့နှံ့ သွားအောင် ပြုလုပ် နေတဲ့ သွေးထိုး လှုံ့ဆော်မှု တစ်ခုဆိုတာ သိသာ လှပါတယ်။

ပြည်သူကို အသိဉာဏ် ဖွင့်ပေး ချင်တယ်။ ဗဟုသုတ တွေ တိုးတက် စေချင်တယ်။ မျက်စိပွင့် နားပွင့် ဖြစ်စေ ချင်တယ်ဆိုရင် မှန်ကန်သော နည်းလမ်းများ နှင့်သာ စည်းရုံး တည်ဆောက် ပြုပြင်မှ ခေါင်းဆောင် ကောင်း တစ်ယောက် အဖြစ် လေးစားဖွယ်ရာ ဖြစ်လာမှာပေါ့။ စာရေးသူရဲ့ အတွေး တိမ်တယ်ပဲ ပြောပြော ၊ ညံ့တယ်ပဲ ဆိုဆို ကြိုက်သလို ဝေဖန်နိုင် ပါတယ်။ ကျွန်တော်တို့ နိုင်ငံဟာ ငြိမ်းချမ်း နေဆဲပါ။ ပြည်သူက တင်မြှောက် လိုက်တဲ့ သမ္မတကြီး နှင့် အစိုးရအဖွဲ့ဟာ နိုင်ငံတော် ပြုပြင် ပြောင်းလဲရေး နှင့် ဒီမိုကရေစီ ဖော်ဆောင်ရေး တွေကို ငြိမ်းချမ်းစွာ နဲ့ ပြည့်ပြည့်ဝဝ ဆောင်ရွက်နေတာ ကျွန်တော်တို့ ၊ ခင်ဗျားတို့ အသိပဲ ၊ အမြင်ပဲ ဒါပေမဲ့ တစ်ခုတော့ ရှိတာပေါ့။ သန်း ၆ဝ ကျော် ရှိတဲ့ ဒီနိုင်ငံမှာ တစ်ဦးစီရဲ့ လိုအပ်ချက် တွေကို ချက်ချင်း လက်ငင်း ဖြည့်ဆည်း ပေးဖို့ဆိုတာ မလွယ်တဲ့ ကိစ္စပဲ ၊ ကိုယ့်မိသားစု မှာတောင် မလွယ်တဲ့ ကိစ္စ ၊ ကိုယ့်ဘက် ကလည်း စည်းကမ်းရှိဖို့ ၊ လုံ့လဝီရိယ အားစိုက်ဖို့ နဲ့ ရိုးသား ကြိုးစားဖို့ ဆိုတာ တွေလည်း လိုသေးတာပဲ မဟုတ်လား။

ကျွန်တော်တို့ရဲ့ မြတ်စွာဘုရား တောင်မှ သတ္တဝါတို့ရဲ့ကောင်းကျိုးကို ဖော်ဆောင် ရာမှာ စိတ်ဓာတ်နှင့် အသိတရား တိုးတက် မြင့်မားဖို့ ၊ မှန်ကန်ဖို့ လောက်ပဲ ပြုပြင်ပြောင်း လဲပေးခဲ့တာ မဟုတ်လား။ ဘယ်သူတော့ ဆင်းရဲနေလို့ ထီပေါက်စေ ၊ ဘယ်သူ့ကို တော့ဖြင့် စားစရာ မရှိလို့ ရွှေအိုး ကြီးတွေ့စေဆိုပြီး ဖန်ဆင်း မစပေး ခဲ့တာမှ မဟုတ်ဘဲ။ အဲဒီလို တစ်ဦးစီ ကျေနပ်ဖို့ ၊ တစ်ဦးစီရဲ့ လိုအပ်ချက် တွေ ဖြည့်ဆည်း နိုင်ဖို့ဆိုတာ အချိန်ယူ ဆောင်ရွက် ရမယ့်ကိစ္စပါ။ နေ့ချင်းညချင်း ကိုယ့်ဆန္ဒ မပြည့်ဝလို့ '' မငြိမ်းချမ်းပါဘူး ၊ ငြိမ်းချမ်းရေး ပေးပါ ''ဆိုပြီး အော်ဟစ် နေချင်လို့တော့ မဖြစ်နိုင် ဘူးပေါ့။ အခု ရေတွင်းတူး ၊ အခု ရေကြည်သောက် ဘယ်တုန်းက ဖြစ်ရိုး ထုံးစံ ရှိလို့လဲ၊ အချိန် စောင့်ရမှာပေါ့။ ရေတွင်း မတူးဘဲ နဲ့လည်း ဘယ်မှာလာပြီး ရေသောက် ရပါ့မလဲ။ ကိုယ်က ရေတွင်း မတူးလို့ ရေမသောက် ရတာကို ရေငတ်လို့ သေရပါ တော့မယ်၊ လူ့အခွင့် အရေးတွေ ဆုံးရှုံး နေရပါပြီလို့ အော်ဟစ် တောင်းဆို နေလည်း လူကြား မကောင်းရုံဘဲ ရှိမှာ ပေါ့ မဟုတ်ဘူးလား။

