Social Icons

Pages

Showing posts with label အင်တာနက်သုံးစွဲမှု. Show all posts
Showing posts with label အင်တာနက်သုံးစွဲမှု. Show all posts

Tuesday, July 26, 2016

SEA-ME-WE 5 ပင်လယ်ရေအောက် အက်တာနက်ဖိုက်ဘာ ၀န်ဆောင်မှု ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်ပေးအပ်မည်



ရန်ကုန် ၊ ၂၆-၇-၂၀၁၆

SEA-ME-WE 5 ပင်လယ်ရေအောက် ဖိုက်ဘာဆက်ကြောင်း အတွက် လက်ရှိတွင် ကုန်းတွင်း ဆက်ကြောင်းများ သွယ်တန်းခြင်း ကို အပြီးသတ် ဆောင်ရွက်လျက် ရှိပြီး ၂ဝ၁၇ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင် ဝန်ဆောင်မှု ပေးအပ် နိုင်တော့မည် ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ SEA-ME-WE 5 ပင်လယ်ရေအောက် ဖိုက်ဘာ ဆက်ကြောင်းသည် ကီလိုမီတာ ၂ဝဝဝဝ ရှည်လျားပြီး နိုင်ငံပေါင်း ၁၇ နိုင်ငံကို ဖြတ်ကျော် ဆက်သွယ် ထားခြင်း ဖြစ်ကာ ဦးဆောင်ပါဝင် လုပ်ဆောင် နေသည့် ဆက်သွယ်ရေး အော်ပရေတာ ၁၅ ခုထဲတွင် မြန်မာနိုင်ငံမှ ဆက်သွယ်ရေး လုပ်ငန်းမှာ လည်း တစ်ခု အပါအဝင် ဖြစ်ကြောင်းနှင့် အဆိုပါ ဆက်ကြောင်း ပြီးစီးပါက Backbone Bandwidth ပမာဏ ပိုမိုရရှိ လာစေမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံ၌ အင်တာနက် ဆက်သွယ်မှု အတွက် နယ်စပ်ဖြတ်ကျော် ဖိုက်ဘာ ဆက်ကြောင်း၊ SEA-ME-WE 3 ပင်လယ်ရေအောက် ဖိုက်ဘာ ဆက်ကြောင်း နှင့် IN_TELAST 9, MEA-SET 3, THAI-COM 5 ဂြိုဟ်တုစနစ် တို့ကို ချိတ်ဆက် အသုံးပြုနေပြီး နယ်စပ်ဖြတ်ကျော် ဖိုက်ဘာ ဆက်ကြောင်းနှင့် SEA-ME-WE 3 တို့ကို အဓိကထား သုံးစွဲ နေရကြောင်း သိရသည်။

ယခုနှစ်အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာအရ အင်တာနက် သုံးစွဲမှု မြင့်တက် လာခဲ့ပြီး အင်တာနက် ပင်မ ဆက်ကြောင်း၌ မူလရှိပြီးသား SEA-ME-WE 3 ပင်လယ်ရေအောက် ဖိုက်ဘာ ဆက်ကြောင်း အဆင့်မြှင့်တင် တိုးချဲ့ခြင်း များကို ၂ဝ၁၅ ခုနှစ်အတွင်းက လုပ်ဆောင် ခဲ့ကြောင်း၊ ယခင် SEA-ME-WE 3 ၏ ပင်လယ်ရေအောက် ဖိုက်ဘာ ဆက်ကြောင်း Bandwidth ပမာဏမှာ 7 Gbps ခန့်သာ ရှိခဲ့ရာမှ Bandwidth ပမာဏ 60 Gbps ခန့်အထိ ရရှိ လာနိုင်ရန် အဆင့်မြှင့်တင် ခဲ့ကြောင်း သိရသည်။

