Social Icons

Pages

Thursday, January 19, 2017

အဖိုးတန် သယံဇာတသစ်များကို တရားမ၀င် ခိုးထုတ်ရာလမ်းကြောင်း၌ အဓိကထိန်းချုပ်လုပ်ကိုင် ဆောင်ရွက်နေသည့် KIA အကြမ်းဖက် သောင်းကျန်းသူများ၏ စခန်းများအား သိမ်းပိုက်ရရှိ


တပ်မတော်သားများကို KIA အကြမ်းဖက် သောင်းကျန်းသူများ၏ တပ်မဟာ(၃) ၊ တပ်ရင်း(၁၂) ဌာနချုပ်စခန်းအား သိမ်းပိုက်အပြီး တွေ့ရစဉ်

စခန်းသိမ်းတိုက်ပွဲတွင် သိမ်းဆည်းရမိ ယာဉ်များနှင့် သစ်များကို တွေ့ရစဉ်

နေပြည်တော် ၊ ၁၉-၁-၂၀၁၇

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် အတွင်း တပ်မတော် စစ်ကြောင်းများက မန်ဝိန်းကြီး ကျေးရွာ၏ အနောက်တောင်ဘက် ၂၄ မိုင်ခန့်အကွာ၊ မံဂမ်ကျေးရွာ အနီး ခန့်မှန်း မြေပုံညွှန်း (LG-၁၉ဝ၂၆ဝ) နေရာ၌ တရားမဝင် သစ်မှောင်ခို လုပ်ငန်းများကို အဓိကထိန်းချုပ် လုပ်ကိုင်ဆောင်ရွက် နေသည့် KIA အကြမ်းဖက် သောင်းကျန်းသူ ၏ တပ်မဟာ (၃)၊ တပ်ရင်း(၁၂) ဌာနချုပ်စခန်း အပါအဝင် စခန်းသုံးခု နေရာများအား ဇန်နဝါရီ ၁၃ ရက်မှ စတင်ချဉ်းကပ် တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီ ၁၇ ရက် နေ့လယ်ပိုင်းမှ စတင်၍ လေကြောင်း၊ အမြောက်နှင့် လက်နက်ကြီးပ စ်ကူရယူ တိုက်ခိုက်ခဲ့ရာ ဇန်နဝါရီ ၁၈ ရက် နံနက် ၁ဝ နာရီ ၄၅ မိနစ် ခန့်တွင် အဆိုပါ ဌာနချုပ်အား သိမ်းပိုက်ရရှိ ခဲ့သည်။

