Social Icons

Pages

Showing posts with label ပျော်ပွဲရွှင်ပွဲ. Show all posts
Showing posts with label ပျော်ပွဲရွှင်ပွဲ. Show all posts

Thursday, February 25, 2016

ရှုခင်းသာပန်းခြံကို ပြောင်းလဲတည်ဆောက် ထားသော Yangon Waterboom ကို ဖေဖော်ဝါရီ ၂၉ ရက်တွင် စတင်ဖွင့်လှစ်မည်


Yangon Waterboom

ရန်ကုန် ၊ ၂၅-၂-၂၀၁၆

ယခင် ရှုခင်းသာပန်းခြံ နေရာကို ပြုပြင်ပြောင်းလဲ တည်ဆောက် ထားသော Yangon Waterboom ကို ဖေဖော်ဝါရီ ၂၉ ရက်တွင် စတင်ဖွင့်လှစ် သွားရန် စီစဉ်ထားကြောင်း သိရသည်။

Yangon Waterboom ကစားကွင်း၌ ရေလွှာလျှောစီး ကစားနည်းပေါင်း ၂ဝ ခန့် ပါဝင်ပြီး ထိုကစားနည်း များထဲတွင် ရေလွှာ လှိုင်းစီးခြင်း၊ ရေပေါ်အိမ်၊ ကလေးငယ်များ ဝင်ရောက် ဆော့ကစားနိုင်မည့် ကလေး ရေကူးကန် စသည်တို့အပြင် တခြားသော နိုင်ငံတကာ အဆင့်မီ ကစားနည်းများ အမျိုးအစား စုံလင်စွာ ပါဝင်မည် ဖြစ်သည်။

ထိုကစားကွင်းကို ၂ဝ၁၃ ခုနှစ် ကတည်းက စတင် တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ယခုအခါ ရာနှုန်းပြည့် နီးပါး တည်ဆောက် ပြီးစီးသွားပြီ ဖြစ်သည့်အတွက် ဖေဖော်ဝါရီ ၂၉ ရက်တွင် စတင် ဖွင့်လှစ်ရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း၊ ဝင်ကြေး အနေဖြင့် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက် များတွင် လူကြီး ကျပ် ၂၅ဝဝဝ၊ ကလေး ကျပ် ၂ဝဝဝဝ နှင့် ရုံးဖွင့်ရက်များတွင် လူကြီး ကျပ် ၂ဝဝဝဝ နှင့်ကလေး ကျပ် ၁၅ဝဝဝ သတ်မှတ် ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ Yangon Waterboom ကစားကွင်း၌ လာရောက် ကစားကြသော ကလေး၊ လူကြီးများ အတွက် လုံခြုံရေးပိုင်းနှင့် ပတ်သက်၍ ဘေးအန္တရာယ် ကင်းရှင်းပြီး စိတ်ချရ မှုရှိစေရန် ကြိုတင်စီစဉ် ထားကြောင်းနှင့် ကစားနည်း မျိုးစုံအပြင် တခြား ဝန်ဆောင်မှုများ အနေဖြင့် Beauty Salon များနှင့် စားသောက်ဆိုင် များကို မကြာမီ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

မိုးထက်ယံ

မြ၀တီနေ့စဉ် ၊ စာ(၃)

Monday, September 29, 2014

ရန်ကုန်မြို့ ကန်တော်ကြီးဥယျာဉ်၌ သီတင်းကျွတ်လပြည့်ည တွင် ဖျော်ဖြေပွဲ နှင့် မီးထွန်းပွဲတော် ကျင်းပမည်



ရန်ကုန် ၊ ၂၉-၉-၂၀၁၄

သီတင်းကျွတ် လပြည့်ည အောက်တိုဘာ ၈ ရက်နေ့တွင် ရန်ကုန်မြို့ ကန်တော်ကြီး ဥယျာဉ် ၌ မီးထွန်းပွဲတော် နှင့် မျှော်စင်ကျွန်း တွင် Hip Hop ဖျော်ဖြေပွဲ ကျင်းပမည် ဖြစ်ကြောင်း ကန်တော်ကြီး ဥယျာဉ်မှ တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက် အရ သိရသည်။