ထိုင်း- မြန်မာ နယ်စပ်ဖြတ်ကျော် မြဝတီ ဆက်ကြောင်းကို ဆက်သွယ်ရေး အော်ပရေတာ သုံးခုစလုံးက အသုံးပြုပြီး SEA-ME-WE 3 ပင်လယ်ရေအောက် ဖိုက်ဘာ ဆက်ကြောင်းကို မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း
တစ်ခုတည်း ကသာ အသုံးပြုခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ အတွင်း အင်တာနက် သုံးစွဲမှု နှစ်စဉ်တိုးတက် လာသဖြင့် နိုင်ငံအတွင်း မြန်နှုန်းမြင့် သုံးစွဲနိုင်ရေး အတွက် အဆင့် မြှင့်တင်ခြင်း များနှင့် အင်တာနက် ဆက်ကြောင်း အသစ်တိုးချဲ့ တပ်ဆင်ခြင်းများ ဆောင်ရွက် နေခြင်း ဖြစ်ကြောင်း သိရသည်။

ယခု နောက်ပိုင်းတွင် စီးပွားရေး လုပ်ငန်းများ ပိုမိုတိုးတက် လာစေရေး အတွက် အင်တာနက် ဆက်သွယ်ရေး တွင် ဖိုက်ဘာ ဆက်ကြောင်း သာမက ဂြိုဟ်တုစနစ်များ ကိုပါ အသုံးပြုရန် အဓိက စီစဉ်လျက် ရှိကြောင်း သိရသည်။ 

(စိုးမိုး)

မြ၀တီနေ့စဉ် ၊ စာ(၆)

Friday, October 30, 2015

အင်တာနက်ဆင်ဆာ ဖြတ်တောက်မှုနှင့် ဆင်ဆာဖြတ်ကျော်မှု အားပြိုင်ပွဲဖြစ်ပွား


အင်တာနက်ဆင်ဆာ ဖြတ်တောက်မှုနှင့် ဆင်ဆာဖြတ်ကျော်မှု အားပြိုင်ပွဲဖြစ်ပွား

၁၉၉၀ ပြည့်နှစ် အလယ်ပိုင်း လောက်ကစပြီး တရုတ်နိုင်ငံ အစိုးရက အင်တာနက် ထိန်းချုပ်မှုကို တိုးမြှင့်ဆောင်ရွက် ခဲ့တယ်။ ၀က်ဘ်ဆိုက် အတော်များများ ကို တရုတ်နိုင်ငံရဲ့  The Great Firewall နဲ့  ပိတ်ထားတယ်။ ဒီ Firewall ကို ကျော်ဖို့ နည်းပညာရှင် တွေကလည်း Proxy Tool အမျိုးမျိုး ထုတ်ပေးပါတယ်။ ဒါပေမယ့် အင်တာနက် ပုလိပ်တွေက အဲဒီ Tool ထုတ်လုပ်သူကို တွေ့ အောင်ရှာပြီး ချက်ခြင်း ပြန်ဖြုတ်ချ ခိုင်းပြီးတော့ ပြန်မတင် နိုင်အောင် စောင့်ကြည့်ကြ ပါတယ်။ 

ဒါ့အပြင် အစိုးရကလည်း အင်တာနက် ဆင်ဆာ ဖြတ်တောက်မှုကို ငွေကြေး ထပ်မံ ရင်းနှီးမြုပ်နှံပြီး တိုးတိုးပြီး လုပ်လာတာမို့  အစိုးရဲ့ ပြည်သူအကြား ၀က်ဘ်ဆိုက် တွေကို အစိုးရက ပိတ်လိုက်၊ လူထုက ကျော်ကြည့် လိုက်နဲ့  ခံစစ် ၊ ထိုးစစ် တစ်လှည့်စီ ကစားလာခဲ့ကြ ရာကနေ အခုဆိုရင် အစိုးရဘက်က အသာစီး ရသွားပြီ ဖြစ်ပါတယ်။ ရေရှည်မှာ အစိုးရရဲ့  အင်တာနက် ဆင်ဆာကို ဖြတ်ကျော်ဖို့  မလွယ်ဘူးဆိုတာ လူတွေကို ဆင်ဆာ ကျော်ဖြတ်နိုင်မယ့် Tool တွေ ရေးဆွဲ ထုတ်လုပ်ပေး နေသူတွေ ကိုယ်တိုင်လည်း သဘောပေါက် လာကြပါပြီ။ ဒီနှစ် အစောပိုင်း ကလည်း  တရုတ်နိုင်ငံ၊ အမျိုးသား ကွန်ဂရက်ကနေ ဆိုက်ဘာ လုံခြုံရေး ဥပဒေကြမ်း တင်သွင်းခဲ့တယ်။ ဒီ ဥပဒေကြမ်းသာ  အတည်ဖြစ်သွား ခဲ့ရင် တရုတ် အစိုးရဟာ အင်တာနက်နဲ့  အွန်လိုင်းသုံးစွဲမှု မှန်သမျှကို ထောင့်စေ့ နေအောင် ထိန်းချုပ်ခွင့် ရရှိသွားမှာ ဖြစ်ပါတယ်။ 

