Social Icons

Pages

Wednesday, August 21, 2013

အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နားစခန်းရှိ Arrival Terminal အဆောက်အအုံသစ် စမ်းသပ် အခမဲ့ ၀န်ဆောင်မှုပေး


ရန်ကုန် ၊ ၂၁-၈-၂၀၁၃

ရန်ကုန်မြို့ အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နား စခန်း အတွင်း ခေတ်မီ အဆင့်မြင့် အဝေးပြေး ယာဉ်ကြီးများ ဆိုက်ရောက် နိုင်သည့် Arrival Terminal အဆောက်အအုံ သစ်ကြီးကို ယမန်နေ့ညမှ စ၍ သြဂုတ်လ ၃၁ ရက်နေ့ အထိ အခမဲ့ စမ်းသပ် ဖွင့်လှစ် လိုက်ပြီ ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ အောင်မင်္ဂလာ အဝေးပြေး စခန်း တာဝန်ခံ ဦးဉာဏ်ထွန်းအောင် ထံမှ သိရသည်။

" မြန်မာနိုင်ငံ မှာ ပထမဆုံး တည်ဆောက်တဲ့ အဆောက်အအုံပါ ၊ ယာဉ်ဝင်-ထွက် မှုတွေကို စနစ်တကျ ရှိစေဖို့ အတွက် သြဂုတ်လ ၁၉ ရက် ကနေ ၃၁ ရက်အထိ အခမဲ့ ၀န်ဆောင်မှု ပေးသွားမှာပါ ၊ ခေတ်စနစ် တိုးတက် ပြောင်းလဲ လာမှုနဲ့ အတူ နိုင်ငံ အတွင်းရှိ ခရီးသွား ပုံစံများ ကလည်း အချိန်နဲ့ တစ်ပြေးညီ ဖွံ့ဖြိုးလာတဲ့ အတွက် ယနေ့ နိုင်ငံအတွင်းမှာ လမ်းပန်း ဆက်သွယ်မှုများ ယခင်နဲ့ မတူဘဲ သွက်လက် လျင်မြန်စွာ သွားလာ နိုင်ပါပြီ ၊ ခရီးသွား ပြည်သူများ စိတ် အနှောင့်အယှက် ကင်းဝေးစေဖို့ ရည်ရွယ်ပြီး တည်ဆောက် ခဲ့ခြင်း ဖြစ်ပါတယ် .... " ဟု ၄င်းက ပြောကြား ခဲ့သည်။

ယခု တည်ဆောက် ထားသော Arrival Terminal ၏ အမိုးအကာ အဆောက်အအုံ အတွင်း အဝေးပြေး အဆင့်မြင့်ကား အစီး ၃၀ ၀င်ရောက်နိုင်မှု ၊ အငှားယာဉ် တက္ကစီ အစီး ၅၀ ရပ်နားနိုင်မှု ၊ အဝေးပြေး ကားများ၏ အ၀င် စင်္ကြီ လမ်းလေးခွဆုံ တွင် ခေတ်မီ ထိုင်ခံများ ထားရှိခြင်း ၊ ပစ္စည်းများကို သယ်ယူ ပို့ဆောင်နိုင်ရန် အလူမီနီယမ် လှည်းအစီး ၂၀၀ ချပေးမှု ၊ LED ခေတ်မီ လမ်းညွှန် ဆိုင်းဘုတ် ၊ လုံခြုံရေး CCTV ကင်မရာများ ၊ ရုပ်မြင်သံကြား စက်များ တပ်ဆင် ထားမှု ၊ သန့်စင်ခန်းများ ၊ အင်တာနက် နှင့် ဆိုင်ခန်းများ ၊ ကျန်းမာရေး စောင့်ရှောက်မှု ဆေးခန်း ၊ ပြည်တွင်း ပြည်ပ ငွေလဲလှယ် နိုင်သော ငွေလဲ ကောင်တာများ ၊ မြို့တွင်းသွား ဘတ်စ်ကားလိုင်း မှ ယာဉ် ၁၃၂ စီး ၀င်ထွက် သွားလာမှု အငှားကား လိုင်း ၅၀ စီး တို့ကိုလည်း ပြည့်စုံအောင် ဆောင်ရွက် ပေးထားကြောင်း သိရသည်။


အဆိုပါ အဆောက်အအုံ ကို Steel Structure ဖြင့် တည်ဆောက် ထားပြီး အဆောက်အအုံ တစ်ခုလုံး အတွက် ငွေကျပ် သိန်းပေါင်း ၅ ထောင်ကျော် ရင်းနှီးမြှုပ်နှံ ထားကာ အကျယ်အ၀န်း အားဖြင့် ပေ (၃၁၂ x ၁၂၂) တွင် အဆောင် ၉ ဆောင် တည်ဆောက် ထားသည်။ စက်တင်ဘာလ ၁ ရက်မှစ၍ အဝေးပြေး ယာဉ်တစ်စီးလျှင် ငွေကျပ် ၅၀၀ နှုန်း ၊ အငှားယာဉ် တစ်စီးလျှင် ငွေကျပ် ၂၀၀ နှုန်း ကောက်ခံ သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...