သီတင်းကျွတ် လပြည့်ည၌ မျှော်စင်ကျွန်း တွင် ကျင်းပမည့် Hip Hop ဖျော်ဖြေပွဲတွင် စိုင်းစိုင်းခမ်းလှိုင်၊ စနဲ၊ ဂျောက်ဂျက်၊ လွှမ်းပိုင်၊ ဘန်နီဖြိုး၊ ရဲရင့်အောင် နှင့် Boby Soxer စသည့် အဆိုရှင် ခုနစ်ဦးက သီဆိုဖျော်ဖြေ ကြမည်ဟု သိရသည်။ အဆိုပါ ဖျော်ဖြေပွဲကို ဘိုဘို အင်တာ တိန်းမန့် မှ စီစဉ် တင်ဆက်ခြင်း ဖြစ်ကြောင်း သိရသည်။

မီးထွန်းပွဲတော် ကို ကန်တော်ကြီး ဥယျာဉ်မှ စီစဉ်ခြင်း ဖြစ်ပြီး ကန်တော်ကြီး ဥယျာဉ်သို့ လာရောက် အပန်းဖြေ လည်ပတ်သူများ မီထွန်းနိုင်ရန် မီးထွန်းပွဲတော် တွင် ဆီမီး ၁ဝဝဝ စီစဉ် ဆောင်ရွက် ပေးမည်ဟု သိရသည်။

''သီတင်းကျွတ် မီးထွန်းပွဲတော် ကို ကန်တော်ကြီးမှာ နှစ်စဉ် ကျင်းပခဲ့ တာပါ။ ၂ဝ၁၃ ခုနှစ် တစ်နှစ်ပဲ မီးထွန်းပွဲ မကျင်းပ ဖြစ်ခဲ့တာပါ။ ဒီနှစ်မှာ ပြန်ကျင်းပ ပါမယ်။ ဆီမီး ၁ဝဝဝ အဆင်သင့် စီစဉ်ပေး ထားမှာပါ။ အပန်းဖြေ လည်ပတ်သူတွေ မီးထွန်း ပူဇော် နိုင်ပါတယ်။ မီးထွန်းပွဲနဲ့ အတူ သီတင်းကျွတ် လပြည့်ည မှာ ဘိုဘို အင်တာတိန့်မန့် က စီစဉ်တဲ့ Hip Hop ဖျော်ဖြေပွဲလဲ မျှော်စင်ကျွန်း မှာ ရှိပါတယ် ... ''ဟု ကန်တော်ကြီး ဥယျာဉ်မှ ပွဲစီစဉ်သူ တစ်ဦးက ပြောပြသည်။

Hip Hop ဖျော်ဖြေပွဲတွင် ဝင်ခွင့်လက်မှတ် နှုန်းထားကို ငွေကျပ် ၇၅ဝဝ သတ်မှတ် ထားသည်ဟု သိရသည်။ ဖျော်ဖြေပွဲကို ညနေ ၅ နာရီ မှည ၁၁ နာရီအထိ ကျင်းပရန် စီစဉ် ထားကြောင်းလည်း သိရသည်။

အတာ

#Yadanarpondaily

Sunday, September 28, 2014

အင်းလေးဖောင်တော်ဦး ဘုရားပွဲတော်ရက် များတွင် ပြည်တွင်း ပြည်ပ ခရီးသွားများဖြင့် စည်ကားလျက်ရှိ



ညောင်ရွှေ ၊ ၂၈-၉-၂၀၁၄

ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ် အတွင်းရှိ အင်းလေးကန် သည် မြန်မာနိုင်ငံ သာမက ကမ္ဘာကပါ စိတ်ဝင်စားပြီး အာရှ၊ ဥရောပ ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များ၊ ပြည်တွင်း ဘုရားဖူး ခရီးသွားများ နှင့် စက်တင်ဘာ ဒုတိယပတ်မှ စတင်၍ စည်ကားလျက် ရှိကြောင်း သိရသည်။

