Social Icons

Pages

Monday, March 19, 2018

သမိုင်းတစ်ဂုဏ် တင့်ခဲ့ပြီ တပ်မတော်ဂုဏ်ရည်



ဆောင်းပါး ၁၉-၃-၂ဝ၁၈

''တစ်မှုန့်မြေစာ၊ တစ်လွှာပန်းခြောက်၊ တစ်ပေါက်ရေစ၊ ရန်သူရက၊ မြန်မာ့သမိုင်း ရိုင်းရော့မည်'' ဤကဗျာတိုလေးကား ရင်ထဲရောက်အောင် ထိမိဂုဏ် မြောက်လွန်းလှသည်။ စစ်စိတ်၊ စစ်စွမ်းပြ ဤရသမြောက် အနုပညာဖန်တီးမှုသည် မြန်မာ့သမိုင်းကို ဖော်ကျူးနေသလို တပ်မတော်၏ သမိုင်းကိုလည်း ကိုယ်စားပြုနေသည်။

မြန်မာနိုင်ငံသည် ၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ သုံးနှစ်တာကာလတွင် ဖက်ဆစ်ဂျပန်၏ အုပ်စိုးမှုကို ခါးသည်းစွာ ခံခဲ့ကြရသည်။ ၁၉၄၂ ခုနှစ် နှစ်ဦးပိုင်းတွင် မြန်မာနိုင်ငံ တစ်ဝန်းလုံးမှ ဗြိတိသျှတို့ကို မောင်းထုတ်ပြီးနောက် ဂျပန်ဆန့်ကျင် တော်လှန်ရေးအတွက် စတင်ပြင်ဆင်သည့် ကာလမှ ဖက်ဆစ်တော်လှန်ရေး ဆင်နွှဲခဲ့သည့် ၁၉၄၅ ခုနှစ် မတ် ၂၇ ရက်အထိ တွက်စစ်လျှင် သုံးနှစ်တာမျှ ကြာညောင်းခဲ့ပေသည်။

နိုင်ငံချစ်စိတ်အခြေခံဖြင့် စစ်ရည်စစ်သွေးပြည့်ဝကာ သမိုင်းတစ်ဂုဏ်တင့်ခဲ့သော တပ်မတော်၏စစ်ခရီးကား ဆူးကြမ်းများအတိပြီးသည့် ခရီးလမ်းပါပေ။ ယင်းခရီးတစ်လျှောက် မိမိကိုယ်မိမိအားကိုးလျက် အနေဆင်းရဲခြင်းဒုက္ခ၊ အစားဆင်းရဲခြင်း ဒုက္ခအပြင် ရောဂါဝေဒနာ ဖိစီးခြင်းဒုက္ခတို့ကိုပါ ကြံ့ကြံ့ခိုင်ရင်ဆိုင်လျက် မမှိတ်မသုန် လျှောက်လှမ်း လာခြင်းကား ဇာတိပုညဂုဏ်မာန ကြောင့်ဟုဆိုနိုင်ပေသည်။ ယင်းဂုဏ်မာနကြောင့်ပင် ၁၉၄၁ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် ကာနယ်ဆူဇူကီး (ဗိုလ်မိုးကြိုး)၊ သခင်အောင်ဆန်း စသောသူများနှင့်တကွ ယိုးဒယားရှိ မြန်မာလူမျိုးတို့သည် ဗမာ့လွတ်လပ်ရေး တပ်မတော်(ဘီ၊အိုင်၊ အေ)ကို စတင်တည်ထောင်ကြသည်။

ရဲဘော်သုံးကျိပ်ဝင် မျိုးချစ်လူငယ်များသည် စစ်ဘက်ဆိုင်ရာ ဗိုလ်အမည်များကို ရွေးချယ်ခံယူလျက် လက်မောင်းသွေး ဖောက်သောက်ပြီး ဗမာ့လွတ်လပ်ရေးအတွက် နောက်မဆုတ်တမ်းဆောင်ရွက်ရန် သစ္စာဆိုကြသည်။

