Social Icons

Pages

Thursday, July 13, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ အိန္ဒိယအရှေ့ပိုင်း ရေတပ်ကွပ်ကဲမှုဌာနချုပ်ရုံးသို့ သွားရောက် ကြည့်ရှုလေ့လာ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဘက်စုံသုံးဖရီးဂိတ်စစ်ရေယာဉ် INS Satpura ပေါ်တွင် ဂုဏ်ပြုတပ်ဖွဲ့အားစစ်ဆေးစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား အိန္ဒိယအရှေ့ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ်အစည်းအဝေးခန်းမ၌ Command Plans Officer Captain RAJNEESH SHARMA က ဌာနချုပ်အကြောင်း ရှင်းလင်းတင်ပြစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အဖွဲ့ဝင်များအား အိန္ဒိယအရှေ့ပိုင်း ရေတပ်ကွပ်ကဲမှုဌာနချုပ်မှူး Vice Admiral HCS Bisht က ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် Submarine Auxiliaries Department ရှိ အလုပ်ရုံအတွင်းကြည့်ရှုစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား အိန္ဒိယအရှေ့ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ်၏ လေတပ်စခန်း၌ အိန္ဒိယတပ်မတော်(ရေ) တွင် အသုံးပြုလျက်ရှိသည့် လေယာဉ်၊ ရဟတ်ယာဉ်များကို ကြည့်ရှုလေ့လာရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသစဉ်။

