Social Icons

Pages

Monday, January 22, 2018

လက်တစ်ကမ်းက အန္တရာယ်


ဆောင်းပါး (ဟန်နိုင်စိုး)

အာရောဂျံ ပရမံလာဘံ ကျန်းမာခြင်းသည် လာဘ်တစ်ပါးဆိုသည့် ဆိုရိုးစကားရှိသည်။ ထိုစကား၏အနှစ်သာရနှင့် အရေးပါပုံ၊ တန်ဖိုးရှိပုံကို မကျန်းမာသည့်အချိန်မှ လေးလေးနက်နက် သိသူကများသည်။ ကျန်းမာသည့် အချိန်တွင်တော့ အမှုမဲ့အမှတ်မဲ့ဖြစ်ပြီး ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဟု မြင်နိုင်ရန် ခဲယဉ်းသည်။

ယနေ့ခေတ် ကမ္ဘာကြီးသည် အရှိန်အဟုန်နှင့် တိုးတက်ပြောင်းလဲနေသည်။ ထိုတိုးတက် ပြောင်းလဲလာသည့် တီထွင်ဆန်းသစ်မှုတွေ နှင့်အတူ ဘေးထွက်ဆိုးကျိုးတွေလည်း တစ်ပါတည်းကပ်လျက် ပါရှိလာသည်။ အချို့
သောအရာတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ချက်ချင်းသိပြီး ရှောင်ကွင်းနိုင်သလို အချို့သော ဘေးထွက်ဆိုးကျိုး အန္တရာယ်ကိုတော့ ရှောင်ကွင်းဖို့နေနေသာသာ သိနိုင်ဖို့တောင် ခဲယဉ်းလှသည်။ ကျွန်တော်တို့နေ့စဉ်ဘဝတွင်
အမြဲထိတွေ့နေရပြီး ရှောင်ကွင်းရန်ခက်ခဲသော ဘေးထွက်ဆိုးကျိုး အန္တရာယ် အလွန်ကြီးမားတဲ့ ပလတ်စတစ်အကြောင်း အနည်းငယ် ပြောပြချင်ပါသည်။

ပလတ်စတစ်ဟာ ရေနံကနေပြုလုပ်ထားသည့် ဓာတုပစ္စည်းတွေဖြစ်ပြီး အဲဒီဓာတုပစ္စည်းဟာ အပူနဲ့ထိတွေ့ရင် ဓာတ်ပြုလွယ်ပါတယ်။ အဲဒီလို ဓာတ်ပြုလွယ်ခြင်းဟာ ကျန်းမာရေးဆိုးကျိုးတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ အပူချိန် မြင့်တဲ့ အစားအစာတွေကို ပလတ်စတစ်ပန်းကန်တွေထဲ ထည့်ယူ စားသုံးမယ်ဆိုလျှင် ကျောက်ကပ်မှာ ကျောက်တည် စေနိုင်တယ်လို့ ထိုင်ဝမ်သုတေ သီတွေက လေ့လာဖော်ထုတ် ထားတာရှိပါတယ်။ လေ့လာဖော်ထုတ်ပုံ ကတော့ ခေါက်ဆွဲပူပူ စားသုံးသူတွေကို အုပ်စုနှစ်စုခွဲပြီး လေ့လာခဲ့ခြင်း ဖြစ်ပါတယ်။ ပထမအုပ်စုကတော့ ပလတ်စတစ် ပန်းကန်နဲ့စားသုံးတဲ့ အုပ်စုဖြစ်ပြီး ဒုတိယအုပ်စုကတော့ ကြွေပန်းကန်နဲ့ စားသုံးစေခဲ့ပါတယ်။ စားသုံးပြီး နှစ်နာရီတိုင်းမှာ စားသုံးသူတွေရဲ့ ဆီးနမူနာကို ၁၂ နာရီအတွင်း ခြောက်ကြိမ်တိုင်တိုင်ရယူကာ စမ်းသပ်မှုတွေ ပြုလုပ်ပါတယ်။ သုံးပတ်ကြာတဲ့အခါ ပလတ်စတစ်ပန်းကန် အသုံးပြုသူတွေရဲ့ဆီးမှာ ပလတ်စတစ်ကွန်ပေါင်း 8.5
microgram ပမာဏကို တွေ့ရှိခဲ့ရပြီး ကြွေပန်းကန် အသုံးပြုသူတွေမှာ ကျန်းမာရေးကို အန္တရာယ်ပြုနိုင်တဲ့ အဆိုပါကွန်ပေါင်းကို မတွေ့ကြရဘူးလို့ ဆိုပါတယ်။ 