ထိုစဉ်မှစ၍ တိုကျိုအသံလွှင့်ရုံနှင့် ဗန်ကောက်အသံ လွှင့်ရုံတို့မှနေ၍ ''အင်္ဂလိပ်တို့အား ကျူပင်ခုတ် ကျူငုတ်မကျန် တော်လှန်ပစ်မည့် ဗမာ့လွတ်လပ်ရေး တပ်မတော်ကြီး ချီတက်၍ လာတော့မည်။ ဗမာ့လွတ်လပ်ရေး တပ်မတော်ကြီးကို ဆီးကြိုကြ၊ အားပေးကြ၊ ရန်သူအင်္ဂလိပ်တို့အား လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ထ၍တော်လှန်ကြ'' ဟူသော လှုံ့ဆော်သံများမှာ ဟိန်း၍ ဟိန်း၍ထွက်ပေါ် လာခဲ့သည်။

ဤသို့ဖြင့် မြန်မာနိုင်ငံသည် ၁၉၄၂ ခုနှစ်မေလတွင် ဖက်ဆစ်ဂျပန်တို့၏ အုပ်စိုးမှု အောက်သို့ကျရောက် သွားပြီးနောက် ဂျပန်တို့က ဇွန် ၃ ရက်မှ ၁၉၄၃ ခုနှစ် သြဂုတ် ၁ ရက်အထိ စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်ခဲ့ကြသည်။ ယင်းသို့ မြန်မာတစ်နိုင်ငံလုံး ဖက်ဆစ်ဂျပန်တို့ လက်အောက်ကျရောက် သွားသော်လည်း ချင်း၊ ကချင်တောင်တန်း ဒေသတို့မှာ ဗြိတိသျှတို့၏အုပ်ချုပ်မှု အောက်တွင်ပင် ကျန်ရှိနေသေးသည်။ ထိုစဉ်က မြန်မာနိုင်ငံသည် ဂျပန်နိုင်ငံ၏ မဟာမိတ်နိုင်ငံ ဖြစ်သော်လည်း ဂျပန်တပ်မတော်နှင့် ဂျပန်စစ်ပုလိပ်တို့သည် ဗမာ့တပ်မတော်နှင့် မြန်မာမျိုးချစ် နိုင်ငံရေး အင်အားစုများကို အစဉ်စောင့်ကြည့် အကဲခတ်ကာ အနည်းငယ်မျှ မသင်္ကာဖြစ်သည်နှင့် ဖမ်းဆီးနှိပ်စက် လေ့ရှိ၏။ ဂျပန်တို့၏ အနိုင်ကျင့်သတ်ဖြတ်မှု၊ ချွေးတပ်ဆွဲမှုများ နိုင်ငံတစ်ဝန်း လွှမ်းမိုးလာခဲ့ရာ ပြည်သူတစ်ရပ်လုံးက ဂျပန်များကိုဆန့်ကျင် တော်လှန်လိုစိတ်များ တဖွားဖွားပေါ်ပေါက် လာတော့သည်။

ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသည့် တပ်မတော်ကြီးသည် ဖက်ဆစ်တော်လှန်ရေး လုပ်ငန်းတွင် စိတ်ဓာတ်အပြင်းထန် ဆုံးဖြစ်သည်။ ဗမာ့တပ်မတော်သည် လူထုရှေ့မှ မားမားမတ်မတ်ရပ်တည်လျက် ဖက်ဆစ်ဂျပန်
တို့၏ယုတ်မာမှုများကို ခုခံကာကွယ်ပေးလျက်ရှိရာ ပြည်သူ၏ လေးစားအားထားမှု အများဆုံးရရှိနေသော အဖွဲ့အစည်းဖြစ်သည်။ သို့သော် ဂျပန်တို့က လုံးဝယုံကြည်စိတ်ချခြင်းမရှိပေ။ သို့ဖြစ်ရာ ဗမာ့တပ်မတော်က မိမိ တို့အား တော်လှန်တိုက်ခိုက်ခြင်း မပြုနိုင်ရန် ဗမာ့တပ်မတော်တပ်ဖွဲ့များကို နေရာအနှံ့ တကွဲတပြားစီ တပ်စွဲထားစေခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းသည် ဖက်ဆစ်ဂျပန်တို့အား အချိန်ကျသည်နှင့် တစ်ပြိုင်နက် တော်လှန်နိုင်ရန် ဖက်ဆစ်ဆန့်ကျင်ရေး အင်အားစုများဖြစ်သည့် တပ်မတော်၊ ပြည်သူ့ အရေးတော်ပုံပါတီနှင့် ကွန်မြူနစ်ပါတီတို့ကို အောင်မြင်စွာ စုစည်းပြီး ဖက်ဆစ်ဆန့်ကျင်ရေး လုပ်ငန်းစဉ်များ ချမှတ်သည်။ ပြည်သူလူထုကို စည်းရုံးသိမ်းသွင်းသည်။ ဤသို့ဖြင့် ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများ ဆောင်ရွက်ခဲ့လေသည်။ ဗမာ့တပ်မတော်သည် မဟာမိတ်တို့နှင့်အဆက်အသွယ် ယူပြီး ဖက်ဆစ်ဆန့်ကျင်ရေး ဆောင်ရွက်ရန် အိန္ဒိယပြည်သို့ သွားရောက်ခဲ့သည်။ မျိုးချစ်ဗမာ့ တပ်မတော်သည် ယင်းတို့သဘောအလျောက် ဖက်ဆစ်ဂျပန်ကို တော်လှန်တိုက်ခိုက်ပြီး ကျွန်ုပ်တို့နှင့် အဆက်အသွယ် ရရှိခဲ့ခြင်း ဖြစ်သည်။

မျိုးချစ်ဗမာ့တပ်မတော်၏ တိုက်ခိုက်မှုကြောင့် ရန်သူဂျပန်များ ရာပေါင်းများစွာ သေဆုံးခဲ့သည်။ မျိုးချစ်ဗမာ့တပ်မတော်ကို တရားမဝင်အဖွဲ့အစည်းအဖြစ် ကြေညာပြီး လက်နက်သိမ်းကာ တပ်မတော်သားများကို ဖမ်းဆီးမည်ဆိုပါက ကျွန်ုပ်တို့သည် ဖက်ဆစ်ဂျပန်ကိုပူးတွဲ တိုက်ခိုက်ခဲ့သည့် မျိုးချစ်ဗမာ့တပ်မတော်နှင့် ဆက်လက်တိုက်ခိုက် ရမည်ဖြစ်ပြီး ပြည်တွင်း စစ်ဖြစ်ပွားမည့်အရေးကို ရင်ဆိုင်ရပေမည်။ ယခုအခါ အောက်မြန်မာနိုင်ငံတွင် ရန်သူဂျပန်တပ်သား ၅ဝဝဝဝ ခန့် ကျန်ရှိနေသေးရာ မျိုးချစ်ဗမာ့တပ်မတော်ကို လက်နက်သိမ်းဆည်းရန် ဆောင်ရွက်၍ မဖြစ်သေးပေဟူ၍ စစ်သေနာပတိ မောင့်ဘက်တန်က အရှေ့တောင်အာရှ မဟာမိတ်တပ်များ၏ စစ်ဦးစီးဌာနချုပ်သို့ မျိုးချစ်တပ်မတော် ဖျက်သိမ်းရေးနှင့် ပတ်သက်၍ ၁၉၄၅ ခုနှစ် မေ ၁၄ ရက်တွင် ယင်း၏သဘောထားကို တင်ပြခဲ့သည်။