အဆိုပါ ပြည်တွင်း ပြည်ပ ခရီးသွား ဧည့်သည်များသည် ခေတ်စနစ် ပြောင်းလဲ လာသည်နှင့် အညီ ယခင်က အာရှနိုင်ငံများ ကသာ အင်းလေး ဖောင်တော်ဦး မြတ်စွာဘုရား ရုပ်ရှင် တော်မြတ် ၂၁ ဌာနသို့ ဒေသစာရီ ကြွချီ ပူဇော်ခံရာတွင် ဘုရားပင့် ဆွဲလှေများ ခြေဖြင့် လှော်ခတ်မှုကို စိတ်ဝင်စားစွာ လာရောက် ကြည့်ရှု၍ မှတ်တမ်း ဓာတ်ပုံ၊ ဗီဒီယိုများ ရိုက်ကူးကြပြီး ၂ဝ၁၂ ခုနှစ် နောက်ပိုင်းတွင် ဥရောပ နိုင်ငံများ ကပါ စိတ်ဝင်စား လာကာ အင်းလေး ဖောင်တော်ဦး မြတ်စွာ ဘုရားကြီး ၂၁ ဌာနသို့ ဒေသစာရီ ကြွချီရာ ပွဲတော်ရက်သို့ လာရောက် ကြပြီး ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း များကို နီးစပ်ရာ ခရီးသွား လုပ်ငန်း ကုမ္ပဏီများနှင့် ချိတ်ဆက်၍ ကြိုတင် အခန်းများမှာ ယူခြင်းနှင့် ရှမ်းပြည်နယ် အတွင်းရှိ တန်ခိုးကြီး ဘုရားများ၊ အင်းလေးဒေသ ရှိ ရိုးရာ စိုက်ပျိုးမှု လုပ်ငန်း၊ ရိုးရာလ က်မှုပညာ၊ အင်းလေးကန် ပတ်ဝန်းကျင် သဘာဝ တောတောင် ရှုခင်းအလှ များကို စက်လှေ၊ စက်ဘီး၊ မော်တော် ယာဉ် စသည်တို့ဖြင့် အင်းလေးဒေသ ဟိုတယ် များတွင် အခြေပြု လည်ပတ်၍ အမှတ်တရ မှတ်တမ်းတင် ခြင်းများ ပြုလုပ်ကြ ကြောင်း သိရသည်။

အင်းလေး ကန်သည် လွန်ခဲ့သော နှစ်ပေါင်း ၇ဝဝ ကျော်ကပင် တည်ရှိခဲ့ပြီး ရှေးဟောင်း သမိုင်းဝင် ပန်းချီ၊ ပန်းပု လက်ရာများနှင့် ရှေးဟောင်း စေတီပုထိုးများ၊ ပန်းတမော့ လက်ရာများကို လေ့လာခြင်း နှင့် ရိုးရာ လက်မှု လုပ်ငန်းများ၊ ကျွန်းမျောများ ပေါ်တွင် ခရမ်းချဉ် စိုက်ပျိုးမှု၊ အင်းလေးကန်၏ စတုရန်းမိုင် အကျယ်အဝန်း များကိုပါ လေ့လာမှုများ ရှိကြောင်း ဧည့်လမ်းညွှန် တစ်ဦးထံမှ သိရသည်။ (၄ဝ၅)

#Yadanarpondaily

Friday, September 26, 2014

၂၀၁၄ ခုနှစ် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၆ ရက်အထိ ကျင်းပမည်



တောင်ကြီး ၊ ၂၆-၉-၂၀၁၄

၂ဝ၁၄ ခုနှစ် တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော် ကို အောက်တိုဘာ ၃ဝ ရက်မှ နိုဝင်ဘာ ၆ ရက်အထိ ညမီးကျည် နှင့် စိန်နားပန် မီးပုံး အမျိုးအစား တစ်ရာကျော်ဖြင့် ကျင်းပ သွားမည် ဖြစ်သည်။

တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော် ကျင်းပရေး ကော်မတီဝင် ဦးစိုးသိန်း က တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော် တွင် ယှဉ်ပြိုင်မည့် မီးပုံးများကို အောက်တိုဘာ ၁ ရက်တွင် စတင် လက်ခံသွားမည် ဖြစ်ပြီး ဒီနှစ်က မီးပုံးတွေ များတယ်၊ ဒီနှစ်ပြိုင်ပွဲဝင် မီးပုံးတွေကို အမှတ်ပေးရာမှာ ပွင့်လင်း မြင်သာအောင် လုပ်ထား ပါတယ်၊ ပြိုင်ပွဲဝင်တဲ့ သူတွေအတွက် ကျေနပ်စရာပါ ဟု ပြောသည်။

ယခုနှစ် တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော် တွင် ညမီးကျည်မီးပုံး များအား ပထမဆုငွေ ကျပ်သိန်း ၅ဝ၊ ဒုတိယဆု ငွေကျပ် ၄၅ သိန်း ၊ တတိယဆု ငွေကျပ် သိန်း ၄၀ စသည်ဖြင့် ဒသမဆု အထိ ဆုများ ပေးအပ် သွားမည် ဖြစ်သည်။ စိန်နားပန် မီးပုံးများအား ပထမဆု ငွေကျပ် ၃၅ သိန်း ၊ ဒုတိယဆု ငွေကျပ် သိန်း ၃၀ ၊ တတိယဆု ငွေကျပ် ၂၅ သိန်း စသည်ဖြင့် ဒသမဆု အထိဆုများ အသီးသီး ပေးအပ် သွားမည် ဖြစ်ကြောင်း သိရှိရသည်။ (၄၄၇)

#Themyawadydaily

Monday, November 18, 2013

တောင်ကြီး ရှုခင်းသာပန်းခြံ ကလေးကစားကွင်း နှင့် တိရိစ္ဆာန်ဥယျာဉ် တို့တွင် အထူးစည်ကား



တောင်ကြီး ၊ ၁၈-၁၁-၂ဝ၁၃

ရှမ်းပြည်နယ် ၊ တောင်ကြီးမြို့ ၊ စဝ်စံထွန်းရပ်ကွက် ၊ ဗိုလ်ချုပ်အောင်ဆန်း လမ်းနှင့် မြို့ပတ်လမ်း ရှိ ရူခင်းသာ ပန်းခြံ Eastern Amusement Park ကလေး ကစားကွင်း နှင့် တိရိစ္ဆာန် ဥယျာဉ် ၌ နိုဝင်ဘာ ၁၇ ရက် တန်ဆောင်မုန်း လပြည့်နေ့ တွင် ဒေသခံပြည်သူများ နှင့် ခရီးသွား ပြည်သူများ လာရောက် လည်ပတ်ကြ သဖြင့် အထူး စည်ကားလျက် ရှိပြီး နိုင်ငံတကာ မှ ကမ္ဘာလှည့် ခရီးသွား ဧည့်သည် များလည်း စိတ်ဝင်တစား လာရောက် လည်ပတ်လျက် ရှိကြောင်း သိရသည် ။

အဆိုပါ ရှုခင်းသာ ပန်းခြံ၌ Eastern Amusement Park ကလေး ကစားကွင်း နှင့် တိရိစ္ဆာန် ဥယျာဉ် တို့တွင် လာရောက် ကြည့်ရှု လည်ပတ် ကြသည့် ပြည်သူများ နှင့် ကမ္ဘာလှည့် ခရီးသည် များက တိရိစ္ဆာန် များကို အစာ ကျွေးခြင်း ၊ တို့ချဲ့ဖွင့်လှစ် ထားသော Happy Baby ကလေး ကစားကွင်း တို့တွင် ကလေးငယ် များ ပျော်ရွှင်စွာ ဆော့ကစားခြင်း ၊ အမှတ်တရ ဓာတ်ပုံ ရိုက်ခြင်း ၊ ဥယျာဉ်အတွင်း လာရောက် လည်ပတ် အပန်းဖြေ ကြပြီး တောင်ကြီးရောက် အမှတ်တရ ကြိုးတံတား ပေါ်တွင် ဓါတ်ပုံ ရိုက်ကြ သူများဖြင့် အထူး စည်ကားလျက် ရှိသည် ။


