ဆောင်းပါး ၂၃-၈-၂ဝ၁၈
ဒီနှစ်မိုးဦးကောင်းလှသည်။ ကောင်းခြင်း၏ စည်းတစ်ဖက်ကိုကျော်လွန်ကာ အဆိုးဘက်သို့ ရိုက်ခတ်လာ သည်ဟုလည်းဆိုနိုင်ပါသည်။ မြန်မာ့အသံမှလည်း မိုးလေ၀သအခြေအနေကို ထုတ်ပြန်လျက်ရှိသလို လူမှုကွန်ရက်များ တွင်လည်း မည်သည့်ဒေသတွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် မြေပြိုခြင်း၊ လမ်းများ ပျက်စီးခြင်းနှင့် လမ်းများရေကျော်နေခြင်း စသည်တို့ကို တွေ့ရှိရသည်။
မိုးဆက်တိုက်ရွာသွန်း မှုကြောင့် စာရေးသူသည် မိသားစုအပေါ် စိုးရိမ်စိတ်ကကြီးစိုးလာခဲ့သည်။ စာရေးသူ၏မိသားစုသည် ကျိုက်မရောမြို့တွင် နေထိုင်ကြသည်။ ကျိုက်မရောမြို့သည်ကား ပင်လယ်ရေမျက်နှာပြင်အထက် ၁၈ ပေသာရှိသည်မို့ ဤသို့မိုးကောင်းပြီဆိုလျှင် ရေကြီးရေလျှံစမြဲပင်။ ထို့ကြောင့် စာရေးသူသည် တာဝန်ကျရာနေပြည်တော်မှ မိသားစုရှိရာသို့ ခွင့်ဖြင့်ပြန်လာခဲ့သည်။
နေပြည်တော်မှ ခရီးစတင်ထွက်သည်နှင့် မိုးဖွဲဖွဲကျနေသည်။ တောင်ငူသို့ရောက်သောအခါ မိုးသည်းထန်စွာရွာသွန်းနေသည်။ စာရေးသူလိုက်ပါလာသည့် နေပြည်တော်-မော်လမြိုင်ခရီးစဉ်သွား တော်ဝင်အဆင့်မြင့် မှန်လုံယာဉ် သည်လည်း ယာဉ်ကြီးကြပ်သူနှင့် ယာဉ်မောင်းများက ယာဉ်ကိုထိန်းကျောင်း မောင်းနှင်လျက် ခရီးဆက်သည်။ ထို့နောက် ကျိုက်ထိုမြို့ စိမ်းလဲ့တင်ထမင်းဆိုင်တွင် ကျန်းမာရေးနှင့် ညစာစားသုံးရန်အတွက် နာရီဝက် ခရီးတစ်ထောက် နားသည်။
မိုးကတော့ သဲသဲမဲမဲရွာသွန်းနေဆဲပင်။ ခေတ္တနားပြီး ပြန်လည်ခရီးဆက်သည်။ ညခရီးစဉ်ဖြစ်သည်က တစ်ကြောင်း၊ မိုးသည်းထန်စွာရွာသွန်းနေခြင်းကြောင့်တစ်ကြောင်း စာရေးသူသည် မိမိစီးနင်းလိုက်ပါလာသည့် ယာဉ်မည်သည့် နေရာတွင် ရောက်နေသည်ကိုသိလိုသဖြင့် ဖုန်းတွင် ထည့်ထားသော Google Maps (အင်တာနက်ဖြင့် ချိတ်ဆက်ထားသည့်မြေပုံ)ကို ဖွင့်ကြည့်လိုက်သည်။ ထိုအခိုက်ယာဉ် ရပ်တန့်သွားသည်။ မည်သည့်အတွက်ကြောင့် ရပ်တန့် သည်ကိုမူမသိပါ။ မြေပုံကိုကြည့်လိုက်တော့ မိမိတို့သည်ဘီးလင်းချောင်းအနီး မီတာ ၃၀၀ ခန့်အကွာတွင် ရောက်နေပြီဖြစ်ကြောင်း တွေ့ရှိရသည်။