စခန်းသိမ်း တိုက်ပွဲများတွင် တပ်မတော်မှ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိဘဲ ရန်သူ့ထံမှ လူနေ အဆောက်အအုံ ၂ဝ လုံး၊ သစ်မျိုးစုံ ၁ဝ၈ တန်ခန့်၊ သစ်တင်ယာဉ် လေးစီး၊ ဂျစ်ကားနှစ်စီး နှင့် ဆိုင်ကယ်တစ်စီး၊ ငွေစာရင်း စာအုပ်များ၊ ဆက်ကြေး ကောက်ခံရရှိသည့် ပြေစာဖြတ်ပိုင်းများ၊ ၆ဝ မမစိန်ပြောင်း တစ်လက် အပါအဝင် လက်နက်ငါးလက် နှင့် ခဲယမ်း အမြောက်အမြား တို့အား သိမ်းပိုက်ရရှိ ခဲ့ကာ ရန်သူတချို့ သေဆုံး ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တပ်ရင်း(၁၂)မှ KIA လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူနှင့် တပ်ရင်း(၂၇)မှ လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူ အင်အား ပူးပေါင်း ၂ဝဝ ခန့်သည် ၂ဝ၁၆ ခုနှစ်၊ နိုဝင်ဘာ ၂ဝ ရက် မုံးကိုးဖြစ်စဉ် နှင့်တစ်ပြိုင်တည်း နိုဝင်ဘာ ၂၁ ရက်တွင် မံစီမြို့နယ်၊ မန်ဝိန်းကြီး ကျေးရွာ၏ အနောက်ဘက် ၄ မိုင်ခွဲခန့်အကွာ၊ ကောင်းငုယန် ကျေးရွာ ခန့်မှန်း မြေပုံညွှန်း (LG-၄၉၂၃၄၆) ရှိ တပ်မတော် စစ်ကြောင်းမှ တပ်စုတစ်စုခန့် နယ်မြေစိုးမိုးရေး နှင့် နယ်မြေ လုံခြုံရေး အတွက် ပိတ်ဆို့ထားသည့် စခန်းနေရာကို သာလွန်အင်အား များဖြင့် နိုဝင်ဘာ ၂၃ ရက် အထိ အကြမ်းဖက် ဝင်ရောက် တိုက်ခိုက်ခဲ့သည့် အဖွဲ့များလည်း ဖြစ်သည်။ သို့ရာတွင် ကောင်းငုယန် စခန်းရှိ တပ်မတော်သား များက မဆုတ်မနစ်သော ဇွဲလုံ့လများဖြင့် ရွပ်ရွပ်ချွံချွံ ခုခံခဲ့ခြင်း၊ စစ်ကူနှင့် ပစ်ကူများ အချိန်မီ ရောက်ရှိခဲ့ခြင်း တို့ကြောင့် အကြမ်းဖက် သောင်းကျန်းသူ များ နိုဝင်ဘာ ၂၈ ရက်တွင် ဖရိုဖရဲဆုတ်ခွာ ထွက်ပြေးသွား ခဲ့သည်။ ဆုတ်ခွာသွားသည့် ရန်သူ့နောက်သို့ မြေပြင်နှင့် ဝေဟင် အဆက်မပြတ် သတင်းဖော်ထုတ် ထောက်လှမ်းချက်များ အရ မံဂမ်ကျေးရွာ အနီး ခန့်မှန်းမြေပုံညွှန်း (LG-၁၉ဝ၂၆ဝ) တစ်ဝိုက်၌ အခြေပြုလှုပ်ရှား နေသည်ကို ဖော်ထုတ်ရရှိ သဖြင့် တပ်မတော် စစ်ကြောင်းများက ၄င်းနယ်မြေ အတွင်းရှင်းလင်း ခဲ့ရာ ဇန်နဝါရီ ၁၃ ရက်မှ ၁၇ ရက်အထိ ထိတွေ့တိုက်ပွဲ ငါးကြိမ်ဖြစ်ပွား ခဲ့ပြီးနောက် KIA တပ်ရင်း(၁၂) ဌာနချုပ်စခန်း များကို သိမ်းပိုက်ရရှိ ခဲ့ခြင်း ဖြစ်သည်။

KIA တပ်မဟာ(၃)၊ တပ်ရင်း(၁၂) ဌာနချုပ် စခန်းနေရာသည် ၄င်းတို့အတွက် သတ်မှတ် ထားသည့် နယ်မြေမဟုတ်ဘဲ ရှမ်းပြည်နယ်၊ နယ်နိမိတ် အစပ်ထိ ဝင်ရောက် တပ်စွဲကာ စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မဘိမ်းမြို့နယ် အတွင်းမှ ထွက်ရှိသည့် အဖိုးတန်သစ်များ၊ ကျွဲနွားများကို တစ်ဖက်နိုင်ငံသို့ တရားမဝင် ပို့ဆောင်ရာ လမ်းကြောင်း တွင် အဓိကတည်ရှိ နေသည့်နေရာ ဖြစ်ကြောင်း ဖော်ထုတ် ရရှိသည်။

