Social Icons

Pages

Wednesday, May 8, 2013

မြေစိုက်ပိုစတာစိုက်ထူပွဲ နှင့် ဒုတိယအကြိမ် ကုလသမဂ္ဂ ကမ္ဘာလုံးဆိုင်ရာ ယာဉ်အန္တရာယ် ကင်းရှင်းရေး ရက်သတ္တပတ် လှုပ်ရှားမှုများ ရက်အလိုက် ကျင်းပမည်




ရန်ကုန် ၊ ၈-၅-၂၀၁၃

ရန်ကုန်တိုင်း ဒေသကြီး ၊ ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီ ၏ ဒုတိယ အကြိမ် ကုလသမဂ္ဂ ကမ္ဘာလုံး ဆိုင်ရာ ယာဉ်အန္တရာယ် ကင်းရှင်းရေး ရက်သတ္တပတ် လှုပ်ရှားမှု လှုံ့ဆော် ပိုစတာ စိုက်ထူပွဲကို ယမန်နေ့ နံနက် ၈ နာရီတွင် ဗိုလ်ချုပ် အောင်ဆန်းလမ်း နှင့် ရွှေတိဂုံ ဘုရားလမ်းဆုံ ၌ ကျင်းပ ခဲ့ကြောင်း သိရသည်။ အဆိုပါ မြေစိုက် ပိုစတာ အား ရန်ကုန်တိုင်း ဒေသကြီး ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ ၊ ရန်ကုန်တိုင်း ဒေသကြီး လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီး ဦးအောင်ခင် ၊ ဒုတိယ ဥက္ကဋ္ဌ ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ အတွင်းရေးမှူး ဦးကျော်စိုး တို့က ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခဲ့ပြီး ဥက္ကဋ္ဌ ဦးအောင်ခင် က မြေစိုက် ပိုစတာ အား စက်ခလုတ်နှိပ် ဖွင့်လှစ် ပေးခဲ့သည်။

ဆက်လက်၍ ဥက္ကဋ္ဌ ဦးအောင်ခင် နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ က ဗိုလ်ချုပ် အောင်ဆန်းလမ်း ပေါ်ရှိ FMI ရှေ့ နှင့် ဆူးလေ ဘုရားလမ်း ၊ ဆူးလေ စေတီ မြောက်ဘက်မုခ် တို့၌ လူကူးမျဉ်းကျား ရေးဆွဲ နေမှု အခြေအနေ တို့ကို လိုက်လံ ကြည့်ရှု စစ်ဆေး ခဲ့သည်။ အဆိုပါ ဒုတိယအကြိမ် ကုလသမဂ္ဂ ကမ္ဘာလုံး ဆိုင်ရာ ယာဉ်အန္တရာယ် ကင်းရှင်းရေး ရက်သတ္တပတ် လှုပ်ရှားမှု ကို ရက်အလိုက် ဆက်လက် ကျင်းပ သွားမည် ဖြစ်ရာ မေလ ၈ ရက်နေ့တွင် ခြေလျင်လမ်း အသုံးပြု သူများ စနစ်တကျ သွားလာ ကြစေရန် မြို့တွင်း ၆ မြို့နယ်ရှိ လူကူး မျဉ်းကျား ၁၁ နေရာတွင် ယာဉ်ထိန်း ရဲတပ်ဖွဲ့ ၀င်များ ၊ နယ်မြေခံ ရဲများ ၊ မြို့တော် စည်ပင် နှင့် NGO အဖွဲ့များ ပူးပေါင်း၍ အသိပညာပေး ဟောပြော သွားမည် ဖြစ်သည်။

ဆက်လက်၍ မေလ ၉ ရက်နေ့တွင် ခရီးသည်တင် ယာဉ်လိုင်းများ ရှိ ဂိတ်ရင်း ဂိတ်ဖျား ၇ နေရာတွင် အသိပညာပေး ဟောပြောခြင်း နှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်း ကိုလည်းကောင်း ၊ မေလ ၁၀ ရက်တွင် ကျောက်တံတား မြို့နယ် ၊ အနော်ရထာ လမ်းနှင့် ဆူးလေ ဘုရားလမ်း မီးပွိုင့် ရှိ လူကူး ကုန်းကျော်တံတား မှ ခြေလျင်လမ်း အသုံးပြုသူများ စနစ်တကျ သွားလာစေရန် အသိပညာပေး ဟောပြော သွားမည် ဖြစ်သည်။ ထို့အပြင် မေလ ၁၀ ရက်တွင် ဗဟန်း ၊ စမ်းချောင်း ၊ ကမာရွတ် ၊ လှိုင် ၊ မရမ်းကုန်း နှင့် တာမွေ မြို့နယ်များရှိ လူကူးမျဉ်းကျား ၁၁ နေရာတွင် ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင် များ ၊ နယ်မြေခံ ရဲများ ၊ မြို့တော် စည်ပင် ၊ ကြက်ခြေနီ ၊ အရန် မီးသတ် နှင့် ယာဉ်လိုင်း ၀န်ထမ်းများ ပူးပေါင်း၍ လမ်းကူးသူများ စနစ်တကျ သွားလာစေရေး အသိပညာပေး ဟောပြောခြင်းအား လည်းကောင်း ၊ မေလ ၁၂ ရက်တွင် ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင် များ ၊ နယ်မြေခံ ရဲများ ၊ မြို့တော် စည်ပင် ခရီးသည်တင် ယာဉ်လိုင်း မှ တာဝန်ရှိ သူများ ၊ NGO အဖွဲ့အစည်း များပူးပေါင်း ယာဉ်ရပ် မှတ်တိုင် ၃၀ နေရာတွင် ယာဉ်မောင်း ၊ ယာဉ်နောက်လိုက် နှင့် ခရီးသွား ပြည်သူ များအား အသိပညာပေး ဆောင်ရွက်ခြင်း တို့ကို ရက်အလိုက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...