Social Icons

Pages

Friday, July 12, 2013

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများတွင် ဒေသဖွံ့ဖြိုးရေးဘဏ်များ ထူထောင်နိုင်ရန် လေ့လာဆန်းစစ်မှုများ ဆောင်ရွက်သွားမည်

ရန်ကုန် ၊ ၁၂-၇-၂၀၁၃

ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများတွင် ဒေသန္တရ အစိုးရများ နှင့် ပူးပေါင်း၍ ဒေသဖွံ့ဖြိုးရေး ကို အထောက်အကူ ပြုနိုင်မည့် ဘဏ်များ ထူထောင် သွားရန် လေ့လာ ဆန်းစစ်မှုများ ပြုလုပ် သွားမည် ဖြစ်ကြောင်း ဘဏ္ဍာရေး ၀န်ကြီး ဌာနမှ သိရသည်။

ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများတွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို အထောက်အကူ ပြုနိုင်မည့် ဖွံ့ဖြိုးရေးဘဏ် များ မလွဲမသွေ လိုအပ်လျက် ရှိသည့်အတွက် ယင်းလိုအပ်ချက် ကို ဖြည့်ဆည်းနိုင်ရန် လေ့လာ ဆန်းစစ်မှုများ ပြုလုပ် သွားမည် ဖြစ်ကာ ပထမ အဆင့်အနေဖြင့် ဆက်သွယ်ရေး ကွန်ရက်များ လွှမ်းခြုံမှု ရှိလာစေရန် နှင့် ဆက်သွယ်ရေး ကွန်ရက် ကို အခြေပြု၍ ငွေလွှဲ လုပ်ငန်း များကို စတင်ကာ ထိုမှတစ်ဆင့် တက်၍ ဒေသဖွံ့ဖြိုးရေး ဘဏ်များ စသည်ဖြင့် တစ်ဆင့်ပြီး တစ်ဆင့် တိုးမြှင့် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

" နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသမှာ ရှိတဲ့ ဟုမ္မလင်း ၊ ခန္တီးနဲ့ ဖောင်းပြင် မြို့တွေမှာ အော်တို တယ်လီဖုန်း ဆက်ကြောင်း ရတာနဲ့ တစ်ပြိုင်နက် ဖက်စ်နဲ့ တွဲပြီးတော့ ငွေလွှဲလုပ်ငန်း စတင်ပေးမှာ ဖြစ်ပါတယ် ... " ဟု ဘဏ္ဍာရေး ၀န်ကြီးဌာန မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။

ဒေသဖွံ့ဖြိုးရေး ဘဏ်များကို ဖွင့်လှစ်ရာတွင် စီးပွားရေး အရ ခြုံငုံ သုံးသပ်ပြီးမှ သာလျှင် ဖြစ်နိုင်ခြေ ကို ထည့်သွင်း စဉ်းစား ရမည်ဖြစ်ကာ ဒေသန္တရ အစိုးရများ အနေဖြင့် ကိုယ်ပိုင် စီမံမှုများ ပြုလုပ်၍ လွတ်လပ်သော ဖွံ့ဖြိုးရေးဘဏ် များကို ထူထောင်ရာတွင် ပြည်ထောင်စု အစိုးရ ၏ မတည်ငွေ ၊ ဒေသခံ ပြည်သူများ၏ ထည့်ဝင်ငွေ နှင့် ပြည်ပ ချေးငွေများ ပူးပေါင်း ပါဝင် ရမည် ဖြစ်ကြောင်း ချင်းပြည်နယ် မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ပြောကြား ခဲ့သည်။ အထူးသဖြင့် ဝေးလံ ခေါင်ဖျား နယ်စပ် ဒေသများတွင် ပြည်တွင်းသုံး ငွေလည်ပတ် သုံးစွဲနိုင်ရန် အားနည်း နေခြင်း နှင့် ဒေသတွင်း စီးပွားရေး လုပ်ငန်း များကို ထောက်ပံ့ ကူညီနိုင်မည့် ဒေသဖွံ့ဖြိုးရေး ဘဏ်များ မရှိခြင်း သည်လည်း ယင်းဒေသများ ဖွံ့ဖြိုးရေး အတွက် အဟန့်အတား ဖြစ်သည်ဟု ၄င်းက ဆက်လက် ပြောကြား ခဲ့သည်။


နိုင်ငံ တစ်ဝန်းလုံးရှိ အစိုးရဘဏ်ခွဲ ပေါင်း ၃၁၀ တွင် ၂၅၇ ခုသာ ငွေလွှဲ လုပ်ငန်းများ လုပ်ကိုင်နိုင်ပြီး ကျန်ဘဏ်ခွဲများမှာ ငွေလွှဲလုပ်ငန်း ကို ကြေးနန်း ၊ စာတိုက် စနစ်ဖြင့် လုပ်ကိုင် နေရကြောင်း သိရသည်။ ယခု လက်ရှိ မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ပုဂ္ဂလိကပိုင် ဘဏ်အခု ၂၀ နှင့် အစိုးရဘဏ် ၄ ခု စုစုပေါင်း ၂၄ ခုရှိပြီး ဘဏ်ခွဲပေါင်း ၅၃၁ ခုဖြင် လည်ပတ်လျက် ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...