Social Icons

Pages

Tuesday, January 16, 2018

ယခုဘဏ္ဍာနှစ်၌ ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ် ခြောက်မြို့နယ်တွင် ဆည်ရေသောက်စနစ်ဖြင့် နွေစပါး ၂၃၂၄၁ ဧက စိုက်ပျိုးမည်



ရွှေဘို ၁၆-၁-၂ဝ၁၈

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်အတွင်းရှိ ရွှေဘို၊ဝက်လက်၊ ခင်ဦး၊ရေဦး၊ တန့်ဆည်နှင့် ဒီပဲယင်းမြို့နယ်တို့၌ ၂ဝ၁၇-၂ဝ၁၈ဘဏ္ဍာနှစ် နွေစပါးစိုက်ရာသီတွင် ဆည်ရေသောက်စနစ်ဖြင့် နွေစပါး ၂၈၃၂၄၁ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ရွှေဘိုခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

ရွှေဘိုခရိုင်အတွင်း နွေစပါးကို အောင်မြင်စွာ စိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးရေကို ကင်းတပ်ဆည်လက်ဝဲမြောင်းမှ တန့်ဆည်၊ရေဦး၊ ဒီပဲယင်းမြို့နယ်တို့ကို လည်းကောင်း၊လက်ယာမြောင်း (အလောင်းဘုရားမြောင်း)မှ ခင်ဦးမြို့နယ်နှင့် ရွှေဘိုမြို့နယ်တို့ကို လည်းကောင်း၊ ကာဘိုးဆည်ရေဦးမြောင်းမတော်မှ ရေဦး၊ ဒီပဲယင်းမြို့နယ်တို့ကို လည်းကောင်း၊ ရွှေဘိုမြောင်းမတော်မှ ရွှေဘို၊ခင်ဦး၊ ဝက်လက်မြို့နယ်တို့ကိုလည်းကောင်း ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။

"ပြီးခဲ့တဲ့မိုးရာသီက မိုးရွာသွန်းမှုများ ခဲ့တဲ့အတွက် သဖန်းဆိပ်ဆည်ရေက အခုနှစ်မှာ ရေဝင်ရောက်မှုပိုများလို့ နွေစပါးစိုက်ပျိုးဖို့အတွက် စိုက်ပျိုးရေ လုံလောက်ပါတယ်။သဖန်းဆိပ်ဆည်ရဲ့ ဆည်ခွဲတွေဖြစ်တဲ့ကင်းတပ်ဆည်နဲ့ ကာဘိုးဆည်တို့ကနေ စိုက်ပျိုးရေတွေကို အဓိကဖြန့်ဝေပေးသွားမှာပါ" ဟု ရွှေဘိုခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဆွေက ပြောပြသည်။

၂ဝ၁၇-၂ဝ၁၈ဘဏ္ဍာနှစ် နွေစပါးစိုက်ရာသီတွင် ရွှေဘိုခရိုင်အတွင်းရှိ ရွှေဘိုမြို့နယ်တွင် နွေစပါး ဧက ၆၅၃ဝဝ၊ဝက်လက်မြို့နယ်တွင် နွေစပါးဧက ၂၈ဝ၅ဝ၊ ရေဦးမြို့နယ်တွင် နွေစပါး ၄၁၅၄၁ဧက၊ ခင်ဦးမြို့နယ်တွင် နွေစပါးဧက၄၇၂၅ဝ၊တန့်ဆည်မြို့နယ်တွင် နွေစပါးဧက၃၃၆ဝဝ၊ ဒီပဲယင်းမြို့နယ်တွင် နွေစပါးဧက၆၇၅ဝဝ စုစုပေါင်း၂၈၃၂၄၁ဧကတို့ကို စိုက်ပျိုးသွားမည် ဖြစ်ကြောင်း ရွှေဘိုခရိုင်စိုက်ပျိုးရေး ဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...