Social Icons

Pages

Showing posts with label ကယ်ဆယ်ရေး. Show all posts
Showing posts with label ကယ်ဆယ်ရေး. Show all posts

Wednesday, April 3, 2019

မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် မတူပီမြို့နယ် အတွင်း ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်

မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် မတူပီမြို့နယ် အတွင်း ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော်  ဧပြီ  ၂ 
-
ချင်းပြည်နယ်၊ မတူပီမြို့နယ် အတွင်း မတ် ၃၁ ရက်ညပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးသီးများကြွေကျခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများကြောင့်မတူပီမြို့၊ ခိုဘွေရပ်ကွက်၊ ငလိုင်ကျေးရွာနှင့်ဖနိုင်ကျေးရွာများရှိ လူနေ အိမ်များ၊ အုပ်ချုပ်မှုအဆောက်အအုံများ၊  ခရစ်ယာန်ဘုရားရှိခိုးကျောင်းများနှင့် စာသင်ကျောင်းများ ပြိုကျပျက်စီးခြင်း၊ အမိုးလန် ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သည်။ 
-
အဆိုပါ လေဘေးသင့် ရပ်ကွက်နှင့် ကျေးရွာများသို့ ဧပြီ ၁ ရက် ညနေပိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊မတူပီတပ်နယ်မှ တပ်မတော်သားများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်၍ ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အပျက်အစီးများအားဖယ်ရှားရှင်းလင်းခြင်း၊ အိမ်အမိုးများ ပြန်လည် ပြုပြင်ပေးခြင်း၊သန့်ရှင်းရေး ပြုလုပ်ပေးခြင်းများနှင့် လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။
-
(၁၀၀)
-
#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, July 3, 2018

သမ်လောင်လိုဏ်ဂူအတွင်း ပိတ်မိနေသူများကို အသက်ရှင်လျက် ပြန်လည်တွေ့ရှိ



ဗန်ကောက် ၃-၇-၂ဝ၁၈

ဇွန် ၂၃ ရက်မှစ၍ မယ်ဆိုင်ခရိုင် သမ်လောင်လိုဏ်ဂူအတွင်း ကိုးရက်ကြာ ပိတ်မိနေသော ထိုင်းကျောင်းသားငယ် ၁၂ ဦးနှင့် ဘောလုံးနည်းပြတို့ကို ထိုင်းရေတပ်မှ အထူးတပ်ဖွဲ့ဝင်များက အသက်ရှင်လျက် ပြန်လည်တွေ့ရှိ ခဲ့ပြီဖြစ်ကြောင်း ဗန်ကောက်ပို့စ် သတင်းစာက ယနေ့တွင် ရေးသားဖော်ပြ ထားသည်။

သမ်လောင် လိုဏ်ဂူအတွင်း ပိတ်မိနေသော ထိုင်းကျောင်းသား ငယ်များနှင့် ဘောလုံးနည်းပြတို့ကို ပတ္တယားကမ်းခြေ ကုန်းမြင့်ဧရိယာ အနီး၌ ထိုင်းရေတပ် အထူးတပ်ဖွဲ့ဝင်များက ရှာဖွေတွေ့ရှိ ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အားလုံး အသက်ဘေးမှ ကင်းဝေးမှုရှိကြောင်း ချင်းရိုင်ပြည်နယ် အုပ်ချုပ်ရေးမှူးက ပြောပြသည်။

လက်ရှိအချိန်တွင် ရေငုပ်ကယ်ဆယ်ရေး သမားများက ၎င်းတို့အားလုံးကို ဘေးကင်းလုံခြုံစွာ ပြန်လည် ကယ်ထုတ်နိုင်ရေး အတွက် စတင်ကြိုးပမ်း နေပြီဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောပြသည်။

ပိတ်မိနေသူများ ခိုလှုံနေဖွယ်ရှိသည့် နေရာအဖြစ် မူလကယူဆထားကြသော ပတ္တယားကမ်းခြေ ကုန်းမြင့်ဧရိယာနှင့် မီတာ ၅ဝဝ အကွာသို့ ရေငုပ်ကယ်ဆယ်ရေး သမားများ ရောက်ရှိနေချိန်တွင် ပိတ်မိနေသူအားလုံးကို အသက်အန္တရာယ် စိုးရိမ်စရာမရှိဘဲ ပြန်လည် ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အရှည် ခြောက်မိုင်ခန့်ရှိပြီး မိုးဥတုကာလ၌ ရေလွှမ်းမိုးလေ့ရှိသည့် သမ်လောင်လိုဏ်ဂူ အတွင်း ဇွန် ၂၃ရက်မှစတင်ကာ ဝင်ရောက်ခဲ့ပြီးနောက် ပျောက်ဆုံးခဲ့သည့် ကျောင်းသားငယ်များနှင့် ဘောလုံးနည်းပြ တို့ကိုကယ်ထုတ်နိုင် ရေးအတွက်ထိုင်း ရေတပ်အထူးတပ်ဖွဲ့ ရေငုပ်သမားများ အပါအဝင် ရေငုပ်ကယ်ဆယ်ရေး အဖွဲ့ဝင်များက နေ့ညမပြတ် ကြိုးပမ်းခဲ့ပြီး အမေရိကန်နိုင်ငံ၊ တရုတ်နိုင်ငံ၊ ဗြိတိန်နိုင်ငံနှင့် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတကာမှ ကယ်ဆယ်ရေး သမားများကလည်း ပူးပေါင်းကူညီ ပေးခဲ့ကြသည်။