တရုတ်နိုင်ငံသား တွေရဲ့ ကိုယ်ရေး အချက်အလက်တွေနဲ့  တရုတ် အစိုးရရဲ့ အရေးကြီး သတင်း အချက်အလက်တွေ လုံခြုံရေး အတွက်၊ အင်တာနက် အချုပ်အခြာ အာဏာ ပိုင်ဆိုင်ရေး၊ လုံခြုံရေးနဲ့  ဖွံ့ ဖြိုး တိုးတက်ရေး အတွက် အခုလို ဆောင်ရွက်ရတာ ဖြစ်တယ်လို့  The Great Firewall ကြီးနဲ့  မသင်္ကာတဲ့ ၀က်ဘ်ဆိုက် မှန်သမျှကို လိုက်ပိတ်နေသူ ကြီးတွေက ပြောပါတယ်။ 

ဒါပေမယ့် တရုတ်နိုင်ငံသား စာရေးဆရာ တဖြစ်လဲ အင်တာနက် ဆင်ဆာ ဖြတ်တောက်မှုကို ဆန့်ကျင်ရေး လှုပ်ရှားသူ  Murong Xuecun က The Great Firewall ကြောင့် တရုတ်နိုင်ငံဟာ သတင်း အချက်အလက် အကျဉ်းထောင် ဖြစ်လာကြောင်း အဲဒီကန့် သတ်ချုပ်ချယ်မှု တွေကြောင့် လူတွေဟာ ပြင်ပလောက အကြောင်းကို အပြည့်အ၀ မသိနိုင်တော့ဘဲ အဲဒီ မသိ နားမလည်ခြင်းကို အခြေခံ တည်ဆောက် လာတဲ့ အတွေးအခေါ် အမျှော်အမြင် တွေကြောင့် အမုန်းတရား နဲ့ ရန်လိုမှုတွေကို မွေးထုတ်ပေး သလို ဖြစ်နေကြောင်း၊ Firewall သာ အမြဲရှိသွားမယ် ဆိုရင် တရုတ်နိုင်ငံ ဟာလည်း တစ်ချိန်တုန်းက လိုပဲ အတွေးအခေါ် အမျှော်အမြင် နည်းပါးလှသူ တွေကို နား ၊ မျက်စိ ပိတ်ဆို့ ထားရာ တံခါးပိတ် ထားတဲ့ နိုင်ငံတစ်နိုင်ငံ ဘ၀ကို ပြန်ရောက်သွား လိမ့်မယ်လို့  ပြောပါတယ်။ 

တရုတ်နိုင်ငံရဲ့ အင်တာနက်ကို ဆင်ဆာ ဖြတ်တောက်ဖို့  ကြိုးမှုအပေါ် အမေရိကန် ပြည်ထောင်စု သမ္မတဟောင်း ဘီလ်ကလင်တန် ကလည်း ဂျယ်လီကို နံရံပေါ် သံနဲ့ ရိုက်သလို ဘယ်လောက်မှ ကြာကြာ တည်မြဲလိမ့်မှာ မဟုတ်ဘူး လို့  သတိပေးခဲ့ဖူး ပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံရဲ့  The Great Firewall ကြီးကတော့ ပန်းပန်လျက် ဖြစ်ပြီး အခုဆိုရင် အရှိန်ဟုန်မြှင့် ဆောင်ရွက် ဖို့တောင် စီစဉ်နေကြပြီ ဖြစ်ပါတယ်။ 

