Social Icons

Pages

Wednesday, August 15, 2018

ဒီရေမြင့်တက်မှုကြောင့် ရေဝင်ရောက်မှုဖြစ်ပွားခဲ့သော နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်



နေပြည်တော် ၁၅-၈-၂ဝ၁၈

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် အောင်သာဒါန်းကျေးရွာနှင့် ထွန်းစိန်ကျေးရွာတို့၌ သြဂုတ် ၁၃ရက် ညနေ ၃နာရီခွဲခန့်တွင် ပင်လယ်ဒီရေမြင့်တက် မှုကြောင့်အောင်သာ ဒါန်းကျေးရွာရှိ ကမ်းပတ်တာပေ၂ဝခန့်နှင့် ထွန်းစိန် ကျေးရွာရှိ ကမ်းပတ်တာ ၁ဝ ပေခန့်တို့ ပျက်စီးခဲ့ပြီး ကျေးရွာများအတွင်း ရေများဝင်ရောက်ခဲ့သည်။ 

အဆိုပါ ရေဝင်ရောက်မှုကြောင့် အောင်သာဒါန်းကျေးရွာမှ အိမ်ခြေ ၂၅လုံးခန့်နှင့် ထွန်းစိန်ကျေးရွာမှ အိမ်ခြေ ၁၅လုံးခန့်တို့ ရေနစ်မြုပ်ခဲ့ပြီး ထွန်းစိန်ကျေးရွာမှ အိမ်ခြေနှစ်လုံးသည် ရေထဲမျောပါသွားခဲ့သည်။ ယင်းကျေးရွာများမှ ရေဘေးအန္တရာယ်ကြုံ တွေ့နေရသည့် ဒေသခံပြည်သူများသည် ရေဘေးကင်းလွတ်ရာ နေအိမ်များနှင့် ကျေးရွာဘုန်းတော်ကြီး ကျောင်းများသို့ ပြောင်းရွှေ့နေထိုင် လျက်ရှိသည်။

၎င်းကျေးရွာများရှိ ကမ်းပတ်တာပျက်စီး ရာနေရာများသို့ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တပ်နယ်မှ တပ်မတော်သားများက သွားရောက်၍ တာပေါင်မြေဖို့ပေးခြင်းနှင့် ရေဘေးအန္တရာယ် ကြုံတွေ့နေရသည့် ဒေသခံပြည်သူများကို ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

အလားတူ ခရမ်းမြို့နယ် ဘိုကလေး ကျေးရွာ၌ သြဂုတ် ၁၃ရက် ညနေ ၄နာရီ ခွဲခန့်တွင် ပင်လယ်ဒီရေမြင့်တက် မှုကြောင့် ကျေးရွာအတွင်း ရေဝင်ရောက်ခြင်း၊ လှိုင်မြစ်ရေမြင့်တက်မှုကြောင့် လှိုင်သာယာမြို့နယ် ကစင်ကျေးရွာ အတွင်း ရေဝင်ရောက်ခြင်း၊ ဒီရေမြင့်တက်မှုကြောင့် ကော့မှူးမြို့နယ် သရက်တောကျေးရွာရှိ သရက်တော ချောင်းတာပေါင်ကျိုးပေါက်ပြီး ကျေးရွာအတွင်း ရေဝင်ရောက်ခြင်းများ ဖြစ်ပေါ်ခဲ့သည်။

ရေဝင်ရောက်မှု ဖြစ်ပေါ်ခဲ့သော ဘိုကလေးကျေးရွာမှ အိမ်ထောင်စု ၇၄စု၊ လူဦးရေ ၃ဝ၉ ဦးသည် ကျေးရွာစာသင်ကျောင်းသို့ လည်းကောင်း၊ ကစင်ကျေးရွာမှ အိမ်ထောင်စု ၇၄စု၊ လူဦးရေ ၃၄၄ဦးသည် ကျေးရွာဘုန်းတော်ကြီး ကျောင်းသို့ လည်းကောင်း အသီးသီးယာယီပြောင်းရွှေ့နေထိုင်လျက်ရှိသည်။

ကစင်ကျေးရွာမှ ရေဘေးရှောင်ပြည်သူများ ပြောင်းရွှေ့နေထိုင်လျက်ရှိသည့် ကျေးရွာဘုန်းတော်ကြီး ကျောင်းသို့ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားများက သွားရောက်၍ ရေဘေးရှောင်ပြည်သူ များအတွက် ဆန် ၁ဝအိတ်၊ ဆီ ၁ဝပိဿာနှင့် ရေသန့်ဘူး ၆ဝဝ တို့ကို ပေးအပ်လှူဒါန်းခြင်း၊တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူ ၁၁၈ဦးကို သားဖွား၊မီးယပ်ရောဂါ၊ကလေးရောဂါ၊ အထွေထွေရောဂါ တို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးခြင်း၊ သရက်တောချောင်းတာပေါင် ကျိုးပေါက်မှုကို သဲအိတ် ၁၅ဝဖြင့် တာပေါင်ဖို့ပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထို့ပြင် ပင်လယ်ဒီရေ ဝင်ရောက်ခဲ့ပြီး နုန်းမြေများ တင်ကျန်ခဲ့သည့် ဘိုကလေးကျေးရွာရှိ စာသင်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းတို့၌ ရန်ကုန်တပ်နယ်မှ တပ်မတော်သားများက နုန်းမြေများ ဖယ်ရှား ရှင်းလင်းပေးပြီး သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...