'' တို့မဲပေးလို့ အစိုးရ ဖြစ်သွားတဲ့ သူတွေ တို့လိုအပ်ချက် တွေကို မဖြစ် ဖြစ်အောင် လုပ်ပေးရမယ် '' ဆိုတဲ့ အတွေးအခေါ် အသိတရား ကလည်း လမ်းမှားကို ရောက်စေ ပါတယ်။ '' ကျီးကလည်း ဘုတ်ရိုသေ ၊ ဘုတ်ကလည်း ကျီးရိုသေ '' ဆိုတဲ့ စကားလိုပေါ့ တာဝန်ရှိ သူနှင့်ပြည်သူ ကြည်ဖြူစွာ လက်တွဲကြရင် ငြိမ်းချမ်း သာယာပြီး ခေတ်မီ ဖွံ့ဖြိုး တိုးတက်သော စည်းကမ်း ပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ် ဆိုတာ အလိုလို ပေါ်လာ ရမှာပေါ့။ ဒီမိုကရေစီကို လိုချင်ရင် စည်းကမ်း ရှိရမယ် ၊ အသိတရား မှန်ရမယ် ၊ အမြင် ကြည်လင် ရမယ် ၊ အထူးသဖြင့် ကျွန်တော်တို့ နိုင်ငံအနေနဲ့ လောက နီတိတွေ ၊ ပြည်သူ့ နီတိတွေ ၊ အလုပ်ခွင်စည်းကမ်းတွေ ၊ ရပ်ရွာ  စည်းကမ်းတွေ ၊ အခြေခံ ဥပဒေ၏ လိုက်နာ ကျင့်ဆောင် ဖွယ်ရာတွေ ၊ အမျိုးသား ကျင့်ဝတ်တွေ ၊ တိုင်းရင်းသား အချင်းချင်း စည်းလုံး ညီညွတ်မှု နှင့် ယုံကြည်မှုတွေ ၊ နားလည်မှု အပြည့်အဝ ပေးနိုင်တာတွေ ၊ ဖြည့်ဆည်း ဆောင်ရွက် ရမယ့် တာဝန်တွေကို ဆောင်ထားပြီး အကြမ်းဖက်မှု တွေ ၊ မလိုလားအပ်တဲ့ ကောလာဟလ ဖြန့်ဝေမှုတွေ၊ ဘာသာရေး ဆိုင်ရာ အထင်အမြင် လွဲမှားမှုတွေ ပေါ်အောင် ဖန်တီးမှုကို ရှောင်ကြဉ် ပြီး အမျိုးသားရေး အသိ ၊ ဒီမိုကရေစီ အမြင်တွေကို ကြည်လင်စွာ နဲ့ ဆောင်ရွက် တတ်ဖို့လို ပါတယ်။ ဒါဆိုရင် '' ငြိမ်းချမ်းရေး '' ဆိုတာ လူတိုင်း ခံစားရမှာပဲ လို့ ယုံကြည်မိ ပါတယ်။ လူ့ဘောင် အဖွဲ့အစည်း ဖွံ့ဖြိုး တိုးတက်မှု ၊ လူသား အရင်းအမြစ် တိုးတက် ခိုင်မာမှု တွေဟာ '' ငြိမ်းချမ်းရေး ''ရဲ့ အခြေခံ တွေပဲဆိုတာ သိထားရင် အမြဲတမ်း ကျေနပ် နေလိမ့်မယ်လို့ ထင်ပါတယ်။