Firewall ကို ကျော်ခွလို့ ရတဲ့ Proxy Tools တွေ ရှိတယ် ဆိုရင်တောင် ဒီ Tools တွေကိုသုံးပြီး ပိတ်ထားတဲ့ ၀က်ဘ်ဆိုက် တွေကိုသုံးဖို့ ကြိုးစားသူ ဦးရေဟာ ၁ ကနေ ၃ ရာခိုင်နှုန်းပဲ ရှိပါတယ်။ သူတို့ ကတော့ Facebook နဲ့  Twitter အသုံးပြုချင် ကြတဲ့ မီဒီယာ သမားတွေ၊ တန်ပြန် မီဒီယာသမား တွေပဲ ဖြစ်ကြပါတယ်။ 

တရုတ်နိုင်ငံဟာ ဘာကြောင့်များ အင်တာနက် ဆင်ဆာ ဖြတ်တောက်မှုကို အောင်မြင်အောင် လုပ်နိုင် နေတာလည်းလို့  တွေးမိတဲ့အခါ နှစ်ပေါင်း ရှည်ကြာစွာ ကိုယ်တိုင် ထုတ်လုပ်တဲ့ နည်းပညာ ပစ္စည်းတွေကို အသုံးပြု ခဲ့တဲ့နောက် လူတွေဟာ လည်း တရုတ်အစိုးရ ပုံသွင်းထားတဲ့ ပုံစံခွက်ထဲ ရောက်ပြီး သွားတဲ့အခါ အင်တာနက် ဆိုတာလည်း ကမ္ဘာ့ အင်တာနက်နဲ့  တရုတ် အင်တာနက် ဆိုပြီး ခွဲခြား မြင်ပြီးတော့ တရုတ်နိုင်ငံ မှာနေပြီး တရုတ် အင်တာနက်ကို ကျေကျေနပ်နပ် ကြီး အသုံးပြု နေတာပဲ ဖြစ်ပါတယ်။ 

ဒါ့အပြင် တရုတ် အစိုးရက သူပိတ်ဆို့  ထားတဲ့ ၀က်ဘ်ဆိုက် တွေနဲ့  ညီမျှတဲ့ တရုတ် ၀က်ဘ်ဆိုက် တွေကို ဖန်တီးပေး ပါတယ်။ ဥပမာ ကမ္ဘာကျော် လူမှုကွန်ရက စာမျက်နှာ Facebook နဲ့  Twitter ကို တရုတ်မှာ သုံးလို့ မရပါဘူး။ ဒါပေမယ့် အဲဒီအတွက် We Chat, Baidu, QQ အစရှိတဲ့ လူမှုကွန်ရက် စာမျက်နှာ တွေကို ထုတ်လွှင့်ပေး ထားပါတယ်။ Google အစား Baidu သုံးပါတယ်။ Twitter အစား Weibo သုံးပါတယ်။ Facebook အစား WeChat သုံးပါတယ်။ တရုတ်လူမျိုး အချင်းချင်းပဲ ပိုပြီးပြောဆို ဆက်ဆံကြတဲ့ တရုတ်နိုင်ငံသား တွေအဖို့  ဒီလောက်ဆိုရင် လုံလောက်တာ ထက်တောင် ပိုနေပါပြီ။ WeChat အသုံးပြုသူ ဦးရေဟာ အနည်းဆုံး သန်း ၆၀၀ ကျော် ရှိနေပါတယ်။ ဒီတော့လည်း world wide web ကြီးကို မလွှမ်းဘူးပေါ့။ China Net နဲ့ ပဲ လုံလောက် နေကြတာပဲ ဖြစ်ပါတယ်။ 

