Social Icons

Pages

Friday, October 19, 2018

မန္တလေးမြို့၌ ရပ်ကွက်ဘုရားပွဲများ စတင် ၊ ဘုရားပွဲဈေးသည်များနှင့် မြေထည် ကစားစရာဆိုင်များဖြင့်စည်ကား

မန္တလေးမြို့၌ ရပ်ကွက်ဘုရားပွဲများ စတင် ၊ ဘုရားပွဲဈေးသည်များနှင့် မြေထည် ကစားစရာဆိုင်များဖြင့်စည်ကား
မန္တလေး  အောက်တိုဘာ  ၁၈
-
မန္တလေးမြို့တွင် သီတင်းကျွတ်လဆန်းသည်နှင့် ရပ်ကွက်ဘုရားပွဲများ စတင်ကျင်းပကြသည်။ သီတင်းကျွတ်လဆန်းက ချမ်းအေးသာစံမြို့နယ် အောင်နန်းရိပ်သာ အနောက်ရပ်ကွက်တွင် မလွန်ကြက်သွန်တန်း ဓမ္မာရုံဘုရားပွဲနှင့် ချမ်းအေးသာစံ အလယ်ရပ်ကွက်တွင် တရုတ်တန်းရှေ့တော်ပြေးဝင်း ဓမ္မာရုံ ဘုရားပွဲကျင်းပခဲ့ပြီး သီတင်းကျွတ်လဆန်း ၁ဝ ရက်တွင် မြို့လယ် ၈၂ လမ်း၊ ၂၉ လမ်းနှင့် လမ်း ၃ဝ ကြားဘုရားသုံးဆူ ဘုရားပွဲတော် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
-
ဘုရားပွဲများတွင်ဇာတ်အငြိမ့်၊ မြန်မာမှု တီးဝိုင်းများနှင့် စည်တော်ကြီး အဖွဲ့များပါ ကပြတီးမှုတ်ဖျော်ဖြေကြသည်။ သီတင်းကျွတ် လဆန်း၁၁ ရက်နှင့် ၁၂ ရက်တို့တွင် မဟာလောကရံသီ အိမ်တော်ရာ ဘုရားပွဲ၊ သီတင်းကျွတ်လဆန်း ၁၃ ရက် ၁၄ ရက်တွင် မဟာလောကရံသီ  အိမ်တော်ရာစေတီဘုရားပွဲ၊ သီတင်းကျွတ်လဆန်း ၁၄ ရက် ၁၅ ရက်တွင်  မဟာသကျသီဟဘုရားပွဲ၊ အောင်မြေသာစံမြို့နယ် မင်းတဲအီကင်းရပ်ကွက် ရတနာမဉ္ဇူ ဘုရားပွဲနှင့်  သီတင်းကျွတ်လဆန်းရက်မှ သီတင်းကျွတ်လပြည့်ကျော် ၂  ရက်အထိ  ကျင်းပသော ကျောက်တော်ကြီး မဟာလောက မာရဇိန်ကုသိုလ်တော် ဘုရားနှင့်  စန္ဒာမုနိ ဘုရားပွဲများ ဆက်တိုက်ကျင်းပကြသည်။
-
ဘုရားပွဲတော်ကျင်းပရာ လမ်းများရပ်ကွက်များတွင် ဘုရားပွဲတော် မတိုင်ခင် တစ်ပတ်ခန့်ကတည်းက ဘုရားပွဲဈေးသည်များ၊ မုန့်သည်များ ယာယီဆိုင်ခန်းများ ဆောက်ကာရောင်းချလျက်ရှိသည်။
-
မန္တလေးမြို့ဘုရားပွဲများတွင်တစ်ပွဲသာ အစဉ်အဆက် ရောင်းချသည့် အမရပူရနှင့် ရွှေဘိုမြို့နယ် နွယ်ငြိမ်းဒေသမှ မြေထည်ကစားစရာဆိုင်များလည်း တောင်ပြုန်းပွဲအကြို အောင်မြေသာစံမြို့နယ် အိုးဘိုရပ်ကွက် အိုးပုတ်ပွဲ ပြီးကတည်းက ဘုရားသုံးဆူ ဘုရားရှေ့ ယာယီဆိုင်ခန်းများ ဖွင့်၍ ရောင်းချလျက်ရှိရာ ပြည်တွင်းပြည်ပ ခရီးသွားများပင် စိတ်ဝင်စားကြည့်ရှု ဝယ်ယူကြကြောင်း  သိရသည်။ 
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...