ထို့နောက် အဘယ်ကြောင့် ယာဉ်ရပ်တန့်သွားသည်ကို ယာဉ်မောင်းဖြစ်သူအား မေးမြန်းကြည့်သောအခါ ဘီးလင်းချောင်းရေလျှံနေခြင်းကြောင့်ဖြစ်ကြောင်းနှင့် နံနက်မိုးလင်းမှ ခရီးဆက်နိုင်လိမ့်မည်ဖြစ်ကြောင်း ရှင်းပြသည်။ သူ့စကားကြောင့် စာရေးသူ၏စိုးရိမ်မှုတို့ အထွတ်အထိပ်ရောက်သွားသည်။ ဤသို့ဆိုလျှင် ပင်လယ်ရေမျက်နှာပြင်အထက် ၁၈ ပေသာရှိသည့် ကျိုက်မရောမြို့သည်လည်း ရေကြီးရေလျှံမှုတို့ဖြင့် ရင်ဆိုင်နေရပြီဖြစ်ကြောင်း အတပ်သိလိုက်ပါသည်။ ကျိုက်မရောမြို့နယ် အတ္ထရံမြစ်ကြောင်းတစ်လျှောက် ရှိ ကျေးရွာများအဖို့ ရေဘေးအန္တရာယ် ပိုမိုရင်ဆိုင်ရပါလိမ့်မည်။ ထိုညက ချောင်းရေအကျကို စောင့်ဆိုင်းရင်း ယာဉ်ပေါ်တွင် ညအိပ်ခဲ့ရသည်။
ဘီးလင်းချောင်းရေသည်ကား မျှော်လင့်သလို ဖြစ်မလာပါ။ နံနက် ၉ နာရီကျော်သည့်တိုင် ရေသည်ကားမကျ။ မိုးသည်လည်း သည်းထန်စွာရွာသွန်းနေဆဲပင်။ ဘီးလင်းချောင်းသည်ကား ပင်လယ်ရေနှင့်ဆက်စပ်နေသလို ဒီရေတက် သည့်အချိန်နှင့်လည်း ဆုံနေသဖြင့် ရေကြီးရေလျှံမှုကို ပိုမိုအားပေးသလိုဖြစ်နေသည်ကို စာရေးသူ သတိချပ်လိုက်မိသည်။ ခရီးသည်အချို့အခြေအနေကိုသိလိုသဖြင့် ချောင်းစပ်အထိ လမ်းလျှောက်ကာ သွားကြည့်သူများ လည်းရှိသည်။ ချောင်းနှင့်ဝေးသည့် ယာဉ်ပေါ်မှလိုက်ပါသည့် ခရီးသည်အချို့က ဆိုင်ကယ်တက္ကစီများဖြင့် သွားကြည့်ကြသည်။
အချို့ကလည်း ခရီးနောက်ကြောင်းပြန်လှည့်သွားကြသူများကလည်း အများအပြားရှိသည်။ ဘီးလင်းချောင်း နှင့်ကျိုက်ထိုအကြား ယာဉ်တစ်ရာနီးပါးရှိလိမ့်မည်ထင်သည်။ ယာဉ်တန်းကြီးအား ငေးမောကြည့်နေခိုက် လူရွယ်လူငယ်အချို့ ထမင်းထုပ်များလိုက်လံကုသိုလ်ပြုနေသည်ကို တွေ့လိုက်ရသဖြင့် စာရေးသူ၏ရင်ထဲ တွင် ၀မ်းသာကြည်နူးရသည်။ ဒုက္ခရောက်သူများကိုတွေ့လျှင် တတ်စွမ်းနိုင်သမျှ ကူညီကြသည်မှာ မြန်မာတို့၏ထက်သန်သည့်မေတ္တာတရားနှင့် သဒ္ဓါစိတ်ပင်ဖြစ်သည်။ နှုတ်မှတီးတိုးစွာ သာဓုအနုမော ဒနာခေါ်ဆိုလိုက်ပါသည်။
ဟေ့ကောင် ဘာလုပ်နေတာလဲ။ ဟိုကားပေါ်ကခရီးသည်တွေ ချောင်းကိုသွားမှာတဲ့။ မြန်မြန်သွား၊ ဒီအချိန်မှာမှ ခွင်မရိုက်ရင် ဘယ်တော့မှရိုက်လို့ရမှာမဟုတ်ဘူး “ မင်းဘယ်လောက်ယူသလဲ”
“ တစ်ယောက် သုံးထောင်ကွ”
“သုံးထောင်နည်းတယ်ကွ။ ငါးထောင်
တောင်းလည်း သူတို့ပေးမှာပဲ။ ဟိုဘက်ကမ်းကို စက်လှေတွေနဲ့ ကူးနေကြတယ်”