တရုတ်အစိုးရဟာ ဆင်ဆာ ဖြတ်တောက်မှုပေါင်း ၂ သန်း ကျော် ပြုလုပ်ထား ပါတယ်။ အဲဒီဆင်ဆာ ဖြတ်တောက်မှုကို ကျော်ခွ မ၀င်နိုင်အောင်လည်း ခေတ်မီ နည်းပညာ မျိုးစုံနဲ့  စောင့်ကြည့် နေပါတယ်။ ဒါပေမယ့် အစိုးရအဖွဲ့ ကို နည်းပညာ သမားတွေကလည်း အံတုပါတယ်။ တရုတ်အစိုးရက The Great Firewall ကြီးနဲ့ ၀က်ဘ်ဆိုက်တွေ လိုက်ပိတ်တဲ့အခါ နည်းပညာ သမားတွေ ကလည်း GreatFire.org နဲ့  ဆင်ဆာ ဖြတ်ထားတဲ့ ၀က်ဘ်ဆိုက်တွေကို ပြန်လိုက်ဖွင့် ပါတယ်။ တရုတ်နိုင်ငံမှာ အင်တာနက် အသုံးပြုသူဦးရေ ၆၄၉ သန်း ရှိပါတယ်။ အဲဒီထဲက ၁ ရာခိုင်နှုန်းက အင်တာနက် ဆင်ဆာကို ကျော်ခွတယ် ဆိုရင်တောင် လူပေါင်း သန်းနဲ့ ချီတို့ က တရုတ်အစိုးရ မသိစေချင်တာ ကိုသိ၊ မမြင်စေချင် တာကို မြင်နေတယ် ဆိုတဲ့သဘောပဲ ဖြစ်ပါတယ်။ 

ဒီတိုက်ပွဲဟာ ဘယ်လောက်အထိ ဆက်နေဦးမလဲ ဆိုတာ ကမ္ဘာက စိတ်ဝင်တစား စောင့်ကြည့် နေပါတယ်။ တရုတ် အစိုးရရဲ့  အင်တာနက် ဆင်ဆာဟာ နံရံပေါ်က ဂျယ်လီတုံးပဲ ဖြစ်မလား၊ နံရံမှာ စွဲမြဲနေတဲ့ ကျောက်တုံးပဲ ဖြစ်မလား ဆိုတာ စောင့်ကြည့်ရ ပါဦးမယ်လို့ လေ့လာရေးသား တင်ပြလိုက်ရ ပါတယ်။

#Yadanarpondaily

Thursday, June 18, 2015

အင်တာနက် အခွင့်အရေး


အင်တာနက် အခွင့်အရေး

အင်တာနက်နှင့် အခြားသော ဒစ်ဂျစ်တယ် နည်းပညာရပ် များသည် စတင် ပေါ်ထွန်းလာသည့် အချိန်မှစ၍ ဆယ်စုနှစ် များစွာအတွင်း ကမ္ဘာလုံးဆိုင်ရာ ဖော်ညွှန်း ပြောဆိုသော အခြေအနေကို တော်လှန် ပြောင်းလဲ လာခဲ့ပြီး လူ့အခွင့်အရေး ကာကွယ်မှု အပါအဝင် အခြားသော လူမှုရေးဆိုင်ရာ အကျိုးရလဒ်များ အတွက် အဓိက ယန္တရားတစ်ခု ဖြစ်လာသည်။

ကမ္ဘာတစ်လွှားမှ သန်းထောင်ချီ ရှိသော လူများကို ပြောရေးဆိုခွင့် ဟူသော အသံတစ်ခု ပေးအပ်ရာတွင် အင်တာနက်၏ ပြောင်းလဲ နိုင်စွမ်းရှိသော သဘာဝအရ ၄င်းတို့၏ သတင်း အချက်အလက် လက်လှမ်းမီ ရရှိနိုင်မှု စွမ်းရည်ကို သိသာစွာ တိုးမြင့် လာစေခြင်းနှင့် သတင်းရေးသား တင်ပြခြင်း တို့ပါ တိုးမြှင့် လာခဲ့သည်။

