Social Icons

Pages

Tuesday, January 22, 2019

မြန်မာ ယူ-၁၆ အမျိုးသမီးအသင်း သြ စ တြေး လျ ၌ လေ့ ကျင့် မည်

မြန်မာ ယူ-၁၆ အမျိုးသမီးအသင်း သြ စ တြေး လျ ၌ လေ့ ကျင့် မည် .....
-
ရန်ကုန် ဇန်နဝါရီ ၂၁ 
-
အာရှ ယူ–၁၆ ဒုတိယအဆင့်ခြေစစ်ပွဲ အတွက် ပြင်ဆင်လျက်ရှိသည့် မြန်မာအမျိုးသမီးအသင်းသည် ဖေဖော်ဝါရီ ၉ ရက်မှ ၁၉ရက်အထိ သြစတြေးလျနိုင်ငံ၌ လေ့ကျင့်မည်ဖြစ်ပြီး ခြေစမ်းပွဲနှစ်ပွဲကစားရန် စီစဉ်ထားကြောင်း သိရသည်။ 
-
သြစတြေးလျနိုင်ငံ၌ ၁ဝ ရက်ကြာ လေ့ကျင့်ခြေစမ်းမည့် မြန်မာ ယူ–၁၆ အမျိုးသမီးအသင်းကို သြစတြေးလျ ယူ-၁၆ လက်ရွေးစင် အမျိုးသမီးအသင်းအပါအဝင် ကလပ်အသင်းတစ်သင်းမှလူငယ်အမျိုးသမီး အသင်းနှင့်ခြေစမ်း ရန် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်က စီစဉ်ထားသည်။ 
-
လက်ရှိတွင်မြန်မာ ယူ–၁၆ အမျိုးသမီးအသင်းသည် ကစားသမား ၃ဝ ဦးဖြင့် လေ့ကျင့်နေပြီး သြစတြေးလျခြေစမ်းခရီးသို့ ကစားသမားမည်မျှခေါ်ဆောင်မည်ဆိုသည်ကို သတင်း မထုတ်ပြန်သေးကြောင်း သိရသည်။ ''သြစတြေးလျ ခြေစမ်းခရီးသွားဖို့က သေချာပါတယ်။ ၁ဝ ရက်ကြာ နေထိုင်လေ့ကျင့်မှာပါ။ သြစတြေးလျ ယူ–၁၆ အမျိုး သမီးအသင်းအပါအဝင်ကလပ်လူငယ် အမျိုးသမီးအသင်းတစ်သင်းနဲ့လည်း ခြေစမ်းဖို့ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်က စီစဉ်ထားပါတယ်။ သြစတြေးလျ ခရီးစဉ်ကို ကစားသမား ဘယ်နှယောက် ခေါ်သွားမယ်ဆိုတာက မဆုံးဖြတ် ရသေးပါဘူး။ ဒုတိယအဆင့်မှာ ယှဉ်ပြိုင်ရမယ့်အသင်းတွေက အသင်းကောင်းတွေ ချည်းပါပဲ။ ခြေစစ်ပွဲ အောင်မယ်လို့ ယုံကြည်ထားပါတယ်'' ဟု မြန်မာ ယူ-၁၆အမျိုးသမီး အသင်း နည်းပြ ဒေါ်စန်းစန်းသိန်း ကပြောသည်။ 
-
အာရှ ယူ–၁၆ အမျိုးသမီး ဒုတိယအဆင့် ခြေစစ်ပွဲသို့ မြန်မာအသင်း အပါအဝင် သြစတြေးလျ၊ တရုတ်၊ ဗီယက်နမ်၊ လာအို၊ အီရန်၊ ဘင်္ဂလားဒေ့ရှ်နှင့် ဖိလစ်ပိုင်အသင်း တို့တက်ရောက်ပြီး လေးသင်းနှစ်အုပ်စုခွဲကာ ယှဉ်ပြိုင်ကြ မည်ဖြစ်ကြောင်း သိရသည်။ 
-
မြန်မာအသင်းသည် အုပ်စု(ခ)တွင် တရုတ်၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်အသင်းတို့နှင့်အတူ ကျရောက်လျက်ရှိပြီး အုပ်စုတွင်း ပွဲစဉ်များကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ဖေဖော်ဝါရီ ၂၇ ရက်မှ မတ် ၃ ရက်အထိ မန္တလေးမြို့ရှိ မန္တလာသီရိ အားကစားကွင်း၌ လက်ခံကျင်းပမည်ဖြစ်သည်။ 
-
မြန်မာ ယူ-၁၆ အမျိုးသမီးအသင်းသည် အုပ်စုအဖွင့် ပွဲစဉ်အဖြစ် ဖေဖော်ဝါရီ ၂၇ရက်တွင် တရုတ် အသင်းနှင့် လည်းကောင်း၊ မတ် ၁ ရက်တွင် ဘင်္ဂလားဒေ့ရှ် အသင်းနှင့် လည်းကောင်း၊ မတ် ၃ ရက်တွင် ဖိလစ်ပိုင် အသင်းနှင့် လည်းကောင်း ယှဉ်ပြိုင်ရမည် ဖြစ်ပြီး မြန်မာအသင်း ပွဲစဉ်များကို ည ၆နာရီတွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...