Social Icons

Pages

Friday, July 21, 2017

ချင်းပြည်နယ် မင်းတပ်မြို့နယ်တွင် တရားမဝင်သစ်ခွ ပိဿာတစ်ရာကျော်ကို မီးရှို့ဖျက်ဆီး



မင်းတပ် ၂၁-၇-၂၀၁၇

ချင်းပြည်နယ် မင်းတပ်မြို့နယ် သစ်တောဦးစီးဌာနက ဖမ်းဆီးရမိသော တရားမဝင်သစ်ခွ ပိဿာတစ်ရာကျော်ကို မြို့နယ်သစ်တော ဦးစီးဌာန ရုံးဝင်းအတွင်း ယနေ့တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

''ဒေသမျိုးရင်းဝင် သစ်ခွအမျိုးအစား တွေဖြစ်ပါတယ်။ မင်းတပ်မှာ ဆိုရင်တောင်ပေါ်မှာ သဘာဝအတိုင်း ပေါက်နေတဲ့ သစ်ခွတွေဖြစ်တယ်။ မီးရှို့ရတဲ့ ရည်ရွယ်ချက်က တရားစွဲတဲ့အမှု တွေကျတော့ တရားစွဲလို့ အမှုပြီးပြတ် ပြီးတဲ့အခါ ပုံစံ ၈ ရေးသွင်းခွင့် တောင်းပါတယ်။

တောင်းပြီးကြာသွားတော့ သက်သေခံ ပစ္စည်းတွေက ပျက်စီးသွားတာပေါ့။ ပျက်စီးသွားလို့ ရုံးချုပ်ထိ မီးရှို့ဖျက်ဆီးခွင့် တောင်းရတာပေါ။့ တရားစွဲဆို ပြီးပြတ်သွားတော့ သက်သေခံတွေကို ဖျက်ဆီးခွင့် တောင်းရပြီး ခွင့်ပြုမိန့် ကျလို့ မီးရှို့ဖျက်ဆီးတာပါ။ တရားမဝင် သစ်ခွရောင်းဝယ်မှုကိုလဲ ကျွန်တော်တို့ ဌာနက အသိပညာပေးတာတွေလုပ် နေပါတယ်''ဟု မင်းတပ်မြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုးမင်းက ပြောပြသည်။

တရားမဝင်သစ်ခွများကို မီးရှို့ဖျက်ဆီးရာတွင် မင်းတပ်ခရိုင် သစ်တောဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ကြီး၊ မင်းတပ်မြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမင်း၊ တောအုပ်ကြီးအပါအဝင် မင်းတပ်မြို့နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးနိုင်းထန်း၊ ရဲတပ်ဖွဲ့ဝင်များ၊ မြေစာရင်းရုံး တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက် ခဲ့ကြသည်။

မီးရှို့ဖျက်ဆီးခဲ့သည့် ဒေသမျိုးရင်းသစ်ခွ ၁၃၂ပိဿာတွင် သစ်ခွ (ဖြူတု) ၁၅ပိဿာ၊ သစ်ခွ (နီလုံး) ပိဿာ ၈ဝ နှင့်သစ်ခွ (ရိုးကြမ်း) ၃၇ ပိဿာတို့ပါဝင်ကြောင်း သိရသည်။

မင်းတပ်မြို့နယ်အတွင်း ဒေသမျိုးရင်း သစ်ခွများကို တရားမဝင် ရောင်းဝယ်ဖောက်ကား မှုများရှိနေပြီး ဖမ်းဆီးရမိသည့် သစ်ခွများကို သစ်တောသုတေသန ဌာနသို့ပေးပို့ကာ ရှားပါးမျိုးစိတ်များကို မျိုးပွားခြင်း၊ သစ်ခွအမည်  နာမများ ရှာဖွေသတ်မှတ်ခြင်း ပြုလုပ်ကြောင်း သိရသည်။

တရားစွဲဆိုပြီး နှစ်ကာလကြာပါက သက်သေခံပစ္စည်းများ ပျက်စီးသွားလျှင် ပြည်ထောင်စုအဆင့်၊ သစ်တောရုံးချုပ်ထံ ခွင့်ပြုချက် တောင်းခံကာ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခြင်း ဖြစ်ကြောင်းနှင့် ထို့ပြင်တရားမဝင် ရောင်းဝယ်ခြင်း ကိုလည်း အသိပညာပေးခြင်းများ ပြုလုပ်လျက်ရှိကြောင်း မင်းတပ်မြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုးမင်းက ပြောပြသည်။

အဆိုပါ တရားမဝင်သစ်ခွ ၁၃၂ ပိဿာကို ဖမ်းဆီးပစ္စည်းအမှု အမှတ်စဉ်၊ ပုံစံ၈၊ အမှတ်(၂၄)၊ ၂ဝ၁၅-၁၆အရ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...