၁၉၄၇ ခုနှစ် မေ ၁၉ ရက်က ဂျူဗလီဟော ပဏာမ ညီလာခံမှာ ဗိုလ်ချုပ် အောင်ဆန်း ပြောခဲ့တဲ့ စကားကို နားထောင် ကြည့်စမ်းပါ။ '' ဒီမိုကရေစီဆိုတာ ဘယ်လို အင်္ဂါရပ် မျိုးနဲ့ ညီညွတ် ရမလဲ ၊ အဲဒီလို ကျပ်ပြည့် တင်းပြည့် ဒီမိုကရေစီ မျိုးကို ကျုပ်တို့ ဘယ်လို တည်ဆောက် ရမလဲ ၊ ချက်ချင်း ဖြစ်မလား ၊ ဘယ်လောက် ကြာမလဲ ၊ ဘယ်နည်း အကောင်း ဆုံးလဲ ဆိုတာတွေကို အခု ကျုပ်တို့ တိုင်းပြည် ပြန် တည်ဆောက် ရမယ့် အခါ အထူး စဉ်းစားရမယ့် အချက်တွေပဲ ... '' ဒီစကားကို လက်ခံ တယ်ဆိုရင် ရှေ့ဆက် ဘယ်လိုလုပ် သင့်တယ်။ ဘာလုပ်ရ မယ်ဆိုတာ ဆုံးဖြတ်တတ် မယ်လို့ ထင်ပါတယ်။

ဒီတော့ ငိုတတ်တဲ့ ကလေး နို့စို့ရတယ် ဆိုတိုင်းသာ ငိုနေ ရင်တော့ ငိုတဲ့လူလည်း ပင်ပန်းမယ် ၊ မအားမလပ်လို့ နို့မတိုက် ရတဲ့မိခင်လည်း စိတ်ဆင်းရဲ ရုံဘဲရှိမှာပေါ့ မဟုတ်ဘူးလား။ လူဆိုတာ ကုသိုလ် ရအောင် လုပ်ရင် ကုသိုလ်ရမှာပဲ။ ငရဲ ကျအောင်လုပ်ရင် ငရဲကျမှာပဲ။ ဒါကို ငရဲကျတဲ့ လူက နိဗ္ဗာန် ရောက်ချင် ပါတယ်ဆိုပြီး အော်နေလို့လည်း အကျိုးထူးမယ် တဲ့လား။ နိဗ္ဗာန် ရောက်ချင်ရင် ကုသိုလ် တစ်ဖန် ပြန်လုပ်ပေါ့။ ချက်ချင်းတော့ နိဗ္ဗာန် ဘယ်ရောက် နိုင်ပါ့မလဲ။ ဒီလိုပဲလေ ထောင်ကျ နေတဲ့လူက သမ္မတ ထွက်လုပ်ချင်လို့ ဘယ်ဖြစ်မလဲ ၊ စဉ်းစားလည်း ကြည့်ပါဦး။ ဒီလိုသာ လူ့အခွင့်အရေး ဆိုတဲ့ ခေါင်းစဉ်ကြီး နဲ့သာ ထောင်ထဲက လူတွေကို သမ္မတပေး မိရင် တိုင်းပြည်ကို နိုင်ငံတကာက ဘယ်လို မြင်မလဲ ဆိုတာ စဉ်းစား ကြည့်စမ်း ပါဦး။

ကျွန်တော်တို့ နိုင်ငံမှာ ဒီမိုကရေစီ ကျင့်စဉ်နှင့် အညီ ပြည်သူ့ဆန္ဒ အရ ရွေးချယ် တင်မြှောက်ထားတဲ့ အစိုးရအဖွဲ့ ရှိနေပြီ။ ဘာပူ စရာလိုလို့လည်း သူတို့လည်း မှန်ကန်တဲ့ စီမံခန့်ခွဲမှုတွေ ၊ အုပ်ချုပ်မှုတွေ နဲ့အညီ ဒီမိုကရေစီ ဖော်ဆောင် ရေးတွေ လုပ်ကိုင် နေကြတာ ခင်ဗျားတို့ ၊ ကျုပ်တို့အမြင်ပဲ။ ပြီးတော့ '' လွှတ်တော် '' ၊ '' မဏ္ဍိုင်လေးရပ် '' ကာကွယ်ရေးနဲ့ လုံခြုံရေး အတွက် '' တပ်မတော် '' ဒါဆိုရင် ပြည့်စုံ လုံလောက် တဲ့ '' ငြိမ်းချမ်းမှု '' တွေရနေပြီပဲ။ စီးပွားရေး ဖွံ့ဖြိုးမှုတွေ ကလည်း နေ့မအား၊ ညမအား ဆောင်ရွက် နေဆဲပဲလေ။ အဲဒါတွေကို အချင်းချင်း အမျက် အဤ တစ်စေ့ မရှိ ချစ်သော မျက်စိနှင့် တော့ ကြည့်တတ်ဖို့ လိုတာပေါ့ မဟုတ်ဘူးလား။

