Social Icons

Pages

Monday, January 14, 2019

နာဂရိုးရာနှစ်သစ်ကူး ပွဲတော်အတွင်း နာဂတိုင်းရင်းသား မျိုးနွယ်စု ရိုးရာအိမ်များသို့ သွားရောက် လေ့လာနိုင်

-
လေရှီး  ဇန်နဝါရီ  ၁၃ 
-
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့၌ ကျင်းပသည့် ၂ဝ၁၉ ခုနှစ် နာဂရိုးရာနှစ်သစ်ကူး ပွဲတော်သို့ လာရောက်လည်ပတ်ကြသည့်   ပြည်တွင်း၊ပြည်ပခရီးသွား ဧည့်သည်များအနေဖြင့် နာဂမျိုးနွယ်စုများ နေထိုင်သည့် ရိုးရာနေအိမ်များကို  သွားရောက်လေ့လာနိုင်ကြောင်း နာဂရိုးရာ ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ထွဋ်ထံမှ သိရသည်။ 
-
လေရှီးမြို့နယ်အတွင်း  နေထိုင်ကြသည့် နာဂတိုင်းရင်းသား မျိုးနွယ်စုများဖြစ်သော တန်ကွန်၊ မကူရီ၊ ပါရာ၊ ကိုကာ့၊ လောင်ဖူးရီ၊ ခရမ်ညူငန် စသည့်မျိုးနွယ်စု ခြောက်စု၏ လက်ရှိနေထိုင်မှုပုံစံများကို လေ့လာနိုင်မည် ဖြစ်သည့်အပြင် ၎င်းမျိုးနွယ်စုများ၏ လူနေမှု ဓလေ့စရိုက်၊ ယဉ်ကျေးမှု အလေ့အထတို့ကို မျိုးနွယ်စုများနှင့် တိုက်ရိုက်မေးမြန်း လေ့လာနိုင်မည်ဖြစ်သည်။ 
-
''နာဂလူမျိုးစုတွေရဲ့ ရိုးရာအိမ်တွေမှာ ဘယ်လိုအသုံးအဆောင်တွေနဲ့  ဘယ်လိုပုံစံမျိုးတွေ နေထိုင်တယ်ဆိုတာကို   ခရီးသွားပြည်သူတွေ သိရှိခံစားနိုင်အောင်၊ သူတို့တွေရဲ့ နေထိုင်မှုပုံစံတွေကိုလက်တွေ့လေ့လာနိုင်အောင်လို့  ပြယုဂ်တစ်ခုအနေနဲ့ ဆောက်လုပ်ထားတာပါ။ ပြခန်းအနေနဲ့ အသုံးပြုပြီးတဲ့ နောက်ပိုင်းမှာ ရိုးရာအိမ်တွေကို မျိုးနွယ်စု အလိုက် ဆက်လက်နေထိုင်ပြီးထိန်းသိမ်းသွားမှာပါ''ဟု နာဂရိုးရာယဉ်ကျေးမှု ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ထွဋ် က ပြောသည်။ 
-
နာဂနှစ်သစ်ကူးပွဲတော် ကျင်းပပြီးစီးသည့် နောက်ပိုင်း တိုင်းရင်းသား မျိုးနွယ်စုအလိုက် နေအိမ်များကို ထိန်းသိမ်းထားသည့် အနေဖြင့် အမြဲတမ်းနေထိုင် သွားမည်ဖြစ်ပြီး လေရှီးမြို့နယ်သို့ လာရောက်လည်ပတ်ကြသည့် ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည်များအနေဖြင့် နာဂလူမျိုးစုများ၏ အလေ့အထကို လေ့လာမည်ဆိုပါက မျိုးနွယ်စုများနှင့် အတူ တည်းခိုနေထိုင်ပြီး တစုတစည်းတည်း လေ့လာနိုင်စေရန်  စီစဉ်ပေးထားကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...