ဤအချက်များကို ထောက်ရှု၍ ဗြိတိသျှတို့သည် မျိုးချစ်တပ်မတော်နှင့် အေအက်ဖ်အိုကို လုံးဝဖျက်သိမ်းကာ မြန်မာနိုင်ငံကို ဆက်လက်သိမ်းပိုက် လိုသည့်ဆန္ဒ ရှိသော်လည်း လွတ်လပ်ရေးရည်မှန်းချက် ကြီးမားပြီး တိုင်းတစ်ပါးအုပ်စိုးမှုကို တွန်းလှန်လိုသည့်မျိုးချစ် ဗမာ့တပ်မတော်၏ တော်လှန်တိုက်ခိုက်ခြင်း ခံရမည်မှာ သေချာကြောင်း သုံးသပ်မိခြင်း ဖြစ်သည်။

သို့ဖြစ်ရာ ၁၉၄၅ ခုနှစ် ဇူလိုင် ၆ ရက်တွင် အမှတ်(၁၂) တပ်တော်စစ်ဌာနချုပ်၌ ကျင်းပသည့်အစည်းအဝေးတွင် ဖက်ဆစ်ဂျပန်ကို လက်ငင်းတိုက်ခိုက်နေခြင်း မရှိသောတပ်များကို ဖျက်သိမ်းရန် ညွှန်ကြားချက်နှင့်ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်းက ကန့်ကွက်ပြောကြားသည်။ ဇူလိုင် ၉ ရက်တွင် ကျင်းပသော ဗြိတိသျှ အမှတ် (၁၂) တပ်တော်ဌာနချုပ်၌ ကျင်းပသော အစည်းအဝေးတွင် ဗိုလ်ချုပ်ရန့်စ်က လောလောဆယ် စစ်ဆင်တိုက်ခိုက်လျက်ရှိသော မျိုးချစ်ဗမာ့တပ်မတော် တပ်ဖွဲ့များကို ပြန်လည်ဖွဲ့စည်းပြီး ကောင်းမွန်စွာ လက်နက်တပ်ဆင် ပေးမည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားသည်။

မြန်မာနှင့် ဗြိတိသျှတို့၏ စစ်ရေး အမြင်များကို ဤသို့တွေ့ရသော ဖက်ဆစ်တော်လှန်ရေး ကာလတွင် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ဖတပလ)နှင့် မျိုးချစ်ဗမာ့ တပ်မတော်တို့သည် မြန်မာနိုင်ငံကိုဖက်ဆစ်ဂျပန်တို့၏ လက်အောက်ခံ ကျွန်ဘဝမှ လွတ်မြောက်စေရန် ဦးဆောင်တိုက်ပွဲ ဝင်ခဲ့သည်မှာ အထင်အရှားဖြစ်သည်။ ဤအဖွဲ့သည် ဖက်ဆစ်တော်လှန်ရေး စတင်ခါနီး ၁၉၄၅ ခုနှစ် မတ်လတွင် ပေါ်ပေါက်လာသော်လည်း စင်စစ်အားဖြင့် ဖက်ဆစ်တော်လှန်ရေး မတိုင်မီ ၁၉၄၄ ခုနှစ် သြဂုတ်လဆန်း ကပင်ဖွဲ့စည်းခဲ့သော အဖွဲ့အစည်းတစ်ရပ်ပါပေ။ ၁၉၄၄ ခုနှစ်မတိုင်မီအချိန်က မြန်မာနိုင်ငံရှိ လက်ဝဲဝါဒီလူငယ် ခေါင်းဆောင်များအတွင်းဖက်ဆစ်တော်လှန်ရေး နှင့်စပ်လျဉ်း၍ တူညီသောရည်မှန်းချက်များ ရှိနေပြီဖြစ်သော်လည်း တူညီသောလုပ်ငန်း အစီအစဉ်များကား မရှိကြသေးချေ။ တပ်မတော်၊ ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေးတော်ပုံပါတီ စသည့်အဖွဲ့အစည်းများက ဖက်ဆစ်တော်လှန်ရေး အတွက် မိမိတို့အဖွဲ့အစည်းအလိုက် တကွဲတပြားစီ စီမံစိုင်းပြင်း နေခဲ့ကြသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် ဖက်ဆစ်ဂျပန်ကို တော်လှန်မည့် အင်အားစုများ ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်မှသာ ခရီးရောက်မည်ကို ကောင်းစွာသိရှိသည့် အလျောက် ၁၉၄၄ ခုနှစ် ဇူလိုင်လတွင် သခင်သန်းထွန်းမှတစ်ဆင့် သခင်စိုးနှင့် ဆက်သွယ်၍ ဖက်ဆစ်တော်လှန်ရေး အတွက်ရည်ရွယ်ချက် ချင်းတူညီသော အသင်းအဖွဲ့ပေါင်းစုံပါဝင်သည့် အမျိုးသားတပ်ပေါင်း စုကြီးဖွဲ့စည်းနိုင်ရန် ကြိုးပမ်းခဲ့သည်။ သို့ဖြစ်ရာ အထက်ဖော်ပြပါ ၁၉၄၄ ခုနှစ် သြဂုတ်လဆန်းတွင် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ပေါ်ပေါက်လာပြီး မကြာမီယင်းအမျိုးသား တပ်ဦးအတွင်းသို့ အာရှလူငယ်များ အစည်းအရုံး၊ မဟာဗမာအဖွဲ့၊ မျိုးချစ်ပါတီ စသည့်အဖွဲ့များမှ ခေါင်းဆောင်များနှင့် ချင်း၊ ကချင်၊ ကရင်၊ ရခိုင်၊ ရှမ်းစသည့် တိုင်းရင်းသား အသင်းအဖွဲ့များလည်း ဝင်ရောက် လာခဲ့ကြသည်။

ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်သည် ယင်း၏အမာခံ အဖွဲ့အစည်းတစ်ရပ်ဖြစ်သည့် ဗမာ့တပ်မတော် ဦးဆောင်သော ပြည်သူတစ်ရပ်လုံး၏ အကူအညီဖြင့် ၁၉၄၅ ခုနှစ် မတ် ၂၇ ရက်တွင် ဖက်ဆစ်ဂျပန်ကို တစ်နိုင်ငံလုံး၌ တစ်ပြိုင်တည်း တော်လှန်တိုက်ခိုက် ပြီးနောက် မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်လာသည့် ဗြိတိသျှတို့အားပြန်လည် တိုက်ခိုက်ရန် ကြိုတင် ပြင်ဆင်နေခဲ့သည်။ ဤအကြောင်း ဖြစ်ရပ်တို့ကား စစ်အင်အား ကြီးတစ်ရပ်ဖြစ်သော ဖက်ဆစ်ဂျပန်တို့ကို ထိရောက်စွာတော်လှန် တိုက်ခိုက်ခဲ့သည့် ဗမာ့တပ်မတော်၏ လှေခွက်ချည်းကျန် အလံမလှဲသော သွေးရဲသည့် မြန်မာ့သတ္တိ၏ ပြယုဂ်ကောင်းများ ဖြစ်သည်။