JAMA Internal Medicine အထွေထွေ ဆေးပညာဂျာနယ်မှာ ဖော်ပြထားတာကတော့ ထိုပလတ်စတစ် ကွန်ပေါင်းဟာ ချက်ချင်း မသိသာပေမယ့် အချိန်ကြာလာတဲ့အခါ ဆီးသွားရခက်ခဲတာတွေ၊ ဆီးအိမ်မှာ ကျောက်တည်တာ တွေကြုံရနိုင်ပြီး ခွဲစိတ်ရတဲ့ အခြေအနေကို ရောက်နိုင်ကြောင်း၊ ပလတ်စတစ်က ကျောက်ကပ်ကို ပျက်စီးစေနိုင်ကြောင်း၊ ကျောက်တည်ခြင်းအပြင် ကင်ဆာရောဂါ တွေပါဖြစ်ပွားနိုင်တယ်လို့ ဆိုထားပါတယ်။

ပလတ်စတစ် ပစ္စည်းတစ်ခုရဖို့ ဓာတုပစ္စည်း ပေါင်းများစွာနဲ့ ပြုလုပ်ရတာဖြစ်ပါတယ်။ အဲဒီဓာတုပစ္စည်းအများအပြား တွေထဲကမှ တစ်ခုအပါအဝင်ဖြစ်တဲ့ ဘီပီအေအကြောင်းကို အွန်လိုင်းစာမျက်နှာတစ်ခုမှာ ဖတ်မိတာကို ဝေမျှချင်ပါတယ်။ ဘီပီအေဆိုတာကတော့ ပလတ်စတစ်အမာ ထုတ်လုပ်တဲ့နေရာမှာ သုံးတဲ့ ဓာတုဗေဒဒြပ်ပေါင်းတစ်ခုပါ။ သူကတော့ Endocrine disruptor လို့ခေါ်တဲ့ ဟော်မုန်းတွေကို ဒုက္ခပေးပါတယ်။ ခန္ဓာကိုယ်ထဲကို ဘီပီအေ ရောက်သွားတဲ့အခါ လူ့ခန္ဓာကိုယ်ရဲ့ ဟော်မုန်းထုတ်လုပ်မှုစနစ်နဲ့ အာရုံကြောစနစ်ကို သူကဖျက်ဆီးပစ်နိုင်ပါတယ်။ အစတုန်းကတော့ ဘီပီအေပမာဏများပြားမှသာ ဖျက်ဆီးပစ်နိုင်တယ်လို့ လူတွေက ထင်မှတ်ထား ခဲ့ကြတာပါ။

၁၉၉၆ ခုနှစ်က မစ်ဆူရီတက္ကသိုလ်က ဓာတ်ခွဲခန်းတစ်ခုမှာ ကြွက်တွေနဲ့ စမ်းသပ်ခဲ့ပြီး နောက်ပိုင်းမှာတော့ အနည်းငယ်သော ဘီပီအေပမာဏဟာလည်း ခန္ဓာကိုယ်ကို ကောင်းကောင်းဒုက္ခပေး နိုင်တယ်ဆိုတာ လေ့လာ သိရှိခဲ့ပါတယ်။ မစ်ဆူရီတက္ကသိုလ်မှာ စမ်းသပ်ပုံက ဒီလိုပါ။ မကြာခင်သားမွေးတော့မယ့် ကြွက်မကြီးကို ဘီပီအေပမာဏ မဆိုစလောက်လေး သုံး၊ လေးရက်လောက်ပေး လိုက်ပါတယ်။ နောက်မွေးလာတဲ့ ကြွက်သား
ပေါက်လေးတွေကို စမ်းကြည့်တဲ့အခါမှာတော့ အထီးလေးတွေရဲ့ မျိုးပွားဟော်မုန်းစနစ်ပျက်စီး နေတာကို တွေ့ရှိခဲ့ရပါတယ်။

နောက်သိပ်မကြာခင်မှာပဲ အခြားစမ်းသပ်မှု တစ်ခုမှာ ဘီပီအေပမာဏကိုလိုက်ပြီး ကြွက်မလေးတွေရဲ့ ခရိုမိုဆုမ်း ကစဥ့်ကလျားဖြစ်မှု တွေကိုလည်း တွေ့လာကြပါတယ်။ အဲဒါကိုကြည့်ပြီး ဘီပီအေပမာဏ အနည်းအများ
အတိုင်းသာ လူ့ခန္ဓာကိုယ်မှာ သက်ရောက်ခဲ့ရင် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအဖို့ သားလျှောသားပျက်တာတွေ ဖြစ်နိုင်လိမ့်မယ် လို့ ကောက်ချက်ဆွဲကြပါတယ်။

လူ့ခန္ဓာကိုယ်ထဲမှာ ဘီပီအေပမာဏများ လာတဲ့အခါ အမျိုးသမီးတွေအတွက် ရင်သားကင်ဆာနဲ့ အမျိုးသားတွေအတွက် ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေများပါတယ်။ မွေးလာတဲ့ ယောက်ျားလေး ကလေးငယ်တွေမှာ လိင်
အင်္ဂါကောင်းစွာ မဖွံ့ဖြိုးတာတွေလည်း ဖြစ်လာနိုင်ပါတယ်။ မျိုးပွားဟော်မုန်းတွေကို ထိခိုက်တာဖြစ်လို့ ကိုယ်ဝန်ရဖို့ ပိုပြီးခက်ခဲ တာတွေဖြစ်နိုင်ပါတယ်။ မိန်းကလေးငယ်တွေမှာ အရွယ်မတိုင်ခင် အများကြီးစောပြီး အပျို
ဖော်ဝင်တာလည်း ဖြစ်နိုင်တယ်။ အဝလွန်ရောဂါနဲ့ ဆီးချိုရောဂါတွေပါ လွယ်လွယ်နဲ့ ဖြစ်နိုင်ပါတယ်။ အာရုံစူးစိုက်မှုလျော့ကျ တာတွေ၊ Hyperactivity လို့ခေါ်တဲ့ အလွန်အမင်း လှုပ်ရှားတက်ကြွ တာတွေဖြစ်နိုင်တယ်
လို့ သိရပါတယ်။ ဘီပီအေကြောင့် ဒါတွေဖြစ်မယ်လို့ ကျိန်းသေမပြောနိုင်ပေမယ့် ဒါတွေဖြစ်ဖို့ အလားအလာ အများကြီးရှိတယ်လို့ ဆိုလိုတာပါ။

ဘီပီအေရဲ့ဆိုးကျိုးတွေက မမြင်ရပေမယ့် ကြောက်ဖို့ကောင်းပါတယ်။ နောက် ရှောင်ဖို့လည်း အမှတ်တမဲ့ဆို အင်မတန်မှခက်ပါတယ်။ ယနေ့ခေတ်ကာလမှာ အိမ်တိုင်းနီးပါး မိုက်ခရိုဝေ့တို့ မယ်လမင်းနဲ့ ပလတ်စတစ်ခွက်
တွေက မရှိမဖြစ်နေရာယူလာတော့ ခန္ဓာကိုယ်ထဲမှာ ဘယ်လောက်များ နေရာယူနေပြီလဲဆိုတာ သေချာမသိနိုင်ပါဘူး။ အရင်တုန်းက တော့ ကျွန်တော်ကိုယ်တိုင်လည်း ပလတ်စတစ်ခွက်နဲ့ ရေနွေးပူပူ၊ ကော်ဖီပူပူသောက်
ခဲ့တာ နေ့စဉ်လိုလိုပါပဲ။

အရင်တုန်းကတော့ ကုန်ပစ္စည်းတွေကို ဝယ်ယူတဲ့အခါ ထုပ်ပိုးရင် ဖက်တွေ၊ အင်ဖက်တွေကို အသုံးပြုခဲ့ကြတယ်။ နောက်တော့ စက္ကူ၊ သတင်းစာစက္ကူတွေနဲ့ ထုပ်ပိုးခဲ့ကြတယ်။ ကြွပ်ကြွပ်အိတ်တွေ ပေါ်လာပြီးတဲ့ နောက်ပိုင်း မှာတော့ ကြွပ်ကြွပ်အိတ်တွေနဲ့သာ ထုပ်ပိုးနေကြပါတယ်။ ကြွပ်ကြွပ်အိတ်တွေကို လက်ဖက်ရည်၊ ကော်ဖီ၊ မုန့်ဟင်းခါးစတဲ့ ပူတဲ့ပစ္စည်းတွေကို ထုပ်ပိုးတဲ့နေရာတွေမှာ ပိုပြီးတော့တွင်တွင်ကျယ်ကျယ် သုံးလာခဲ့ကြတယ်။ အကောင်းဆုံးကတော့ လက်ဖက်ရည်ပူပူ၊ ကော်ဖီပူပူ၊ မုန့်ဟင်းခါးပူပူ စတဲ့အရာတွေကို ဝယ်ယူဖို့သွားမယ်ဆိုရင် ပလတ်စတစ်အစား ဖန်ပစ္စည်းတွေ၊ ခွက်တွေ၊ ချိုင့်တွေကို အိမ်ကတစ်ပါတည်းယူဆောင် သွားနိုင်ရင်တော့ ကျန်းမာရေးအတွက်ပို သင့်လျော်ပေလိမ့်မည်။

နောက်တစ်ခုက သဘာဝပတ်ဝန်းကျင် ရာသီဥတုအပေါ်ရိုက်ခတ်နေတဲ့ ပလတ်စတစ် အမှိုက်အန္တရာယ်ကို အနည်းငယ်တင်ပြလိုပါတယ်။ ကျွန်တော်တို့ရဲ့ ကမ္ဘာ့သမုဒ္ဒရာတွေဟာ ကမ္ဘာ့ရာသီဥတုကို ပုံမှန်လည်ပတ်စေဖို့
အတွက် များစွာအထောက်အကူ ပြုပါတယ်။ ပြီးတော့ ကမ္ဘာ့သမုဒ္ဒရာဟာ လူတွေရှူရှိုက်တဲ့ လေထုကိုဖန်တီးပေးပါတယ်။ ဒါ့အပြင် ကမ္ဘာကြီးမှာ နေ့စဉ်စားသုံးနေတဲ့ စားနပ်ရိက္ခာကိုလည်း ကမ္ဘာ့သမုဒ္ဒရာတွေက များစွာ
ဖြည့်တင်းပေးပါတယ်။ အဲဒီလို ကမ္ဘာကြီးအတွက် အကျိုးကျေးဇူးများစွာရှိတဲ့ ကမ္ဘာ့သမုဒ္ဒရာထဲကို အင်းအိုင်၊ မြစ်ချောင်းတွေကနေတစ်ဆင့် ပလတ်စတစ်အမှိုက်များ နှစ်စဉ်တန်ချိန် ၈ သန်းကျော် ပစ်ချနေကြတယ်လို့
အင်တာနက်သတင်းတစ်ပုဒ်အရ သိရှိရပါတယ်။ ပလတ်စတစ်ပစ္စည်းတစ်ခုကို ပင်လယ်သမုဒ္ဒရာထဲ ပစ်ချလိုက်တဲ့အခါ ပင်လယ်နေ သတ္တဝါတွေစားမိတဲ့အခါ အစာမချေဖျက်နိုင်ဘဲ ဒုက္ခရောက်ရတဲ့အပြင် အဆိပ်ပါသင့်စေပါ
တယ်။

Australia ကမ်းခြေမှာတွေ့ရတဲ့ ငှက်သေတွေကို စမ်းသပ်ကြည့်ရာမှာ အထူးသဖြင့် ပင်လယ်ငှက်တွေမှာ ပြဒါးဆိပ်သင့်နေတာကို တွေ့ရပါတယ်။ ပြဒါးပါဝင်မှု 4.3 ppm အထိသာ ခံနိုင်ရည်အဆင့်ထား သတ်မှတ်ထားတဲ့ ဒီငှက်တွေမှာ ပြဒါးက ၁ဝဝဝ ကနေ ၃ဝဝဝ ppm အထိရှိနေတာကို တွေ့ရှိရတယ်လို့ Australia နိုင်ငံ Tasmania သုတေသနဌာနက ဆိုထားပါတယ်။ ဒီလိုပင်လယ်သတ္တဝါတွေ အစာအဆိပ်သင့်စေတဲ့အပြင် ကမ္ဘာ့
ပတ်ဝန်းကျင် လေထုရေထုပါညစ်ညမ်း စေတာကြောင့် ပလတ်စတစ်ပစ္စည်းတွေကို ကျွန်တော်တို့တွေ စည်းမဲ့ကမ်းမဲ့မပစ်သင့်ပါ။

