Social Icons

Pages

Tuesday, January 15, 2019

ချင်းတွင်း တံတား (ဟုမ္မလင်း)ဖွင့်ပွဲ အခမ်းအနား ကျင်းပ

ချင်းတွင်း တံတား (ဟုမ္မလင်း)ဖွင့်ပွဲ အခမ်းအနား ကျင်းပ
-
ဟုမ္မလင်း  ဇန်နဝါရီ  ၁၄ 
-
ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီး ဌာနမှ တာဝန်ယူတည်ဆောက်ခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး  ဟုမ္မလင်းမြို့နယ် တမူး- အောင်ဇေယျ-ကက်သာ-ဟုမ္မလင်းလမ်းပေါ်ရှိ ချင်းတွင်းတံတား(ဟုမ္မလင်း)ဖွင့်ပွဲ အခမ်း အနားကို ယနေ့နံနက် ၁ဝ  နာရီခွဲတွင် အဆိုပါ တံတားပေါ်၌ကျင်းပသည်။ ရှေးဦးစွာ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်တို့က အမှာစကား ပြောကြားကြသည်။ 
-
ဆက်လက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်လင်းက တံတားတည် ဆောက်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဒေသခံပြည်သူ တစ်ဦးက ချင်းတွင်းတံတား (ဟုမ္မလင်း) တည်ဆောက် ပေးမှုနှင့် ပတ်သက်၍ ကျေးဇူးတင် စကား ပြန်လည်ပြောကြားသည်။ ထို့နောက် ချင်းတွင်းတံတား (ဟုမ္မလင်း)အား  နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသန်း၊ ဆောက်လုပ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဦးကျော်လင်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်း၊  ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်နန်း မွှေးမွှေးခင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်  ဦးမျိုးညွန့်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွေးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးသန်းတို့က ချင်းတွင်းတံတား (ဟုမ္မလင်း) ကမ္ပည်းမော်ကွန်း ကျောက်စာ တိုင်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး  အမွှေးနံ့သာရည် ပက်ဖျန်းပေးကြသည်။ 
-
ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားအထူး အဖွဲ့(၂)မှ တည်ဆောက်ခဲ့သော ချင်းတွင်းတံတား(ဟုမ္မလင်း)သည် ဟုမ္မလင်းမြို့နယ်  တမူး- အောင်ဇေယျ- ကက်သာ- ဟုမ္မလင်းလမ်းမ ပေါ်တွင်တည်ရှိပြီး ဟုမ္မလင်းမြို့နှင့် ချင်း တွင်းမြစ် အနောက်ဘက်ခြမ်းရှိ ကက်သာကျေးရွာ တို့ကိုဆက်သွယ်ထားကာ  အလျား ၁၇၆၂  ဒသမ ၆ ပေ၊ အကျယ် ၂၈ ပေရှိပြီး တစ်ဖက် လျှင် ၃ ပေအကျယ်ရှိလူသွားလမ်းနှစ်လမ်းပါရှိသည့် သံကူကွန်ကရစ်ဘိုးပိုင် အုတ်မြစ်၊ သံမဏိ သံပေါင်တံတားအမျိုးအစားဖြစ်သည်။ အဆိုပါချင်းတွင်းမြစ်ကူးတံတား(ဟုမ္မလင်း)အား တည်ဆောက်ဖွင့်လှစ်နိုင်ခဲ့သဖြင့် ချင်းတွင်း အောက်ပိုင်းဒေသ များ ဟုမ္မလင်းမြို့နယ်မှ တစ်ဆင့် ချင်းတွင်းအနောက်ခြမ်းရှိ အိန္ဒိယနိုင်ငံနှင့် ထိစပ်လျက်ရှိသည့် နယ်စပ်မြို့ဖြစ် သော တမူးမြို့နယ်နှင့် ကုန်စည်များလျင်မြန်စွာစီးဆင်းနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။ 
-
ချင်းတွင်းတံတား (ဟုမ္မလင်း)ဖွင့်ပွဲအခမ်း အနားသို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော် တင့်ဆွေ၊ စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသန်း၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊  သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း၊ တိုင်းရင်းသား လူမျိုးများ ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှမော်ဦး၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။ 
-
မွန်းလွဲပိုင်းတွင် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဟုမ္မလင်းလေဆိပ်မှ တပ်မတော်ရဟတ် ယာဉ်ဖြင့် နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကျင်းပမည့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့သို့ ရောက်ရှိကြရာ လွှတ်တော်ကိုယ်စား လှယ်များ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးကေဆိုင်းနှင့် အလုပ်အမှု ဆောင်အဖွဲ့ဝင်များ၊  နာဂမျိုးနွယ်စု တိုင်းရင်းသား ခေါင်းဆောင်များ၊ နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ တာဝန်ရှိသူများနှင့်  ဒေသခံ ပြည်သူများကကြိုဆိုကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများသည် လေရှီးမြို့ရှိ  ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်း၌ ကျင်းပသည့် နာဂရိုးရာနှစ်သစ်ကူးပွဲတော် အလှူ တော် မင်္ဂလာ အခမ်းအနားသို့ တက်ရောက်သည်။ 
-
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်း လက်ထောက်ဆရာတော်ဘဒ္ဒန္တအဂ္ဂဓဇထံမှ ငါးပါး သီလ ခံယူဆောက်တည်ကာ တောင်တန်းသာသနာပြု ဆရာတော်ကြီးများနှင့် သီလရှင်ဆရာလေးတို့ အား လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် လေရှီးမြို့ပေါ်တွင် တည်ဆောက်ထားသည့် နာဂတိုင်းရင်းသား မျိုးနွယ်စုများ၏ ရိုးရာအိမ်များသို့သွားရောက် လေ့လာကြပြီး မျိုးနွယ်စု ခေါင်းဆောင်များနှင့်  စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြောင်း သိရသည်။                  
-
မျိုးချစ်ဦး
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...