အချို့သော တက္ကစီသမားစကားကြောင့် စာရေးသူ၏ရင်ထဲက ကြည်နူးမှုလေးများ ပျောက်ဆုံးသွားပြီး စူးစူးနစ်နစ်ဝမ်းနည်းမိလာသည်။ ဒုက္ခရောက်နေသူတို့ကို မကူညီသည့်အပြင် အခွင့်ကောင်းယူကြသည်။ နံနက် စောစောပိုင်းက ယာဉ်ရပ်တန့်သည့်နေရာမှ ချောင်းစပ်အထိသွားရာတွင် တက္ကစီငှားရမ်းခငွေကျပ်ငါးရာမှသည် ယခုငွေကျပ်သုံးထောင်အထိ ဈေးနှုန်းတက်သွားသည်။ အနီးအနားဈေးဆိုင်အချို့ အစစအရာရာဈေးနှုန်း တက်သွားကြသည်။ ဤမျှသော ငွေကြေးသည်ကား တစ်ဘ၀လုံးမချမ်းသာနိုင်ပါ။ သူတို့အတွက် ရက်ပိုင်းလပိုင်းမျှသာ စားဝတ်နေရေး အဆင်ပြေပါလိမ့်မည်။
မလုပ်အပ်သည့်အလုပ်ကို သူတို့လုပ်နေကြသည်။ ဤသို့သော အချိန်အခါမျိုးတွင် ပရဟိတမလုပ်နိုင်လျှင်ပင် သင့်တင့်သောဈေးနှုန်းဖြင့် ကူညီလျှင် တစ်ဘ၀လုံးစိတ်ချမ်းမြေ့မည်ကို မစဉ်းစားကြပါလားဟု စာရေးသူ တွေးမိသည်။ တော်ဝင်ယာဉ်မောင်းများနှင့် ခရီးသည်များ တိုင်ပင်နှီးနှောကာ စိမ်းလဲ့တင် ထမင်းဆိုင်ကြီးသို့ ပြန်လှည့်ကြသည်။ အကြောင်းမှာ ကျန်းမာရေးကိစ္စနှင့် စားသောက်ရေး အဆင်ပြေချော မွေ့စေရန် ပင်ဖြစ်သည်။
ထမင်းဆိုင်မှလည်း ဒုက္ခရောက်လာသည်ကို သိသဖြင့် ပျူငှာစွာကြိုဆိုကြသည်။ အစစအရာရာ အဆင်ပြေလှသည်။ နေ့လယ်ပိုင်းကော်ဖီသောက်ရင်း Facebook လူမှုကွန်ရက်ကိုဖွင့်ကြည့်ရာ ဒေသခံ တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ ကယ်ဆယ်ရေးရောက်ရှိလာကြောင်း ဖတ်ရှုလိုက်ရသဖြင့် ၀မ်းသာ ပီတိဖြစ်ရသော်လည်း ကယ်ဆယ်ရေးရောက်လာသည့် တပ်မတော်သားများအနက် စစ်သည်သုံးဦး ရေထဲမျောပါသွားကြောင်း သတင်းကိုဖတ်လိုက်ရသည့်အတွက် စိတ်မကောင်းဖြစ်ရပြန်သည်။
စင်စစ်တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်နေကြသူများဖြစ်သည်။ ကာကွယ်ရေး ဟူသည်မှာ စကားအရာသုံးလုံးတည်းရှိသော်လည်း တကယ်တော့ကျယ်ပြန့်ပါသည်။ ထိုသည်အနက် ပြည်သူတို့၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ဥစ္စာတို့ကို ကာကွယ်စောင့်ရှောက်ခြင်းသည်လည်း တပ်မတော်၏တာဝန်ပင်ဖြစ်သည်။ မိဘပြည်သူတို့အတွက် တပ်မတော်သားသုံးဦး အသက်ပေးဆပ်ခဲ့သည်။
ပေးအပ်သည့်တာဝန်ကို အသက်ပေး၍ ကျေပွန်စွာထမ်းဆောင်ခြင်းသည် တပ်မတော်သားတစ်ဦး၏ ဂုဏ်ဒြပ်ပင်ဖြစ်သည်။ စာရေးသူတို့လိုပင် လူမှုကွန်ရက်ပေါ်တွင် မိတ်ဆွေတစ်ဦးက နှင်းပုလဲဘူတာ၌ ရေဘေးကြောင့် ခရီးဆက်မရဖြစ်နေကြောင်းနှင့် မြန်မာ့မီးရထားမှ ခရီးသည်များအား ကူညီပေးနေပုံ၊ အလှူရှင်များက ထမင်းထုပ်များလိုက်လံလှူဒါန်းနေပုံတို့ကို တွေ့လိုက်ရသဖြင့် ကိုယ်ချင်းစာနာမိသလို အလှူရှင်များအား သာဓုအနုမောဒနာခေါ်ဆိုလိုက်ပါသည်။