၁၉၄၅ ခုနှစ် စက်တင်ဘာ ၆ ရက်တွင် ကန္ဒီမြို့၌ကျင်းပသော ကန္ဒီအစည်းအဝေး၌ စစ်သေနာပတိချုပ် လော့ဒ်လူဝီမောင့် ဘက်တန်က မြန်မာနိုင်ငံပြန်လည် သိမ်းပိုက်ရေးအတွက် ဗမာ့တပ်မတော်၏ အကူအညီ ရယူခဲ့သော တိုက်ပွဲစဉ်များအကြောင်း ပြောကြားပြီး ဗိုလ်ချုပ်အောင်ဆန်းအား ရှင်းလင်းတင်ပြရန်ရှိက ရှင်းလင်းတင်ပြရန် ပြောကြားရာ ဗိုလ်ချုပ်အောင်ဆန်းက ''၁၉၄၂ ခုနှစ်တွင် ဗမာ့တပ်မတော်သည် ဗြိတိသျှတပ်ဖွဲ့များနှင့် တိုက်ခိုက် ခဲ့ရပါကြောင်း၊ သို့သော်တိုက်ပွဲဖြစ်ပွားသည့် အကြိမ်အရေအတွက်မှာ မများလှပါကြောင်း၊ ဤသို့ တိုက်ပွဲဖြစ်ပွားသည့် အကြိမ်မများခြင်းမှာ ဂျပန်တို့က ဗမာ့တပ်မတော်ကို ထိခိုက်သေဆုံးမည် စိုး၍လည်းကောင်း၊ ဗြိတိသျှ တပ်များကို ကြင်နာသနား၍ လည်းကောင်း တိုက်ခွင့်မပြုခြင်း မဟုတ်ကြောင်း၊ ဗမာ့တပ်မတော်တပ်ဖွဲ့များ ထင်ပေါ်ကျော်ကြား လာမည်ကို မလိုလား၍ ခွင့်မပြုခြင်းဖြစ်ကြောင်း'' စသည်ဖြင့် ပြောကြားသည်။ ယင်းစကားများက စစ်တို့၏ သဘောနှင့် စစ်ရေးအမြင်၊ အတွေးတို့မှာ ဤသို့ရှိတတ်စမြဲပင်ဟု ကောက်ချက်ချ သင်ခန်းစာယူစေနိုင်သည်။ ဗမာ့တပ်မတော်၏ စစ်စွမ်းရည်၊ ကိုယ်ရည်ကိုယ်သွေးကိုလည်း ပိုမိုထင်ရှားစေသည်။

သို့ဖြစ်ရာ လွတ်လပ်ရေးတိုက်ပွဲစဉ် တစ်လျှောက်လုံး ဘီအိုင်အေ၊ ဘီဒီအေ၊ ဗမာ့တပ်မတော်၊ မျိုးချစ်ဗမာ့တပ်မတော် ဟူသော ခေတ်အဆက်ဆက်ကို ဖြတ်သန်းပြီး စစ်ပြီးခေတ်တွင် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ်ကြီး၏ စစ်ရေးလက်ရုံး တစ်ဆူအဖြစ်ရပ်တည်ခဲ့သော တပ်မတော်၏ အခန်းကဏ္ဍမှာ ထင်ရှားသိသာ လောက်ပေပြီ။ ဗမာ့တပ်မတော်၏ အမျိုးသား လွတ်မြောက်ရေးအတွက် ဖက်ဆစ်တော်လှန်ရေး ကိုဆင်နွှဲခဲ့သောကာလမှာ ၂ဝ၁၈ ခုနှစ် မတ် ၂၇ ရက်ဆိုလျှင် (၇၃)နှစ်ပင်ပြည့်မြောက်ပြီ ဖြစ်သည်။ထို့ကြောင့် ''တပ်မတော်ကို Standard Army ဖြစ်စေရန်အတွက် လေ့လာ၊ လေ့ကျင့်၊လိုက်နာဆိုသည့် တပ်မတော်၏လုပ်ငန်းစဉ်နှင့်အညီ စွမ်းရည်သုံးရပ် မြင့်မားရေးအား စဉ်ဆက်မပြတ်တိုးတက် အောင်လုပ်ဆောင်ရေး''ဟူသည့် (၇၃) နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များပါ ဦးတည်ရည်မှန်းချက်အတိုင်း အကောင်အထည်ဖော်ကာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကြီးအဖြစ် ခိုင်ခိုင်မာမာ လျှောက်လှမ်းရေးတွင် တပ်မတော်က ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည် ဧကန်ဖြစ်ကြောင်း မမှိတ်မသုန်ယုံကြည် မိပါသတည်း။ ။

ပါမောက္ခခိုင်ခိုင်ရီ

မြဝတီနေ့စဉ်သတင်းစာ စာ (၁၃)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...