ကျောင်းသားငယ်များနှင့် ဘောလုံးနည်းပြတို့ ပိတ်မိနေသည့် သမ်လောင်လိုဏ်ဂူသို့ ဇွန် ၂၉ ရက်က ထိုင်းနိုင်ငံဝန်ကြီးချုပ် လာရောက်ခဲ့ပြီး ကယ်ဆယ်ရေးသမားများနှင့် ပိတ်မိနေသူများ၏ မိဘဆွေမျိုးများကို အားပေးစကား ပြောကြားခဲ့ပြီး ကယ်ဆယ်ရေး လုပ်ငန်းအားလုံးကို ကူညီမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။

ပိတ်မိနေသည့် ကျောင်းသားငယ်များနှင့် ဘောလုံးနည်းပြတို့ကို ယနေ့တွင် ကယ်ဆယ်ရေး လုပ်ငန်း ပထမအဆင့်ပြီးမြောက် ပြီဖြစ်ရာ ဒုတိယအဆင့် အနေဖြင့် ၎င်းတို့အားလုံးကို လိုဏ်ဂူအပြင်သို့ ကယ်ထုတ်နိုင်ရေး အတွက် စတင်ကြိုးပမ်း နေပြီဖြစ်ကြောင်း သိရသည်။

ပိတ်မိနေသူအားလုံးကို ကယ်ဆယ်ရေး လုပ်ငန်းများ ပြုလုပ်နေစဉ် ရေငုပ်သမားများသည် မိုးရွာသွန်းမှုများကြောင့် လိုဏ်ဂူအတွင်း ရေလွှမ်းမိုးမှု ပြဿနာနှင့် ရင်ဆိုင်ခဲ့ရသည်။ ထို့ပြင် ကယ်ဆယ်ရေး သမားများ အနေဖြင့် သမ်လောင်လိုဏ်ဂူ တည်ရှိရာ တောင်ကုန်းဒေသ၌ လိုဏ်ဂူအတွင်းပိုင်း အထိလမ်းပေါက်မည့် ကျောက်ခေါင်းပေါက် များရှာဖွေခဲ့ရပြီး ကယ်ဆယ်ရေး လုပ်ငန်းများကို ခက်ခက်ခဲခဲဆောင်ရွက် ခဲ့ရသည်။

သမ်လောင် လိုဏ်ဂူအတွင်း ပိတ်မိနေသူများကို ထိုင်းရေတပ် အထူးတပ်ဖွဲ့ဝင်များက ရှာဖွေတွေ့ရှိ ပြီးနောက် ထိုင်းဝန်ကြီးချုပ် ပရာယုသ်ချန်အိုချာက ကယ်ဆယ်ရေး လုပ်ငန်းတွင် ပါဝင်ခဲ့ကြသော ကယ်ဆယ်ရေး သမားများနှင့် နိုင်ငံတကာ ကျွမ်းကျင်သူများကို ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

သမ်လောင် လိုဏ်ဂူအတွင်း ပိတ်မိနေသူများကို ကယ်ဆယ်ရာတွင် ပါဝင်ပူးပေါင်း ဆောင်ရွက် ပေးခဲ့သည့် ကယ်ဆယ်ရေး သမားများနှင့် နိုင်ငံတကာ ကျွမ်းကျင်သူများကို ထိုင်းဘုရင့် အစိုးရနှင့် ထိုင်းပြည်သူများက အထူးကျေးဇူးတင်ရှိကြောင်း ထိုင်းဝန်ကြီးချုပ်က ယနေ့တွင် ပြောကြားသည်။

ထိုင်းရေတပ် အထူးတပ်ဖွဲ့ဝင်များသည် ယနေ့တွင် တီ-လမ်းဆုံခေါ် လိုဏ်ပေါက်သုံးခု ဆုံရာနေရာမှ ဝဲဘက်လိုဏ်ဂူ လမ်းကြောင်း ကိုအောင်မြင်စွာ ကျော်ဖြတ်ခဲ့ပြီး နောက်ထပ် မီတာ ၄ဝဝ အကွာထိ ဆက်လက်ငုပ်ဝင်ပြီးနောက် ပိတ်မိနေသူအားလုံးကို ရှာဖွေတွေ့ရှိ ခဲ့ခြင်းဖြစ်သည်။

လက်ရှိ အချိန်တွင် ကယ်ဆယ်ရေး အဖွဲ့များသည် လိုဏ်ဂူအတွင်း ရေကျချိန်ကိုစောင့် ဆိုင်းလျက် ကယ်ဆယ်ရေး လုပ်ငန်းများကို ညှိနှိုင်းဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily
Related Posts Plugin for WordPress, Blogger...