သို့ဖြင့် ထမင်းဆိုင်တွင် သုံးရက်တိုင် ညအိပ်ခရီးစောင့်ဆိုင်းခဲ့ရသည်။ ထိုရက်ပိုင်းအတွင်း ခရီးသည်များ အနက် အချို့မှာမူ နောက်ကြောင်းပြန်လှည့်သူအများအပြားရှိသောကြောင့် တော်ဝင်မှန်လုံယာဉ်ငါးစီးအနက် စာရေးသူအပါအ၀င် ခရီးသည် ၂၀ ဦးခန့်သာကျန်တော့သည်။ အမိုးအကာ အောက်တွင်စောင့်ဆိုင်းသည်က အခက်အခဲမရှိသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ၀မ်းရေးက ခက်ခဲတော့မည်။
ကမ္ဘာဦးမှသည် ယနေ့တိုင်အောင် ထိုးစစ်ဆင်လာသည့် သဘာဝဘေးကို ကျွန်ုပ်တို့လူသားများက ခံစစ်အသွင်ဖြင့် ကြိုတင်ပြင်ဆင်ကာ ကြံ့ကြံ့ခံခုခံရုံမျှအပ ပြန်လည်ထိုးစစ်ဆင်၍မရနိုင်သေးပါ။ ခုခံနေစဉ် အတွင်း ၀မ်းရေးကိုဖြေရှင်းရန်မှာ အဓိကအခက်အခဲတစ်ရပ်ဖြစ်လာပြန်သည်။ ပါလာ သည့်ငွေသည်လည်း ကုန်လု လုဖြစ်လာသည်။
လေးရက်မြောက်နေ့တွင် ထမင်းဆိုင်မှ ကျွေးမွေးလှူဒါန်းသဖြင့် ၀မ်းသာပီတိဖြစ်ရပြန်သည်။ စာရေးသူတို့ ခရီးသည်အားလုံး သာဓုခေါ်ဆိုကြသည်။ သောကထဲက ဘ၀အမောပြေလေးအဖြစ် အမှတ်တရဓာတ်ပုံများ ရိုက်ဖြစ်ကြသည်။ တစ်ဦးနှင့်တစ်ဦး ဆွေမျိုးသားချင်းမခြား ရင်းနှီးလာကြသည်။ စကားဖောင်ဖွဲ့ရင်း ချောင်းရေအကျကို စောင့်ဆိုင်းကြသည်။
အသက် ၆၃ နှစ် ကျော်ပြီဖြစ်သည့် ဒေါ်ထားရီက သူမသည် ကျိုက်ထိုတွင် မွေးဖွားကြီးပြင်းလာကြောင်း၊ ငယ်စဉ်က ဤနယ်ဒေသသည် မငြိမ်းချမ်းကြောင်း၊ သောင်းကျန်းသူတို့၏ရန်ကိုကြောက်သဖြင့် ညဆိုလျှင် တောထဲတွင် ပုန်းအိပ်ခဲ့ရကြောင်း၊ တပ်မတော်စစ်ကြောင်းများရောက်လာသည့်အခါမှသာ ရွာထဲတွင် ပျော်ပျော်ပါးပါးစည်ကားကြောင်း၊ သူမသည်လည်း မော်လမြိုင်တက္ကသိုလ်တက်ပြီး ဘွဲ့ရရှိခဲ့ကြောင်း၊ ထို့နောက် အိမ်နှင့်ယာမြေများပစ်ကာ မော်လမြိုင်သို့ ပြောင်းရွှေ့လာခဲ့ကြကြောင်း၊ တပ်မတော်၏ ကျေးဇူးကြောင့် ယခုတော့ငြိမ်းချမ်းနေပြီဖြစ်ကြောင်း၊ ရေနစ်သေဆုံးသွားသည့် တပ်မတော်သားသုံးဦးအတွက် စိတ်မကောင်းဖြစ်ရပါကြောင်း ရင်ဖွင့်စကားဆိုသည်။