ရှုခင်းသာ ပန်းခြံနှင့် တိရိစ္ဆာန် ဥယျာဉ် တို့တွင် မြို့ပေါ်ရှိ ကလေးများ ၊ ရပ်ဝေး ရပ်နီးမှ ခရီးသွား ပြည်သူများ ၊ ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များ အနေဖြင့် မိသားစု အလိုက် စနေ ၊ တနင်္ဂနွေ နှင့် ရုံးပိတ်ရက် များတွင် လာရောက် အပန်းဖြေ လျက်ရှိကြ သည် ။ ပန်းခြံအတွင်း ရှိ ကြိုးတံတားမှာ အရှည် (၃ဝဝ)ပေ၊ အနံ(၅)ပေ ၊ အမြင့် (၃ဝ)ပေ ရှိရာ အဆိုပါ ကြိုးတံတားကို ၁၉၉ဝ ခုနှစ်တွင် ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်းမှ တည်ဆောက် ထားရှိခဲ့ရာ ယနေ့တိုင် ခန့်ညား ထည်ဝါစွာ တည်ရှိလျက် ရှိကြောင်း သိရှိရသည်။







တောင်ကြီး တန်ဆောင်တိုင် လပြည့်ည မီးပဒေသာ လှည့်လည် ပူဇော်ပွဲကျင်းပ



တောင်ကြီး ၊ ၁၈-၁၁-၂ဝ၁၃

ရှမ်းပြည်နယ် ၊ တောင်ကြီး တန်ဆောင်တိုင် မီးပဒေသာ ပွဲတော် အား နိုဝင်ဘာ ၁၇ ရက် ၊ ညနေ  ၆ နာရီက တန်ဆောင်မုန်း လပြည့်ည နှစ်စဉ် ရိုးရာမပျက် တောင်ကြီး မြို့ပေါ် ရပ်ကွက်ပေါင်းစုံ မှ စည်းလုံး ညီညွတ်မှု များကို ရှေ့ရှုကာ ရပ်ကွက်နေ တိုင်းရင်းသား ပြည်သူများက မီးပဒေသာပင် များကို ဝါးများဖြင့် ယက်လုပ်ကာ ဘုရားပုံတော် အမျိုးမျိုး ၊ စောင်းတန်းပုံများ ၊ ပိဋိကတိုက်ပုံ ၊ ကြာကလပ်ပုံ ၊ စူဠာမုနိ စေတီပုံ စသည် တို့ကို ပုံစံ အမျိုးမျိုးဖြင့် စုပေါင်း ပြုလုပ်ကြပြီး လပြည့်ည ၆ နာရီမှ တောင်ကြီးမြို့ အတုလ မာရဇိန် ဆုတောင်းပြည့် ဓမ္မာရုံကြီးမှ  သစ်တော ရပ်ကွက်ရှိ စူဠာမုနိ လောကချမ်းသာ ဘုရားကြီး ရင်ပြင်အထိ စည်ကား သိုက်မြိုက်စွာ လှည့်လည် ပူဇော် ကြသည် ။

အဆိုပါ မီးပဒေသာ လှည့်လည် ပူဇော်ပွဲမှာ ရပ်ကွက် ၂၂ ရပ်ကွက် ကို (၇)ဖွဲ့ ဖွဲ့ပြီး လှည့်လည် ပူဇော် ကြသည်။ အဆိုပါ မီးပဒေသာ လှည့်လည် ရာတွင် လမ်းဘေး ဝဲယာ တိုင်းရင်းသား ပြည်သူများ စည်ကား သိုက်မြိုက်စွာ ကြည့်ရှု ဖူးမျှော်ကြပြီး တန်ဆောင်တိုင် အလှမယ် များက ရပ်ကွက် ကိုယ်စားပြု မီးပဒေသာ အဖွဲ့များ တွင် ရှေ့ဆောင်၍ မီးအလှများ ကိုင်ဆောင်ကာ လှည့်လည် သွားရောက် ကြပြီး စူဠာမုနိ လောကချမ်းသာ ဘုရားကြီးသို့ လက်ရာရစ် ၃ ပတ် ပတ်၍ ပူဇော် ကြကြောင်း သိရှိရသည်။






Related Posts Plugin for WordPress, Blogger...