၂ဝ၁၁ ခုနှစ်တွင် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် ဆိုင်ရာ အပြည်ပြည် ဆိုင်ရာ အထူး ပြဋ္ဌာန်းချက်များ ပူးတွဲ ကြေညာချက် ၌ နိုင်ငံများသည် အင်တာနက် အသုံးပြုခွင့်ကို တိုးမြှင့် ပေးရမည် ဖြစ်ကြောင်း ရှင်းလင်း ဖော်ပြထားပြီး ''လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် ဆိုင်ရာ အခွင့်အရေး များကို ထိရောက်စွာ ပေးအပ်ခြင်းဖြင့် နိုင်ငံအများတွင် လူသားအားလုံး အင်တာနက် အသုံးပြုခွင့် ကို တိုးမြှင့်ပေးရန် မဖြစ်မနေ လုပ်ဆောင်ရမည့် တာဝန်တစ်ရပ် ကို အပ်နှင်းသည် '' ဟု တင်ပြ ထားသည်။

အင်တာနက် အသုံးပြုခွင့် သည် လွန်ခဲ့သော နှစ်ပေါင်း ၂ဝ ကျော်အတွင်း ခုန်ပျံကျော်လွှား တိုးပွားသော်လည်း လူသားအားလုံး တန်းတူညီမျှစွာ အသုံးပြုခွင့် ရနိုင်ရန်မှာ စိန်ခေါ်မှု တစ်ခု ရှိနေဆဲပင် ဖြစ်သည်။ အပြည်ပြည် ဆိုင်ရာ ကြေးနန်း ဆက်သွယ်ရေး သမဂ္ဂ (International Telecommunication Union) အရ ဖွံ့ဖြိုးပြီး နိုင်ငံများ၏ ပျမ်းမျှ အင်တာနက် အသုံးပြုမှု နှုန်းမှာ ၂ဝ၁၃ ခုနှစ်တွင် ၇၇ ရာခိုင်နှုန်းခန့် ရှိခဲ့ပြီး ဖွံ့ဖြိုးဆဲနိုင်ငံ များတွင် ၃၁ ရာခိုင်နှုန်းသာ ရှိသည်။

အင်တာနက်၏ အခြား အရေးကြီးသော ကိစ္စတစ်ရပ်မှာ ကွန်ရက်၏ ကြားနေမူ ဝါဒ ဖြစ်သည်။ အနိမ့်ဆုံး အဖြစ် အင်တာနက် အသွားအလာတွင် ခွဲခြား ဆက်ဆံမှုကို ဖယ်ထုတ် ထားသည်။ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် ဆိုင်ရာ အပြည်ပြည် ဆိုင်ရာ အထူး ပြဋ္ဌာန်းချက် များမှ ၂ဝ၁၁ ခုနှစ် ပူးတွဲ ကြေညာချက် တွင် ''အင်တာနက်မှ သတင်း အချက်အလက် နှင့် အသွားအလာ၏ အသုံးပြုမှုတွင် စက်ကိရိယာ၊ ပါဝင်သည့် အကြောင်းအရာ၊ ရေးသားသူ၊ အရင်းအမြစ် နှင့် ပါဝင်သည့် အကြောင်းအရာ ၏ ရည်ရွယ်ချက် ဝန်ဆောင်မှု (သို့မဟုတ်) လုပ်ဆောင်ချက် တို့အပေါ် မူတည်၍ ခွဲခြား ဆက်ဆံခြင်း မပြုရ '' ဟု ဖော်ပြ ထားသည်။