ထိုနေ့ ညနေ ၅ နာရီတွင် ချောင်းကိုဖြတ်လို့ရပြီဖြစ်ကြောင်း သတင်းရသဖြင့် စာရေးသူတို့ ခရီးဆက်ခဲ့ကြသည်။ မိုးသည်ကား ဖွဲဖွဲရွာသွန်းနေဆဲပင်။ ဘီးလင်းချောင်းထဲတွင် တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ တစ်ဖက်တစ်ချက်စီတန်းလျက် ကားလမ်းပေါ်တွင် ရပ်စောင့်နေကြသည်။ သူတို့၏ခန္ဓာကိုယ်တွင် မိုးရေများဖြင့်စိုရွှဲနေကြသော်လည်း ခရီးသည်များကိုကြည့်လျက် ပီတိစားကာပြုံးပန်းဝေနေကြသည်ကိုလည်း တွေ့ရှိရသည်။
ချောင်းတစ်ဖက်ကမ်းသို့ရောက်သောအခါ စာရေးသူလိုက်ပါလာသည့်ယာဉ် ရပ်တန့်သွားပြန်သဖြင့် ခရီးသည်အားလုံးထိတ်ထိတ်ပျာပျာဖြစ်လာကြသည်။ စာရေးသူရှေ့သို့လှမ်းကြည့်လိုက်သောအခါ တပ်မတော် သားများကို တွေ့လိုက်ရသည်။ သူတို့၏လက်ထဲတွင် ရေသန့်ဘူးများနှင့် ထမင်းထုပ်များလည်း ကိုင်ဆောင်ထားကြသည်။ တပ်မတော်သားသုံးဦး ယာဉ်ပေါ်တက်လာကြသည်။
ခရီးသည်များအတွက် ကျွန်တော်တို့တပ်ရင်းမိသားစုက လှူဒါန်းတာပါ။ ယူကြပါခင်ဗျာ၊ ၀အောင်စားကြပါ။ တစ်ထုပ်မလောက်ရင်နှစ်ထုပ်ယူကြပါ။ အားမနာပါနဲ့ ထမင်းထုပ်နှင့်ရေသန့်ဘူးများကို ဝေပေးပါသည်။ စာရေးသူနှင့် ဘေးချင်းကပ် ထိုင်နေသည့် ဒေါ်ထားရီက ထမင်းထုပ်ကို ကမ်းယူရင်း-ရဲဘော်လေးတို့ရော စားပြီးပြီလား ဟုမေးသည်။ဟုတ်ကဲ့အမေ၊ ကျွန်တော်တို့ မစားရသေးပါဘူး။ ဒါပေမဲ့ အခုလိုကုသိုလ်ပြုရလို့ ပီတိနဲ့ဗိုက်ပြည့်နေပါပြီ
အပြုံးချိုချိုဖြင့်ပြောလိုက်သည့် ရဲဘော်လေးရဲ့စကားသည် ကျွန်တော့်နှလုံးသားကို ရိုက်ခတ်လာပါသည်။ စာရေးသူသည်လည်း ထမင်းထုပ်ကိုဖြေပြီး မစားမီအကူအညီပေးခဲ့သော အလှူရှင်များကို သာဓုခေါ်ဆိုလိုက် သလို ပြည်သူကိုကယ်ဆယ်ရင်းသေဆုံးသွားသည့်ရဲဘော်သုံးဦးကိုလည်း ကောင်းရာ သုဂတိရောက် ပါစေကြောင်း အမျှအတန်းပေးဝေလိုက်သည်။
ထို့ပြင် တောမီးလောင် တောကြောင် လက်ခမောင်းခတ်ဟူသည့်စိတ်ဓာတ်မျိုး မပြုမူကြဘဲ ၃၈ ဖြာ မင်္ဂလာတရားတော်လာအာရတီ-မကောင်းမှုတို့ကို ကြိုတင်ဆုံးဖြတ်၍ရှောင်ကြဉ်ခြင်းနှင့် ၀ိရတီပါပါ-ကျူးလွန်ခွင့်ကြုံပါလျက် မကျူးလွန်ဘဲ ရှောင်ကြဉ်ခြင်းပြုနိုင်ကြပါစေကြောင်းနှင့် မိမိဘ၀တန်ဖိုးအား မြှင့်တင်ကြပြီး မြန်မာပီပီ သနားညှာတာမှု၊ စာနာမှုဟူသည့်မြန်မာ့စိတ်ရင်းဖြင့် လူ့ဘောင်အားတည်ဆောက် ကြပါစို့။ ။
မြဝတီနေ့စဉ်သတင်းစာ စာ (၁၃)
မောင်မောင်လွင်(ရွှေဘိုသား)
#Themyawadydaily
No comments:
Post a Comment