နေပြည်တော် ၁၃-၇-၂၀၁၇

အိန္ဒိယသမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီး များ၊ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ်သိန်းဇော် တို့လိုက်ပါ၍ ယနေ့ ဒေသစံတော်ချိန် နံနက် ၁၁ နာရီခွဲတွင် ဗီဇာခါပတ်တနမ်မြို့ရှိ အိန္ဒိယအရှေ့ပိုင်း ရေတပ်ကွပ်ကဲမှုဌာနချုပ်သို့ သွားရောက် ကြည့်ရှုလေ့လာ ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့အား ဌာနချုပ်မှူး Vice Admiral HCS Bisht နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် ရေတပ်စခန်း ဌာနချုပ်မှူး၏ ရုံးခန်း၌ တွေ့ဆုံဆွေးနွေးရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အရှေ့ပိုင်းရေတပ် ကွပ်ကဲမှုဌာနချုပ်သည် အိန္ဒိယနိုင်ငံအတွက် အရေးပါသကဲ့သို့ မြန်မာနိုင်ငံနှင့်လည်း နီးကပ်စွာတည်ရှိသဖြင့် ထိတွေ့ဆက်ဆံမှု မပြတ်ရှိသင့်ကြောင်း၊ အလားတူ အိန္ဒိယနိုင်ငံ၏ သမိုင်းတွင် ဗီဇာခါပတ်တနမ် ဒေသမှတစ်ဆင့် အရှေ့ဘက် အရှေ့တောင်အာရှသို့ ဗုဒ္ဓဘာသာပျံ့နှံ့ ရောက်ရှိသည်ဟု သိရှိရပါကြောင်း၊ သို့ဖြစ်၍ မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ဘာသာရေး ဆက်နွယ်မှု၏ အခြေခံ ဒေသဟုလည်း ဆိုနိုင်ကြောင်း၊ ဗီဇာခါပတ်တနမ်၏ အရှေ့ဘက်တည့်တည့် အရပ်တွင် မြန်မာနိုင်ငံရှိ လွန်စွာသာယာလှပသည့် ငပလီပင်လယ်ကမ်းခြေနှင့် သံတွဲမြို့ရှိကြောင်းဖြင့် ရှင်းလင်းပြောကြားသည်။ Vice Admiral HCS Bisht က အရှေ့ပိုင်းရေတပ် ကွပ်ကဲမှုဌာနချုပ်မှ ဂုဏ်ယူစွာ ကြိုဆိုပါကြောင်း၊ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ၏ သမိုင်းကြောင်းအရ၊ ဘာသာရေးအရ၊ ယဉ်ကျေးမှုအရ များစွာတူညီကြပြီး အနာဂတ်ကာလတွင် နှစ်နိုင်ငံအကြား၊ တပ်မတော် နှစ်ရပ်အကြား၊ တပ်မတော် (ရေ) နှစ်ရပ်အကြား ဆက်ဆံမှုများ ပိုမိုတိုးတက်မည်ဟု ယုံကြည်ကြောင်း ပြန်လည် ပြောကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အရှေ့ပိုင်းရေတပ်ကွပ်ကဲမှု ဌာနချုပ်မှူးတို့သည် အထိမ်းအမှတ် တံဆိပ်များ အပြန်အလှန်လဲလှယ်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဧည့်သည်တော် မှတ်တမ်းတွင် အမှတ်တရ လက်မှတ် ရေးထိုးသည်။ ဆက်လက်ပြီး အစည်းအဝေးခန်းမတွင် Command Plans Officer Captain RAJNEESH SHARMA က အရှေ့ပိုင်းရေတပ် ကွပ်ကဲမှုဌာနချုပ်၏ သမိုင်းကြောင်း၊ ဖွဲ့စည်းပုံ၊ တပ်ဖြန့်ခွဲမှု၊ စစ်ရေယာဉ်များ၏ တာဝန်ထမ်းဆောင်မှုနှင့် လုပ်ငန်းတာဝန်များကို ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုအပေါ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အိန္ဒိယသမုဒ္ဒရာသည် လွန်စွာကြီးမား ကျယ်ပြန့်ပြီး ပင်လယ်ရေကြောင်း ကုန်သွယ်မှုအတွက် များစွာအရေးပါကြောင်း၊ မြန်မာ့တပ်မတော် (ရေ) အနေဖြင့်လည်း လုံခြုံရေးဆိုင်ရာများ၊ သဘာဝဘေးဒဏ် ကယ်ဆယ်ရေးနှင့် လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက် ရမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ယင်းနောက် Vice Admiral HCS Bisht က အိန္ဒိယသမုဒ္ဒရာတွင် ကမ္ဘာ့ရေနံကုန်စည် စီးဆင်းမှု၏ ၆၀ ရာခိုင်နှုန်း၊ ကမ္ဘာ့ကုန်ပစ္စည်းတင် သင်္ဘောများသွားလာမှု၏ ၅၀ ရာခိုင်နှုန်းနှင့် အိန္ဒိယနိုင်ငံ ကုန်စည်ပို့ဆောင်မှု၏ ၇၀ ရာခိုင်နှုန်း ဖြတ်သန်းသွားလာမှု ရှိကြောင်း၊ အိန္ဒိယသမုဒ္ဒရာ၏ ပင်လယ်ပြင်လုံခြုံရေးကို မိမိတို့တစ်နိုင်ငံတည်း လုပ်ဆောင်၍ မရနိုင်ဘဲ အိမ်နီးချင်းနိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပါကြောင်း ပြန်လည်ပြောကြား၍ အိန္ဒိယရေတပ်၏ ပင်လယ်ပြင်လုံခြုံရေး နှင့် လေ့ကျင့်ခန်း ဆောင်ရွက်မှု အခြေအနေများ၊ နှစ်နိုင်ငံတပ်မတော် (ရေ) နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ သဘာဝဘေးဒဏ်နှင့် လူသားချင်းစာနာ ထောက်ထားမှု လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေး တို့အား ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးကြသည်။