သို့ဖြစ်ရာ အင်တာနက် အသုံးပြုမှု မြင့်မား လာခြင်းသည် တည်ထောင် ထားသော မူပိုင်ခွင့်နှင့် ဉာဏ ပစ္စည်းဆိုင်ရာ ပိုင်ဆိုင်မှုကို ကာကွယ်သည့် စနစ်အတွက် အရေးပါ လာသည့် စိန်ခေါ်မှု တစ်ရပ်ဖြစ်သည်။ ထို့ကြောင့် အင်တာနက် သည် များပြားလှသော တီထွင် ဖန်တီးမှုနှင့် အနု ပညာ ပုံစံသစ်များ မွေးဖွားလာရန် ကူညီပံ့ပိုး ပေးမှုတစ်ရပ် ဖြစ်သည်ဟု ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

Wednesday, May 27, 2015

3G အင်တာနက် အသုံးပြုမှုအတွက် အူရီဒူးမှ 1Mb လျှင် ၆ ကျပ်နှုန်း လျှော့ချပေး



ရန်ကုန် ၊ ၂၇-၅-၂၀၁၅

မြန်မာ့ ဆက်သွယ်ရေး ကဏ္ဍမှ ပြည်ပ အော်ပရေတာ တစ်ခုဖြစ်သော အူရီဒူး မြန်မာသည် Phalan Phalan အင်တာနက်ဟု အမည်ရသော 3G အင်တာနက် အသုံးပြုမှု အတွက် 1Mb လျှင် ငွေ ၆ ကျပ်နှုန်းသို့ လျှော့ချလိုက်ပြီး မေ ၂၇ ရက်မှ စတင်၍ ဈေးနှုန်းသစ်ဖြင့် အသုံးပြု နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

အူရီဒူးမြန်မာ အနေဖြင့် မူလက 1Mb လျှင် ငွေ ၁၅ ကျပ်နှုန်းနှင့် ဖုန်းခေါ်ဆိုခ တစ်မိနစ်လျှင် ငွေကျပ် ၂ဝ နှုန်းဖြင့် ဝန်ဆောင်မှု ပေးထားရာမှ မေ ၂၇ ရက်မှ စတင်ကာ အင်တာနက် သုံးစွဲခများကို 1Mb လျှင် ငွေ ၆ ကျပ်နှုန်းသို့ လျှော့ချ သုံးစွဲခွင့် ဝန်ဆောင်မှုအား ပေးအပ်သွားမည် ဖြစ်သည်။

အူရီဒူးဖုန်း သုံးစွဲသူများ အတွက် 3G အင်တာနက် ဝန်ဆောင်မှုအား အထူး ကောင်းမွန်သော ငွေကြေးနှုန်းထား နှင့် ကောင်းမွန်သည့် လိုင်းဝန်ဆောင်မှု တို့ကို ပေးသွားမည် ဖြစ်ကာ Package ဖြင့် အင်တာနက် ဝန်ဆောင်မှု ဝယ်ယူထား သူများကိုလည်း ထပ်ဆောင်း အပိုပမာဏ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ပြည်တွင်း မိုဘိုင်းလ်ဖုန်း သုံးစွဲသူ ဈေးကွက် အတွင်း၌ ပြည်ပ ဆက်သွယ်ရေး အော်ပရေတာ များ၏ ဈေးနှုန်း လျှော့ချ ဝန်ဆောင်မှု များနှင့်အတူ သုံးစွဲမှုတွင် အင်တာနက်လိုင်း ကောင်းမွန်မှု များကို အသားပေး ရွေးချယ်လာ ကြပြီး လက်ရှိတွင် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ထုတ်လုပ်သော ဖုန်းလိုင်းကတ် များထက် ပြည်ပ ဆက်သွယ်ရေး အော်ပရေတာ များမှ ဖုန်းလိုင်းကတ် များကို သုံးစွဲမှုများပြား လာသဖြင့် ဈေးနှုန်း လျှော့ပေးခြင်း၊ လိုင်းကောင်းမွန်အောင် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

မိုးအောင်

#Themyawadydaily

Thursday, May 21, 2015

မြန်မာနိုင်ငံတွင် မိုဘိုင်းလ်ဖုန်း သုံးစွဲသူ ၅၅ ဒသမ ၈ ရာခိုင်နှုန်းမှာ တစ်နေ့လျှင် အင်တာနက်သုံးစွဲချိန် တစ်နာရီအထက်ရှိ



