Social Icons

Pages

Wednesday, July 26, 2017

ရေတာရှည်မြို့နယ်တွင် တရားမဝင် ကျွန်းတံခါးရွက်များနှင့် ခွဲသားများဖမ်းဆီးရမိ



ရေတာရှည် ၂၆-၇-၂၀၁၇

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် သာဂရကျေးရွာအုပ်စု ဈေးတန်းရပ်ကွက်တွင် ဇူလိုင် ၂၄ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၃ဝ ခန့်က မြို့နယ်သစ်တော ဦးစီးဌာနနှင့် သစ်တောလုံခြုံရေး အဖွဲ့ဝင်များက သတင်းအရ ဝင်ရောက် ရှာဖွေခဲ့ရာ တရားမဝင် ကျွန်းတံခါးရွက်များနှင့် ကျွန်းခွဲသားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မြို့နယ်သစ်တော ဦးစီးအရာရှိ ဦးကျော်ဆန်းမိုးနှင့် ဝန်ထမ်းများ၊ သစ်တောလုံခြုံရေးအဖွဲ့မှ ဒုတိယရဲအုပ် လင်းလင်းထွန်း ဦးစီးအဖွဲ့ တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် အသိသက်သေများနှင့်အတူ သာဂရမြို့ ရန်ကုန်- မန္တလေး ရထားလမ်း အရှေ့ဘက်ဈေးတန်း ရပ်ကွက်ရှိ နေလင်း၏နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်အနောက်ဘက် စပါးကျီအတွင်း သိမ်းဆည်းထားသည့် ကျွန်းတံခါးချပ် ၂၈ ချပ်၊ ကျွန်းခွဲသားအရွယ်စုံ ၄၂၁ ချပ်၊ရွေပေါ်ထိုး စက်သုံးလုံး၊ ဒိုင်းလွှသုံးချောင်း၊ သစ်သားဆွဲညှပ်သည့် သံကိုက်တစ်ချောင်း၊ ၎င်းနေအိမ် အနောက်ဘက်ကပ်လျက် နွားတင်းကုတ်အတွင်း နွားစာများအောက်၌ ဝှက်ထားသော ကျွန်းတံခါးရွက် အရွယ်စုံ ၉၆ ချပ် စုစုပေါင်း ၁ဒသမ ၅၈ဝ၂တန်ကိုလည်းကောင်း၊ အဆိုပါ နေ့ညနေ ၅ နာရီ မိနစ်၃ဝ ခန့်တွင် တစ်ရပ်ကွက်တည်းနေ ဇော်မိုး၏ နေအိမ်အောက်ထပ် မီးဖိုခန်းနှင့် ကပ်လျက်အခန်း အတွင်းဝှက်ထားသည့် ကျွန်းတံခါးရွက်အရွယ်စုံ၁၃၆ ချပ်၊ ကျွန်းပျဉ်ခွဲသား ၃၉၇ ချောင်း စုစုပေါင်း ၁ ဒသမ ၃၉ဝ၆ တန်တို့ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့၍ မြို့နယ်သစ်တောဦးစီးဌာနမှ ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူနိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

#yadnarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...