Social Icons

Pages

Tuesday, March 13, 2018

ရန်ကုန်မြို့၏ တစ်ဖက်ကမ်း ဒလမြို့နယ်ရှိ ကူးတို့ဆိပ်အနီး၌ ယာဉ်များစနစ်တကျ ပြေးဆွဲနိုင်ရန် Master Plan ရေးဆွဲလျက်ရှိ



ရန်ကုန် ၁၃-၃-၂ဝ၁၈

ရန်ကုန်မြို့၏ တစ်ဖက်ကမ်း ဒလမြို့နယ်ရှိ ကူးတို့ဆိပ်အနီး၌ ယာဉ်များစနစ်တကျ ပြေးဆွဲနိုင်ရန် Master Plan ရေးဆွဲလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

''ဒလချယ်ရီကူးတို့ ဆိပ်အနီး ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးက ပိုင်ဆိုင်တဲ့မြေကွက်ကို ကားဂိတ်ဝင်းအဖြစ် အသုံးပြုခွင့်ရရှိဖို့ ညှိနှိုင်းဆောင်ရွက် လျက်ရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကားဂိတ်တွေကို စနစ်တကျ ဆောင်ရွက်ပေးဖို့အတွက် Master Plan တစ်ခုကိုလည်း ရေးဆွဲလျက်ရှိပါတယ်'' ဟု ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။

ရန်ကုန်မြို့တစ်ဖက်ကမ်း ဒလမြို့ကိုအခြေပြုကာ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့တို့သို့ မော်တော်ယာဉ်များ ပြေးဆွဲလျက် ရှိသော်လည်း CNG ဆိုင်များမရှိခြင်းကြောင့် ယာဉ်ကြီးများပြေးဆွဲရန် အခက်အခဲများရှိနေပြီးဒီဇယ်ဖြင့် ပြေးဆွဲပါကလည်း တွက်ခြေကိုက်ခြင်း မရှိသည့်အတွက် လတ်တလောတွင် ယာဉ်လတ်နှင့် ယာဉ်ငယ်များဖြင့်သာ ပြေးဆွဲလျက်ရှိကြောင်း၊ နောက်ပိုင်းတွင်ယာဉ်ကြီး များပြေးဆွဲပေးရန် စီစဉ်လျက်ရှိကြောင်းသိရသည်။

လတ်တလောတွင် တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်တို့၌ ယာဉ်လတ်၊ ယာဉ်ငယ်အများစု ပြေးဆွဲလျက်ရှိပြီး YRTA ၏ စီမံခန့်ခွဲမှုအောက်တွင် ဒလမှတွံတေးမြို့သို့ YBS-48 ယာဉ်လိုင်း၊ ဒလမှကော့မှူး၊ ကွမ်းခြံကုန်းမြို့များသို့ YBS-50 ယာဉ်လိုင်းများဖြင့် ပြေးဆွဲပေးလျက်ရှိကာ Taxi ယာဉ်များအား City Taxi ယာဉ်များအဖြစ် မှတ်ပုံတင်၍ ပြေးဆွဲ ပေးလျက်ရှိသည်။

ဒလမြို့နယ်သည် ရန်ကုန်တိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့၏ မော်တော်ယာဉ် လမ်းကြောင်းဖြင့် ဆက်စပ်လျက်ရှိသော မြို့နယ်ဖြစ်သည့် အတွက် ရန်ကုန်တိုင်းဒေသကြီး ဒလမြို့ကိုအခြေပြု၍ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံ၊ ဒေးဒရဲ၊ ဘိုကလေးမြို့တို့သို့ ပြေးဆွဲခွင့်ပြုထားသည့် ယာဉ်လိုင်း ခြောက်လိုင်း၊ ကျိုက်လတ်၊ ဒေးဒရဲ၊ ဖျာပုံ၊ ဘိုကလေး၊ မအူပင်မြို့တို့သို့ ပြေးဆွဲခွင့် ပြုထားသည့် ယာဉ်လိုင်း ၁၄ လိုင်းရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...