ရန်ကုန် ၊ ၂၁-၅-၂၀၁၅

မြန်မာနိုင်ငံတွင် မိုဘိုင်းလ်ဖုန်း သုံးစွဲသူ ၅၅ ဒသမ ၈ ရာခိုင်နှုန်းမှာ တစ်နေ့လျှင် အင်တာနက် သုံးစွဲချိန် တစ်နာရီ အထက် ရှိနေပြီး ၄င်းတို့အနက် Facebook သုံးစွဲမှု မှာ ၇၁ ဒသမ ၃ ရာခိုင်နှုန်း ရှိနေကြောင်း စင်ကာပူ အခြေစိုက် Mileage Communication Myanmar ၏ စစ်တမ်းများ အရ သိရသည်။

အဆိုပါ စစ်တမ်းက Gmail သုံးစွဲမှုသည် ၂၅ ဒသမ ၇ ရာခိုင်နှုန်း၊ Gtalk သုံးစွဲမှုသည် ၂၂ ဒသမ ၈ ရာခိုင်နှုန်းနှင့် Twitter သုံးစွဲမှု နှုန်းသည် ၁ဝ ဒသမ ၅ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

မိုဘိုင်းလ်ဖုန်း သုံးစွဲသူ ၅၅ ဒသမ ၈ ရာခိုင်နှုန်းသည် တစ်နေ့လျှင် အင်တာနက် သုံးစွဲချိန် တစ်နာရီမှ နှစ်နာရီ အတွင်း ရှိပြီး ၃၃ ဒသမ ၉ ရာခိုင်နှုန်းသည် တစ်နေ့လျှင် တစ်နာရီခန့် အင်တာနက် သုံးစွဲကြောင်းလည်း ဖော်ပြထားပြီး ၂ဝ၁ဝ ပြည့်နှစ်တွင် ထုတ်ဝေခဲ့သော အစီရင်ခံစာ အရ မြန်မာနိုင်ငံတွင် လူဦးရေ ၁ သန်းခန့်သာ မိုဘိုင်းလ်ဖုန်း အသုံးပြု နိုင်ခဲ့ကြောင်း သိရသည်။

၂ဝ၁၁ ခုနှစ် မတ်လက နိုင်ငံခြား ဆက်သွယ်ရေး ကုမ္ပဏီများအား လုပ်ငန်းလိုင်စင် ချပေးခဲ့ခြင်း အပါအဝင် ပြုပြင် ပြောင်းလဲမှုများ စတင်ဆောင်ရွက် လာခဲ့ပြီး နောက်ပိုင်းတွင် ဆက်သွယ်ရေး လုပ်ငန်း သုံးခုလုံး ဆက်သွယ်ရေး တာဝါတိုင်များ တပ်ဆင် ပြီးစီးပြီးနောက် မြန်မာ့ ဆက်သွယ်ရေး ကွန်ရက် ပိုမိုကျယ်ပြန့် လာခဲ့ပြီး ဆင်းကတ်များ ကိုလည်း ပိုမိုရောင်းချ ပေးနိုင်ခဲ့ကြောင်း သိရသည်။

အော်ရီဒူး ကုမ္ပဏီ၏ သုံးလပတ် အစီရင်ခံစာ အရ ယခုနှစ် ဧပြီလ နောက်ဆုံးပတ် အထိ သုံးစွဲသူပေါင်း ၃ ဒသမ ၃ သန်းရှိပြီး ဆက်သွယ်ရေး တာဝါတိုင် ၁၈၅၀ စိုက်ထူထားသည့် တယ်လီနော က သုံးစွဲသူပေါင်း ၆ ဒသမ ၄ သန်း ရှိကြောင်း ကုမ္ပဏီများ၏ ထုတ်ပြန်ချက် အရ သိရသည်။

အိအိအောင်

#Yadanarpondaily
Related Posts Plugin for WordPress, Blogger...