-
မင်းဘူး ဖေဖော်ဝါရီ ၁၇
-
ဧရာဝတီမြစ်ရေ တက်သော်လည်း ရေမရောက်နိုင်သည့်နှစ်ထပ်ဈေးသစ်ကြီးတစ်ခုကို မင်းဘူးမြို့ ဧရာဝတီမြစ်ကမ်းဘေး ဈေးဟောင်းကြီးနေရာတွင် ဈေးဖြစ်မြောက်ရေး ကော်မတီက ဦးဆောင်ဆောက်လုပ်ရန် စီစဉ်လျက်ရှိပြီး အပေါ်ထပ်တွင် ဈေးဆိုင်ခန်းများနှင့် ဈေးအောက်ထပ်တွင် ကားအစီးရေ ၇၂ စီးထားနိုင်သော ကားပါကင်၊ ဆိုင်ကယ်ရပ်နားကွင်း၊ ရေချိုးခန်းနှင့် သန့်စင်ခန်းများပါရှိမည်ဖြစ်ကြောင်း သိရသည်။
-
ဈေးနှင့်အထွေထွေ လုပ်ငန်းများ တည်ဆောက်ရန် ငွေကျပ်သိန်းပေါင်း ၂၃၃၂၅သိန်း ကုန်ကျမည်ဟု ခန့်မှန်းထားပြီး ဈေးတည်ဆောက်ရန် Drawing နှင့် အင်ဂျင်နီယာ ငှားရမ်းခြင်း၊ အရည်အသွေးစစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများအတွက် ငွေကျပ် ၁၁၄၅ သိန်း၊ ဈေးတည်ဆောက်ရေး အတွက် ငွေကျပ် ၂၂၁၈ဝ သိန်း အသုံးပြုမည်ဖြစ်ကြောင်းသိရသည်။
-
''ဈေးဆိုင်ခန်းတွေက ပေ ၂ဝ နဲ့ ၁၅ ပေအကျယ် ရှိပါတယ်။ ကုန်စုံဆိုင် ၁၇၆ ခန်း၊ စားသောက်ဆိုင် ၂၂ ခန်း၊ ပျံကျ ၁၅၆ ခန်းနဲ့ ဖွဲ့စည်းထားပါတယ်။ ပျံကျခန်းအတွက် ငွေကျပ် ၁၅ သိန်း၊ ကုန်စုံဆိုင်အခန်းတွေက နေရာပေါ်မူတည်ပြီး ငွေကျပ် သိန်း ၁ဝဝ ကနေ ၁၅၅ သိန်းအထိ၊ စားသောက်ဆိုင်ခန်းတွေကတော့ ထောင့်ခန်းငွေကျပ် ၁၆၅ သိန်း၊ ကြားခန်း ငွေကျပ်သိန်း၁၅ဝ ရောင်းဈေး သတ်မှတ်ထားပါတယ်။ဆိုင်ခန်းအားလုံး ရောင်းရမယ်ဆိုရင် ငွေကျပ်၂၇၁၃၅ သိန်း ရရှိမှာဖြစ်ပြီးတော့ ဈေးတည်ဆောက်လို့ ပိုလျှံတဲ့ငွေတွေကို ဈေးရန်ပုံငွေအဖြစ် ထားပါမယ်''ဟု ဈေးဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌက ပြောသည်။
-
''ဈေးကော်မတီက တည်ဆောက်တာကို ပြည်သူတွေအနေနဲ့ ယုံယုံကြည်ကြည်နဲ့ ဖြစ်စေချင်ပါတယ်။ ငွေရေးကြေးရေး ကိစ္စအားလုံးကိုလည်း ကြိုက်သလိုစစ်ဆေးခံနိုင်ပါတယ်။ ဈေးဆိုင်ခန်း ကြိုတင်ရောင်းရငွေ ကျပ်သိန်းပေါင်း ၄၆၆ဝ ကျော်ကို CB ဘဏ်မှာ အပ်နှံထားပါတယ်။ ကြိုက်တဲ့စာရင်းစစ် ဝင်စစ်နိုင်ပါတယ်။ ရက်တောင်းစရာ မလိုပါဘူး။ ဒီနေ့စစ်ချင် ဒီနေ့ဝင်စစ်လို့ ရပါတယ်။ ကိုယ့်မြို့ကိုတိုးတက်စေချင်ပါတယ်။ ရေရှည်တည်တံ့မယ့်ဈေးကြီး ဖြစ်စေချင်ပါတယ်''ဟု အမှတ်(၂)ဈေး ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမစ်ကီက ပြောသည်။
-
ဈေးတည်ဆောက်ရန် အချိန် ၁၃ လ တောင်းခံထားပြီး ဈေးလုံခြုံရေး အတွက် CCTVအလုံး ၇ဝတပ်ဆင်မည်ဖြစ်ကြောင်း၊ မီးဘေးလုံခြုံရေး အတွက် ရေဂါလန် ၁၂ဝဝဝ ဆံ့ ကန်နှစ်ကန်ထားရှိပြီး မီးသတ်စက်များ ထည့်သွင်းရန် အစီအစဉ်ရှိကြောင်း၊ အမှတ်(၂) ဈေးကြီးပြီးဆုံးပါက စည်ပင်သာယာရေး အဖွဲ့သို့ အခွန်အခများ ဝင်လာမည်ဖြစ်ပြီး ကုန်တင်ကုန်ချ အလုပ်သမားများ၊ သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူများ အတွက်လည်း အခွင့်အလမ်းများ ရရှိလာမည်ဖြစ်ကြောင်းသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment