Social Icons

Pages

Friday, January 19, 2018

ရောဟိဏီမှ ဧရာဝတီသို့


ဆောင်းပါး (ညီလင်းဦး) ၁၉-၁-၂ဝ၁၈

လွန်ခဲ့သောနှစ်ပေါင်း ၂၅ဝဝ ကျော်က သက္ကတိုင်းနှင့်ကောလိယ တိုင်းတို့ကြားတွင် ရောဟိဏီမြစ်ကို အကြောင်းပြု၍ သကျလူမျိုးများနှင့် ကောလိယလူမျိုးများ အချင်းချင်း စစ်ပွဲကြီးတစ်ခု ဖြစ်ပွားလုနီးပါး ဖြစ်ခဲ့ရလေသည်။
နှစ်နိုင်ငံအကြား စစ်မက်ဖြစ်ပွား နိုင်သည်အထိ တင်းမာခဲ့ကြသော်လည်း စင်စစ်အားဖြင့် သက္ကလူမျိုးများနှင့် ကောလိယလူမျိုးတို့သည် ဆွေမျိုးအရင်းအချာများ ဖြစ်ကြသည်။

တစ်ချိန်က သြက္ကာကအမည်ရှိသော မင်းကြီးသည် သား၊ သမီး ၁၅ ယောက်ရှိပြီးထိုသားသမီးများကို နယ်မြေအသစ်တွင် ထီးသစ်၊ နန်းသစ်တည်ထောင်ဖို့ မိန့်တော်မူခဲ့သည်။ မင်းကြီး၏သားတော်၊ သမီးတော်တို့သည် ဟိမဝန္တာအနီး ကပိလရသေ့ကြီးထံ ချဉ်းကပ်မိရာမှ ရသေ့ကြီး၏ညွှန်ကြားချက်ဖြင့် သူ၏ကျောင်းနေရာမှာပင် မြို့သစ်တည်လိုက်သည်။ ကပိလရသေ့ကြီးကို အစွဲပြု၍ ကပိလဝတ်မြို့အဖြစ်လည်း ခေါ်ဝေါ်ကြသည်။

ကျွန်းတောကြီးများကို ရှင်းလင်း၍ တိုင်းပြည်တည်ရသောကြောင့် သာကီယလူမျိုးဟု လည်းကောင်း၊ ခမည်းတော် သြက္ကာကမင်းကြီးက သူ၏သားတော်၊ သမီးတော်များ၏ ပြည်သစ်၊ နန်းသစ်တည်ထောင်နိုင်သည့် စွမ်းရည်ကို ချီးကျူးပြောဆိုရာမှ စွမ်းရည်ရှိ သောလူမျိုး သက္ကလူမျိုး၊ သက္ကတိုင်းဟု လည်းကောင်း ခေါ်ဝေါ်ခဲ့ကြသည်။

သက္ကလူမျိုးများသည် အကြီးဆုံးမင်းသမီးကို အမိနေရာ၊ အကြီးအကဲနေရာထား၍ တိုင်းပြည်အသစ် တည်ထောင်စဉ် မင်းသမီးကြီးသည် နူနာရောဂါစွဲကပ်လာသဖြင့် တောသို့ပို့ဆောင်ခြင်းခံရသည်။ ဗာရာဏသီပြည်မှ ရာမမင်းကြီး သည်လည်း နူနာရောဂါစွဲကပ်သဖြင့် ၎င်းတောထဲတွင်ရောက်နှင့် နေသည်။

မင်းကြီးသည် ကလောပင် သစ်ခေါင်းတွင် နေထိုင်ပြီး ကလောသီး၊ ကလောဆန်များ ကိုစားရာမှ သူ၏နူနာရောဂါ ပျောက်ကင်း လေသည်။ နောက်ပိုင်းတွင် သကျနွယ်ဝင် မင်းသမီးကြီးနှင့် ရာမမင်းကြီးတို့တွေ့ဆုံရာ မင်းကြီး၏ အကူအညီဖြင့် မင်းသမီးကြီးလည်း နူနာရောဂါပျောက်လေသည်။ ထို့နောက် အချင်းချင်းမေတ္တာမျှ၍ ပေါင်းသင်းနေထိုင်ကြရာမှ သားတော်များ ထွန်းကားလာပြီး ကျွန်းတောမှ မင်းသမီးများနှင့် လက်ထပ်ထိမ်းမြား ပေးခဲ့ကြသည်။ 
ကလောပင် တောကြီးများတွင် တိုင်းပြည် တည်ရသောကြောင့် ကောလိယတိုင်း၊ ကောလိယသားတို့ဖြစ် လာကြသည်။ ထို့ကြောင့် သက္ကလူမျိုးများနှင့် ကောလိယလူမျိုးများသည် သြက္ကာကမင်းကြီး၏ သားတော်၊ သမီးတော်များမှ ဆင်းသက်လာသော အမျိုးအနွယ်များ ပင်ဖြစ်သည်။

ခါတိုင်းနှစ်များတွင် လယ်ယာစိုက်ပျိုးရေး အတွက် နှစ်နိုင်ငံကြားရှိ ရောဟိဏီမြစ်ရေကို မျှဝေသုံးစွဲ ခဲ့ကြသော်လည်း ၎င်းနှစ် မိုးခေါင်သောအချိန်ကာလ မြစ်ရေနည်းပါးရာမှ သကျလူမျိုးများနှင့် ကောလိယလူမျိုးများ ရေမျှဝေ
သုံးစွဲရန်အတွက် ပဋိပက္ခဖြစ်ခဲ့ကြသည်။

အမှိုက်ကစ ပြာသာဒ်မီးလောင်ဆိုသလို နှစ်ဖက်လယ်သမားများ၏ ပဋိပက္ခမီးသည် ကြီးမားလာကာ နှစ်နိုင်ငံစစ်ဖြစ်မည့် အခြေအနေအထိ ဖြစ်လာသည်။ ထိုအချိန်တွင် မြတ်စွာဘုရားသည်လည်း ဝါတော် ၁၅ ဝါရသည့်အချိန် သက္ကတိုင်း နိဂြောဓာရုံကျောင်းတိုက်တွင် သီတင်းသုံးတော်မူ နေသည်။

မြတ်စွာဘုရားသည် ဆွေတော်မျိုးတော်များ ပျက်စီးမည့်အရေးကို သိမြင်၍ ကြားဝင်စေ့စပ် ဆုံးမတော်မူသည်။ သစ်ပင်များသည် နီးကပ်၍ခပ်စိပ်စိပ် ပေါက်နေပါက လေမုန်တိုင်း တိုက်ခတ်သော်လည်း မလဲနိုင်ကြောင်း၊
မုဆိုး၏ပိုက်ကွန်၌ မိနေသောငုံးများသည် ပိုက်ကွန်မှလွတ်မြောက်ရန် အတူတကွစုပေါင်း အားထုတ်မှုမပြုဘဲ အချင်းချင်းစည်းလုံး ညီညွတ်မှုမရှိပါက ပျက်စီးကြမည် ဖြစ်ကြောင်း၊ တန်ဖိုးမရှိသောရေနှင့် တန်ဖိုးမဖြတ်နိုင်သော လူတို့၏အသက်များ၊ သွေးများကို လဲလှယ်ကြမည်လား စသည်ဖြင့်ညီညွတ်ရေး တရားများကို ဟောကြားတော်မူသဖြင့် သက္ကနှင့်ကောလိ ယလူမျိုးများ အမြင်မှန်ရကာ အချင်းချင်းပြန်လည် သင့်မြတ်ကြလေသည်။

ကျွန်တော်တို့ မြန်မာနိုင်ငံသည်လည်း ဖက်ဆစ်ဂျပန်တို့ကို တိုက်ခိုက်ခဲ့စဉ် ကလည်းကောင်း၊ အင်္ဂလိပ်နယ်ချဲ့တို့ကို တော်လှန်ကြရာတွင် လည်းကောင်း အချင်းချင်းစည်းလုံး ညီညွတ်ကြသည်။ သို့သော် မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက်ပိုင်းတွင်မူ အချင်းချင်း အယူဝါဒအမျိုးမျိုး ကွဲပြားလာကာ လက်နက်စွဲကိုင်ပုန်ကန်မှုများ ပေါ်ပေါက်လာခဲ့သည်မှာ ယနေ့အထိပင်ဖြစ်သည်။ လက်နက်ကိုင်ပဋိပက္ခများ များပြားလာသလောက် ခေတ်အဆက်ဆက် အစိုးရများသည်လည်း ငြိမ်းချမ်းရေးရရှိရန်အတွက် နည်းအမျိုးမျိုး နှင့်ကြိုးစားခဲ့သည်။ မြန်မာနိုင်ငံသည် ၂ဝ၁ဝ ပြည့်နှစ်တွင် ရွေးကောက်ပွဲကျင်းပပြီး ၂ဝ၁၁ ခုနှစ်မှစ၍ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းကို လျှောက်လှမ်းလာခဲ့သည်။

၂ဝ၁၁ ခုနှစ် သြဂုတ် ၁၈ ရက်တွင် ငြိမ်းချမ်းရေးစတင် ဖိတ်ခေါ်ခဲ့သည်။ သို့သော်ယခုကဲ့သို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ စတင်ဖိတ်ခေါ်ပြီး နောက်ပိုင်းတွင်မှ ပေါ်ပေါက်လာသည့် လက်နက်ကိုင် အဖွဲ့များလည်းရှိ သေးသည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၂၁ ဖွဲ့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို စတင်လုပ်ဆောင်ခဲ့ရာ ၂ဝ၁၅ ခုနှစ် အောက်တိုဘာ၁၅ ရက်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (NCA) ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ရှစ်ဖွဲ့ဖြင့် သဘောတူလက်မှတ် ရေးထိုးနိုင်ခဲ့သည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် ဘာသာ၊ အယူဝါဒမတူညီမှုထက် လူမျိုးရေးကို အခြေခံ၍ ပေါ်ပေါက်လာသည့် အဖွဲ့က ပိုများသည်ဟု ထင်သည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသား လူမျိုးပေါင်း ၁၃၅ မျိုးရှိသည်။ သက္ကလူမျိုးများနှင့် ကောလိယလူမျိုး များနည်းတူ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုး အားလုံးတို့သည်လည်း ရှေးယခင်ကတည်းက ချစ်ခင်စွာအေးအတူ
ပူအမျှနေထိုင်ခဲ့ကြသော ညီအစ်ကို၊ မောင်နှမများပင်ဖြစ်သည်။ သို့သော် ယနေ့အချိန်တွင် တိုင်းရင်းသားလူမျိုး စုံသလောက် လက်နက်ကိုင်အဖွဲ့များ မှာလည်း များပြားလာသည်မှာ စိတ်မကောင်းဖွယ်ရာပင် ဖြစ်သည်။ ပြန့်ကျဲ
နေသော ထင်းချောင်းများကို အလွယ်တကူ ချိုးနိုင်သည်။ သို့သော် ခိုင်မာသောကြိုးဖြင့် ၎င်းထင်းချောင်းများကို စည်းနှောင်ထားလိုက်လျှင် အလွယ်တကူချိုး၍ မရနိုင်ပါ။

ထို့အတူအဖွဲ့အစည်း တစ်ခုနှင့်တစ်ခုအကြား ခိုင်မာသည့်ငြိမ်းချမ်းရေး သဘောတူညီမှုမရှိလျှင် ပဋိပက္ခများအလွယ်တကူ ဖြစ်ပွားနိုင်သည်။ ထို့ကြောင့် ထင်းချောင်းများကဲ့သို့ ပြန့်ကျဲနေသော တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ များကိုလည်း NCA တည်းဟူသော ခိုင်မာသော ငြိမ်းချမ်းရေးကြိုးဖြင့် ချည်နှောင်ထားလိုက်လျှင် လက်နက်ကိုင်ပဋိပက္ခများ အလွယ်တကူဖြစ်ပေါ် လာနိုင်မည်မဟုတ်ပေ။ သို့သော် ပြန့်ကျဲနေသော ထင်းချောင်းများကို အလွယ်တကူ ချည်နိုင်ရန်အတွက် ထင်းချောင်းများ ဖြောင့်နေမှကောင်းသည်။

ကွေးကောက်နေပါက တစုတစည်းတည်း စနစ်တကျစုစည်းထားဖို့ ခက်ခဲနိုင်သည်။ ထို့အတူ ပဋိပက္ခအတွင်း ပါဝင်ပတ်သက် နေသူများသည်လည်း မိမိလူမျိုး၊ မိမိဒေသမှသည် မိမိတို့နိုင်ငံအေးချမ်းသာယာဖို့ရန် အတွက် အမှန်တကယ် ငိမ်းချမ်းလိုသော ဖြောင့်မှန်သည့် စိတ်ဆန္ဒရှိရန်လိုအပ်သည်။ ဆန္ဒာဓိပတိဆိုသည့်အတိုင်း ဆန္ဒသာ အမှန်တကယ်ရှိလျှင် မဖြစ်နိုင်သည့် အရာမရှိဟု ထင်သည်။

ကျွန်တော်တို့ ပြည်ထောင်စု မြန်မာနိုင်ငံ၏ အသက်သွေးကြောဟု တင်စားခေါ်ဝေါ်သော ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ၏ အလယ်တွင်တည်ရှိပြီး မြောက်မှတောင်သို့ ဖြတ်သန်းစီးဆင်းနေသည်။ ကချင်ပြည်နယ် မြောက်ပိုင်းမှ မေခနှင့်မလိခ ပေါင်းဆုံသည့် နေရာတွင် ဧရာဝတီမြစ် စတင်ဖြစ်ပေါ်လာပြီး မုတ္တမပင်လယ်၊ ကပ္ပလီပင်လယ်တို့တွင် အဆုံးသတ် စီးဝင်သည်။ ဧရာဝတီမြစ် အတွင်းသို့ ချင်းတွင်း၊ ရွှေလီ၊ မြစ်ငယ်မြစ် (ဒုဋ္ဌဝတီမြစ်)စသော အဓိကမြစ်လက်တက် ကြီးငါးခုအပြင် ချောင်းလက်တက်များ လည်းများစွာ စီးဝင်နေသည်။ ထိုသို့မြစ်များ၊ ချောင်းများမှ ဧရာဝတီမြစ်အတွင်းသို့ ဖြတ်သန်းစီးဆင်းလာသော ရေများသည် မြစ်အတွင်းတွင် အမျိုးမျိုးကွဲပြား မနေဘဲဧရာဝတီ မြစ်ရေအဖြစ် တစ်သွေးတည်း၊ တစ်ရောင်တည်းသာ စီးဆင်းနေကြတော့သည်။

ထိုသို့တစ်သွေးတည်း တစ်သားတည်း တည်ရှိနေသော ဧရာဝတီမြစ်ကြီးသည် ရေနေ၊ကုန်းနေသတ္တဝါတို့အတွက် မှီခိုအားထားရာ ကြီးဖြစ်သလို ခေတ်အဆက်ဆက်တွင်လည်း နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးတို့အတွက်
အလွန်အရေးပါလှသည်။ ဧရာဝတီမြစ်ဟု သီးခြားတည်ရှိနေခြင်းထက် အဆိုပါမြစ်၊ ချောင်းများစွာတို့မှ ရေများစီးဆင်းစုပေါင်းရာမှ တစ်နိုင်ငံလုံးအတွက် အားထားရာဖြစ်သော ဧရာဝတီမြစ်ကြီးဖြစ်ပေါ်လာခြင်းဖြစ်သည်။

နိုင်ငံ၏အသက်သွေးကြော သဖွယ်ဖြစ်သော ဧရာဝတီမြစ်ကြီးနှင့် အလားတူစွာ ပြည်ထောင်စု မြန်မာနိုင်ငံတော် ကြီးသည်လည်း လူမျိုးတစ်မျိုးတည်းကို အစွဲပြု၍ ဖြစ်ပေါ် လာရသည်မဟုတ်ပေ။ ယဉ်ကျေးမှု၊ ထုံးတမ်း
အစဉ်အလာများ စုံလင်များပြားလှသော ၁၃၅ မျိုးသော တိုင်းရင်းသားလူမျိုးများ အတူတကွ စုပေါင်းနေထိုင်ကြရာမှ ပြည်ထောင်စုတည်း ဟူသော နိုင်ငံကြီးပေါ်ပေါက် လာခြင်းဖြစ်သည်။ မြန်မာနိုင်ငံသားဟု ဆိုလိုက်လျှင်မည်မျှ
ပင် လူမျိုး၊ ဘာသာ၊ အယူဝါဒကွဲပြားခြားနားနေပါစေ ပြည်ထောင်စုစိတ်ဓာတ်၊ နိုင်ငံသား စိတ်ဓာတ်ကိုမွေးမြူရမည်ဖြစ်ပြီး ပြည်ထောင်စု အကျိုးစီးပွားအတွက် တစ်စိတ်တစ်ဝမ်းတည်း ဖြစ်နေကြရမည်။ ဤကဲ့သို့သော မတူကွဲပြား
မှုများကိုပေါင်းစည်းနိုင်မှသာ ပြည့်ဝသော အင်အားကိုရရှိနိုင်ပါသည်။

ကျွန်တော်တို့ မြန်မာနိုင်ငံသည် စစ်ရေး၊စီးပွားရေးမှ လူဦးရေအထိအဆမတန် သာလွန်များပြားသည့် နိုင်ငံများနှင့် နယ်မြေချင်း ထိစပ်နေသဖြင့် အစစအရာရာအလွန် သတိထားဖို့ လိုအပ်သည်။ ပဆုပ်ပနီတို့သည် အကောင်သေးငယ် သော်လည်း ညီညွတ်သည်။ မိမိတို့အသိုက်အအုံကိုလာရောက် နှောင့်ယှက်လျှင် ညီညွတ်စွာအုံလိုက်၊ ကျင်းလိုက် နှောင့်ယှက်သူကို လိုက်၍တုပ်သည်။ ထို့ကြောင့် အရွယ်ပင်သေး ငယ်သော်လည်း စည်းလုံးညီညွတ် ကြသော ပဆုပ်ပနီတို့ကို နှောင့်ယှက်ရန် ဝန်လေးကြ၊ ကြောက်ကြသည်။ ကျွန်တော်တို့နိုင်ငံသည်လည်း ပဆုပ်ပနီတို့ကဲ့သို့ စည်းလုံးညီညွတ်နေမှ အခြားမည်သည့် နိုင်ငံများကမဆို ထိပါးနှောင့်ယှက်ဖို့ လက်တွန့်ကြမည် ဖြစ်သည်။

ယနေ့ခေတ် မြန်မာနိုင်ငံကို ကြည့်လျှင် ဒီမိုကရေစီစနစ်၏ သဘောသဘာဝအရ မတူကွဲပြားမှုများရှိနေသည်ကို လက်ခံရမည် ဖြစ်သော်လည်း ပြည်ထောင်စု၏ အကျိုးစီးပွားအတွက်ဆိုလျှင် နိုင်ငံသားအားလုံး တို့သည် တစ်စိတ်တစ်ဝမ်းတည်း ဖြစ်နေရန် အရေးကြီးသည်။ အထူးသဖြင့် ယခုအချိန်တွင် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းသွားရန် အလွန်အရေးကြီးသည်။ ဒီမိုကရေစီစနစ် ကျင့်သုံးသောနိုင်ငံတွင် လက်နက်ကိုင် တော်လှန်မှုများ ရှိနေခြင်းသည်အကျည်းတန်သည်။ ဒီမိုကရေစီခရီးလမ်း လျှောက်လှမ်းကြရာတွင် လက်နက်ကိုင် ပဋိပက္ခနွံထဲ၌နစ်နေသော နိုင်ငံ၏လှည်းဘီးကြီးကို ပြိုင်တူတွန်းကြပါမှ ပဋိပက္ခနွံမှ အလွယ်တကူလွန်မြောက်နိုင် မည်ဖြစ်သည်။

ထို့ကြောင့် ပြည်ထောင်စု မြန်မာနိုင်ငံကြီး၏ အကျိုးစီးပွားအတွက် သက်ရှိဖြစ်သော ပြည်ထောင်စုသား အားလုံးတို့သည် သက်မဲ့ဖြစ်သောဧရာဝတီမြစ် ကိုပင်စံထား၍ အချင်းချင်းစည်းလုံး ညီညွတ်ကြဖို့ အချိန်တန်ပြီဟု ရေးသား တင်ပြလိုက်ရပါသည်။ ။

မြဝတီနေ့စဉ်သတင်းစာ စာ (၁၃)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...