ထို့နောက် မော်တော်ယာဉ်များဖြင့် View Point သို့သွားရောက်၍ ဗီဇာခါပတ် တနမ်မြို့၏ဆိပ်ကမ်း သာယာလှပမှုများအား ကြည့်ရှုလေ့လာသည်။ ထို့နောက်ရေတပ် ဌာနချုပ်ရှိ DOLPHIN'S Cove အရာရှိရိပ်သာသို့ရောက်ရှိ၍ အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကြပြီး အဆိုပါအရာရှိရိပ်သာမှ မြင်တွေ့ရသည့် ပင်လယ်ဆိပ်ကမ်း အလှအားကြည့်ရှု ကြသည်။ ဆက်လက်ပြီး Vice Admiral HCS Bisht က ကြိုဆိုနှုတ်ခွန်း ဆက်စကား ပြောကြားပြီးဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်၊ ဇနီးဒေါ်ကြူကြူလှနှင့် အဖွဲ့ဝင်များအား ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။ နေ့လယ်စာသုံးဆောင်စဉ်အတွင်း ရေတပ်ဌာနချုပ်တီးဝိုင်းအဖွဲ့မှ တီးမှုတ်ဖျော်ဖြေ ကြသည်။

ယင်းနောက် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ဘက်စုံသုံး ဖရီးဂိတ်စစ်ရေယာဉ် INS Satpura သို့သွားရောက် ကြည့်ရှုလေ့လာရာ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က စစ်ရေယာဉ်ဂုဏ်ပြု တပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးသည်။ ထို့နောက် စစ်ရေယာဉ်ပေါ်၌ အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကူးပြီး Ship Commander က စစ်ရေယာဉ်၏ သမိုင်းကြောင်းနှင့် စစ်ရေယာဉ် အချက်အလက်များ၊ စွမ်းဆောင်ရည်များကို ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သိရှိလိုသည်များမေးမြန်းပြီး စစ်ရေယာဉ်အတွင်း လှည့်လည်ကြည့်ရှုကြသည်။ ထို့နောက်စစ်ရေယာဉ် ဧည့်ခန်းတွင် စစ်ရေယာဉ်မှူး က အထိမ်းအမှတ် တံဆိပ်ပေးအပ်ရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က လက်ခံရယူပြီး အမှတ်တရ လက်ဆောင်ပစ္စည်း ပြန်လည်ပေးအပ်၍ ဧည့်သည်တော်မှတ်တမ်း၌ လက်မှတ်ရေးထိုးသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အိန္ဒိယ ကမ်းခြေစောင့်တပ်ဖွဲ့၏ ရေပြင်ရှင်းလင်းရေးရေယာဉ် Sindhushastra သို့ သွားရောက်ကြည့်ရှု လေ့လာကြသည်။ ဦးစွာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား စစ်ရေယာဉ် ဂုဏ်ပြုတပ်ဖွဲ့ကဂုဏ်ပြုကြိုဆိုပြီး Deputy Inspecting General SERAWAT က စစ်ရေယာဉ်ဆိုင်ရာ အချက်အလက်များနှင့် လှုပ်ရှားမှုများကို ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များက သိရှိလိုသည်များကို မေးမြန်းကြသည်။ ထို့နောက် စစ်ရေယာဉ်အတွင်း လှည့်လည်ကြည့်ရှုပြီး စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင် လက်မှတ် ရေးထိုးသည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တိုက်ခိုက်ရေး ရေငုပ်သင်္ဘော INS Sindhudhwaj သို့ ရောက်ရှိကြရာ စစ်ရေယာဉ်မှူး Commander Srikanf Raman ကကြိုဆို၍ စစ်ရေယာဉ်ဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်ရေယာဉ်အတွင်း ကြည့်ရှုလေ့လာကြပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဧည့်သည်တော် မှတ်တမ်း တွင်လက်မှတ် ရေးထိုးခဲ့သည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် Submarine Auxiliaries Department သို့ရောက်ရှိလေ့လာကြရာ Rear Admiral Narajan Prasad နှင့် တာဝန်ရှိသူများက ကြိုဆိုပြီး အလုပ်ရုံအတွင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်း ပြသခဲ့သည်။ ဆက်လက်၍ အရှေ့ပိုင်းရေတပ် ကွပ်ကဲမှုဌာနချုပ်၏ လေတပ်စခန်းသို့ သွားရောက်၍ အိန္ဒိယတပ်မတော် (ရေ) တွင် အသုံးပြုလျှက်ရှိသည့် လေယာဉ်၊ ရဟတ်ယာဉ်များကို ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသ ခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...