တာဝန်ယူ ဆောင်ရွက် နေကြတဲ့ အဖွဲ့အစည်း ၊ လူပုဂ္ဂိုလ် တွေအပေါ်မှာ မိမိဆန္ဒနဲ့ တစ်ထပ်တည်း မကျတိုင်း ၊ အလို မကျမှုတွေနဲ့ အပြစ်ပြော ဝေဖန် ၊ အပုပ်ချ ၊ အများ အကြည်ညို ပျက်စေအောင် ကဲ့ရဲ့ထောက်ပြ ပြောဆို တာကတော့ နိုင်ငံသား ကျင့်ဝတ်နဲ့ မညီတဲ့ လုပ်ဆောင်မှုပဲ။ ဒါမျိုးတွေ ဒီကနေ့ အချိန်မှာ ခင်ဗျားလည်း မလုပ်သင့်ဘူး၊ ကျွန်တော်လည်း မလုပ်ရဘူး။ သမ္မတကြီးနှင့် အစိုးရအဖွဲ့ က တိုင်းပြည်နှင့် ပတ်သက်သမျှ မကျန်ရအောင် ဆောင်ရွက် နေကြတာ အများအသိ ၊ ကမ္ဘာက အထိ သိတယ်။ ဒါကြောင့်လည်း အိမ်နီးချင်း ကောင်းပီသတဲ့ နိုင်ငံတွေ ၊ မိတ်ဆွေ ကောင်းပီသ တဲ့နိုင်ငံတွေ ၊ လူသားချင်း စာနာစိတ် ရှိတဲ့ နိုင်ငံတွေက အားတက် သရော အပြန်အလှန် ကူညီနေကြတာ ဘယ်လောက် ကျေနပ်ဖို့ ကောင်းသလဲ။ ဒီလိုအခါမျိုးမှာ ရွှေဟင်္သာ ဆရာတော်ကြီး ရဲ့ အဆုံးအမ လမ်းညွှန်ချက် ကလေးက ခုထိနားထဲက ကို မထွက်ဘူး။

အများအကျိုး ရွက်သယ်ပိုးက
ခနိုးခနဲ့ ဆိုကဲ့ရဲ့လည်း
မဖဲ့မစောင်း ကိုယ့်လမ်းကြောင်းကို 
စိတ်ကောင်း နှင့်ယှဉ် ရှေးရှုနှင်လော့ ... ဆိုတဲ့ ဒီစကားလေး က တိုင်းပြည် ကောင်းစားဖို့ အတွက် အားဆေး တစ်ခွက်ပါလို့ ဆိုရင်လည်း မမှားပါဘူး။ ပြီးတော့ ရှိသေးတယ်။ '' လူမိုက် တစ်သောင်းကဲ့ရဲ့ ညောင်းလည်း ၊ လူကောင်း တစ်ယောက် ချီးမွမ်းရင် ပျောက်သတဲ့ '' ဆိုတဲ့စကား ကလည်း ကျေနပ်အား ရစရာပါ။ ဒါကြောင့် ချစ်စကို ရှည်စေ ၊ မုန်းစကို တိုစေပေါ့။ အချင်းချင်း ချစ်သော မျက်စိဖြင့်သာ ရှုစေချင် ပါတယ်။ မှုန်ဝါးဝါး မျက်စိ ၊ အလိုမကျသော မျက်စိတွေနဲ့ ကြည့်ရင် အမြင်စောင်းပြီး မကြည်လင်ဘဲ ခပ်ဝါးဝါးဖြစ် နေမှာပေါ့။ တပ်မတော် ဆိုရင်လည်း နယ်ချဲ့ ဆန့်ကျင်ရေး ၊ ဖက်ဆစ် တိုက်ဖျက်ရေး နှင့်အတူ ဗိုလ်ချုပ် အောင်ဆန်း တို့ မျိုးချစ်လူငယ်တွေ သွေးသစ္စာ သောက်ပြီး ဖွဲ့စည်းခဲ့တာပဲ။ ပြည်တွင်း မှာရှိတဲ့ တိုင်းရင်းသား တွေရဲ့သားသမီး တွေပဲ ၊ တပ်မတော် ဟာ တိုင်းပြည် အတွက် အချိန်တိုင်းမှာ ပြည်သူနှင့် အတူ ရှိနေတာပဲ။ တိုင်းပြည် အတွက် အသက်စွန့်ဝံ့ တာ သူတို့ ပဲ။ သူတို့ရဲ့ အတွေးအခေါ် အယူအဆ ၊ ခံယူချက် ၊ စွန့်စားလို သော စိတ်ဓာတ်တွေ ၊ ယုံကြည်မှုတွေ ကလည်း ဘယ်လောက် ခိုင်မာပြတ်သား မြင့်မြတ်သလဲ ကြည့်ပါဦး။