ကုလသမဂ္ဂရဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှု ဆိုင်ရာညီလာခံမှာတော့ ပင်လယ်ထဲကို ပလတ်စတစ်တွေ စွန့်ပစ်တာကို လုံးဝလက်မခံဖို့ အတွက် စီစဉ်နေကြပါတယ်။ နိုင်ငံပေါင်းစုံက ကိုယ်စားလှယ်တွေက ပလတ်စတစ်စွန့်ပစ်သူ
တွေကို ပြင်းပြင်းထန်ထန် အရေးယူဖို့ပါ လိုလားနေကြတယ်လို့ သတင်းတွေအရသိရပါတယ်။ ရေပြင်မှာစွန့်ပစ်တဲ့ ပလတ်စတစ်တွေရဲ့အန္တရာယ်က ကြောက်ဖို့ကောင်းသလို မြေပြင်မှာစွန့်ပစ်တဲ့ ပလတ်စတစ်တွေရဲ့ အန္တရာယ် ကလည်းမသေးပါ။ အမှိုက်ပုံတွေမှာ ပစ်ထားတဲ့ ပလတ်စတစ်တွေကို စားသောက်ကြတဲ့ သတ္တဝါတွေလည်း များစွာထိခိုက် စေပါတယ်။ အိန္ဒိယနိုင်ငံမှာတော့ အမှိုက်ပုံ မှာပစ်ထားတဲ့ ပလတ်စတစ်တွေကို အစာမှတ်ပြီး စားသောက် ကြတဲ့နွားတွေ ဒုက္ခရောက်နေကြတာမို့ ဒါဟာတိရစ္ဆာန်ညှဉ်းပန်းမှု တစ်ခုလို့သိလာအောင် ပညာပေးတာတွေ လုပ်နေကြပါတယ်။

ပြင်သစ်နိုင်ငံမှာဆိုရင် အစားအသောက် ဆိုင်ရာအသုံးအဆောင် ပစ္စည်းတွေကို ၂ဝ၂ဝ ပြည့်နှစ်ကစပြီး တစ်ခါသုံးပစ္စည်းတွေကို ဆွေးမြည့်စေတဲ့ ဇီဝပစ္စည်းတွေနဲ့ထုတ်လုပ် ရတော့မှာဖြစ်တယ်လို့ ဥပဒေအသစ်ပြဋ္ဌာန်း
လိုက်တယ်လို့လည်းသိရပါတယ်။ ဒီဥပဒေဟာ စွမ်းအင်သုံးစွဲမှု၊ ပလတ်စတစ်စက်ရုံများမှ စွန့်ပစ်ပစ္စည်းတွေကြောင့် ဖြစ်ပေါ်လာတဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှု စတာတွေကိုလျှော့ချ ဖို့အတွက် ရည်ရွယ်ပြဋ္ဌာန်းထားတယ်လို့လည်း
အင်တာနက်သတင်းတစ်ပုဒ်က ဆိုထားပါတယ်။ တက်ကြွလှုပ်ရှား သူတွေကတော့ ထိုဥပဒေကို၂ဝ၂ဝ ပြည့်နှစ်ထက် စောနိုင်သမျှစောအောင် စတင်နိုင်ဖို့အတွက် စိတ်ဆန္ဒပြင်းပြနေပါတယ်။

ပလတ်စတစ်ပြဿနာဟာ ကမ္ဘာတစ်ဝန်း ဖြစ်နေတဲ့ပြဿနာပါ။ ပလတ်စတစ်ဆိုးကျိုး တွေကို ကျွန်တော်တို့နိုင်ငံက ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေရန် အတွက်လည်း ပညာပေးအစီအစဉ်တွေ
ပြုလုပ်ရန် များစွာလိုအပ်ပါတယ်။ လုပ်လည်း လုပ်နေကြပါပြီ။ ပြည်သူလူထုပူးပေါင်းပါဝင် ခြင်းကတော့ အဓိကအခန်းကဏ္ဍပါ။ ပြည်သူ လူထုပူးပေါင်းပါဝင် မှသာလျှင် ပလတ်စတစ်မှ ရရှိသောဆိုးကျိုးတွေကို နည်းနိုင်သမျှ
နည်းအောင် လျှော့ချနိုင်မည် ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။ ။

မြဝတီနေ့စဉ်သတင်းစာ စာ (၁၃)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...