- ပြည်သူ့အတွက် တပ်မတော်
- ပြည်ထောင်စုဖြိုခွဲသူ တို့ရန်သူ
- တပ်နှင့် ပြည်သူလက်တွဲကူ၊ ပြည်ထောင်စုဖြိုခွဲသူမှန်သမျှ ချေမှုန်းကြ။
- တိုင်းရင်းသားအချင်းချင်းလေးစားပါ။ တန်းတူရည်တူဆက်ဆံပါ။
- တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှသစ္စာမဖောက်။
- တိုင်းပြည်အားသည် ပြည်တွင်းမှာသာရှိသည်။
- တပ်မတော်ဖြိုခွဲမည့်အကြံ တို့လက်မခံ
- ဘယ်သူခွဲခွဲတို့မကွဲ အမြဲစည်းလုံးမည်။
- တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်။
- လွတ်လပ်ရေးကို ကာကွယ်ပါ။ သင့်ကြောင့်ပြည်ထောင်စုကြီး မပြိုကွဲပါစေနှင့်။

ဒါတွေကို ကြည့်ရင် တပ်မတော်ရဲ့ စေတနာ အစစ်အမှန် အရင်းခံတွေပါ။ တပ်မတော်ဟာ တိုင်းပြည် အတွက် ဆိုစေသည့်ကျွန် ၊ ထွန်သည့်နွား ဆိုသကဲ့သို့ ပြည်သူ့အတွက် ၊ တိုင်းပြည် အတွက် တကယ့် အာဇာနည် တွေပဲ ၊ ဗိုလ်ချုပ် အောင်ဆန်းရဲ့ အမွေခံသား များလို့ ဆိုရလောက် အောင် အနစ်နာခံ နိုင်ရှာကြ ပါတယ်။ စာရေးဆရာကြီး မဟာဆွေက ၁၉၃၉ ခုနှစ် ဒီဇင်ဘာလ ထုတ် ကြီးပွားရေး မဂ္ဂဇင်းမှာ မကြောက်တရား ဆောင်းပါး တွေကို '' နေသူရိန် '' ဆိုတဲ့ ကလောင်အမည် နဲ့ ရေးခဲ့တာကို အိမ်ရှေ့ ကိုယ်တော်ကြီး ဆောင်းပါးက သူ့စကားနဲ့ ပြောကြည့် ချင်ပါတယ်။

'' အမောင်တို့ ကျွန်ုပ် ဆိုလိုရင်းကို နားလည် ကြပြီမဟုတ် လော။ အမောင်တို့ နိုင်ငံ ကောင်းစားရေး အတွက် သေနတ် ပစ်တတ်မှ ၊ လက်ပစ်ဗုံး ပစ်တတ်မှ ၊ လေယာဉ်ပျံ မောင်းတတ် မှ ၊ ဝိုင်ယာလက် ၊ ရေမြုပ် ၊ ကြေးနန်းဘာမဆို ခေတ်နှင့် အညီ ပေါ်ထွက် လာသော လက်ရုံးအားကိုး လက်နက်မျိုး လုပ်ကိုင်နိုင်မှ အဆင့် အတန်းမြင့် ကြမည်ကို သတိပြု ကြလော့။ အနာဂတ် အုပ်ချုပ်ရေး အမောင်တို့ တိုင်းပြည်ကို အမောင်တို့ ကာကွယ်ရမည်။ အမောင် တို့သည် ယခု ကတည်းက ကာယ ဗလဖွံ့ဖြိုးရေး ၊ စစ်အတတ် သင်ကြားရေး တို့ကို လေ့လာကြ ပါလော့။ စစ်သား မရှိသော တိုင်းပြည်သည် ခြေထောက်နှစ် ဖက်ပြတ်သော တိုင်းပြည်နှင့် တူ၍ သူများကို တိုက်ရည် လည်း မရှိ ၊ ခံရည်လည်း မရှိ၊ အဘက်ဘက်က ရှုံး၍ နေတော့၏။ အမောင်တို့ အပျော်အပါးကို တန်းချိတ် ထားပြီးလျှင် အမောင်တို့ သားစဉ် မြေးဆက် ကောင်းစားရေး အတွက် ကြိုးစား ကြစမ်းပါလော့။  ပဇာကြောင့် လူပေါ်ကြော့ လူပျော်လူရွှင် ကလေးတွေ အဖြစ်နှင့် နေထိုင်လိုကြ သနည်း။ ငါတို့လူမျိုး သည် သူများကို အရှုံးပေး လိုသော လူမျိုးမဟုတ်။ သွေးနက် အောင်ပြုပြင် ကြလော့ .. .. .. '' ဆိုပြီး ရေးသားခဲ့ ဖူးတာကို ဖတ်ကြည့် ကြစမ်းပါ။

ဒါကိုကြည့်ရင် ယနေ့လူငယ် တွေဟာ တိုင်းပြည် အတွက် အဓိက ကျသော လုပ်သင့် လုပ်ထိုက် တာတွေ လုပ်ကြဖို့ တိုက်တွန်း လှုံ့ဆော် ထားတာ တွေ့ရပါတယ်။ ဦးလတ်ရဲ့ '' ရွှေပြည်စိုး '' ဝတ္ထုထဲက ဦးရာကျော် ပြောသလို ပြောရရင် အမျိုးအနွယ် ၏ တင့်တယ်ခြင်း ကို ဆောင်တတ်သော သားကောင်း ရတနာထက် လောကမှာ ဘယ်ရတနာ မြတ်သေးသလဲ ဆိုတာလိုပါပဲ။ တိုင်းပြည်ရဲ့သားကောင်း ရတနာဖြစ်ဖို့ သားသမီး ဝတ္တရားမှာ ပါတဲ့ '' စောင့်လေမျိုးနွယ် ''ဆိုတဲ့ တာဝန် ဝတ္တရား အတိုင်း အမျိုးအနွယ်ကို စောင့်ရှောက် ဖို့အတွက် စစ်မှန်သော မျိုးချစ်စိတ် ၊ မှန်ကန်သော အတွေးအခေါ် ၊ အမျိုးသားရေး သတိ၊ ဒီမိုကရေစီ ကျသော နိုင်ငံရေး အမြင် ၊ နိုးကြား တက်ကြွသော လူငယ့်ဂုဏ် များဖြင့် ကျရာနေရာမှ မိမိတာဝန်ကို ကျေပွန်အောင် ထမ်းဆောင် ခြင်းဖြင့် သားကောင်း တစ်ယောက် ကျောက်ကောင်း တစ်ပွင့် ဘဝကို ပိုင်ဆိုင် နိုင်ကြမှာ ဖြစ်ပါတယ်။


ဒါကြောင့် ယနေ့ တာဝန်ရှိသူ ၊ တာဝန် ထမ်းဆောင်ကြသူ ၊ လုပ်ငန်း ဆောင်ရွက် ကြသူများ နှင့် ပြည်သူတို့ အပေါ် စင်ကြယ်သော စေတနာဖြင့် အချင်းချင်း အမျက် အဤ တစ်စေ့မရှိ ချစ်သော မျက်စိဖြင့် ရှုကြစေမည် ဆိုလျှင် '' ငြိမ်းချမ်းရေး '' သည် အော်ဟစ် တောင်းခံ စရာမလိုဘဲ မိမိကိုယ်ပိုင် ပစ္စည်းအဖြစ် ထာဝရပိုင်ဆိုင် နေကြမည်သာ .. .. .. ။  ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...