ကချင်ပြည်နယ်၊ မံစီမြို့နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မဘိမ်းမြို့နယ် များကို ဖြတ်သန်း၍ တရားမဝင် အဖိုးတန်သစ်များ တစ်ဖက် နိုင်ငံသို့ ခိုးထုတ်ရန် ကြိုးပမ်းမှုများ အပေါ် တပ်မတော်နှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့ များဖြင့် နယ်မြေရှင်းလင်း ဖော်ထုတ်ဖမ်းဆီး ခဲ့ရာ ၂ဝ၁၁ ခုနှစ်တွင် သစ် ၂၂၆ တန်ခန့်၊ ယာဉ်/ယန္တရား ၂၉ စီး၊ ဆိုင်ကယ် ၄ဝ စီး၊ လူနှစ်ဦးတို့ကို လည်းကောင်း၊ ၂ဝ၁၂ ခုနှစ်တွင် ယာဉ်တစ်စီး၊ လူတစ်ဦးတို့ ကိုလည်းကောင်း၊ ၂ဝ၁၃ ခုနှစ်တွင် သစ် ၁ဝ၃ တန်၊ ယာဉ် ၁၁ စီး၊ ဆိုင်ကယ် ၂ဝ စီး၊ စက်လှေ ၁၉ စင်း၊ လူ ၁၃ ဦးတို့ကို လည်းကောင်း၊ ၂ဝ၁၄ ခုနှစ်တွင် သစ် ၁၁၅ တန်၊ ယာဉ် ၁၃ စီး၊ ဆိုင်ကယ် ၆၇ စီး၊ လူ ၂၅ ဦးတို့ကို လည်းကောင်း၊ ၂ဝ၁၅ ခုနှစ်တွင် သစ် ၄၈၉ တန်၊ ယာဉ်/ယန္တရား ၄၉ စီး၊ ဆိုင်ကယ် ၁၁ စီး၊ သစ်စက်သုံးလုံး၊ လူ ၁ဝ ဦးတို့ကို လည်းကောင်း၊ ၂ဝ၁၆ ခုနှစ်တွင် သစ် ၃ဝ၇ တန်၊ ယာဉ် ၅၄ စီး၊ လူနှစ်ဦး တို့ကို လည်းကောင်း၊ စုစုပေါင်း ခြောက်နှစ်တာ ကာလအတွင်း သစ် ၁၂၄ဝ တန်ကျော်၊ ယာဉ်/ ယန္တရား ၁၅၇ စီး၊ ဆိုင်ကယ် ၁၃၈ စီး၊ စက်လှေ ၁၉ စင်း၊ သစ်စက်သုံးလုံး နှင့် တရားမဝင် မှောင်ခို လုပ်ငန်းဝင်ရောက် လုပ်ကိုင်နေသည့် တစ်ဖက် နိုင်ငံသား ၁၈ ဦးအပါအဝင် လူ ၅၃ ဦးတို့ကို အသီးသီး ဖော်ထုတ်ဖမ်းဆီး ရမိခဲ့သည့် အပြင် သစ်မှောင်ခို ယာဉ်တန်းများ အနီးကပ် လုံခြုံရေး လိုက်ပါလုပ်ဆောင် ပေးနေသည့် KIA အကြမ်းဖက် သောင်းကျန်းသူ များနှင့် ထိတွေ့တိုက်ပွဲ ၁၅ ကြိမ်ဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။

ယခုကဲ့သို့ KIA တပ်မဟာ(၃)၊ တပ်ရင်း(၁၂) ဌာနချုပ်စခန်း နေရာကို တပ်မတော်မှ သိမ်းပိုက်ရရှိခြင်း အားဖြင့် မိုးမိတ်မြို့နယ် နှင့် မဘိမ်းမြို့နယ် အတွင်းမှ တရားမဝင် ဖြတ်သန်း၍ မြန်မာ့အဖိုးတန် သယံဇာတ သစ်များကို တစ်ဖက်နိုင်ငံသို့ တရားမဝင် ခိုးထုတ်မည့် အဓိက လမ်းကြောင်းနေရာ တစ်ခုအား ပိတ်ဆို့ ထိန်းချုပ် ထားနိုင်ခဲ့ပြီ ဖြစ်ကြောင်းနှင့် တပ်မတော် စစ်ကြောင်းများက ဆုတ်ခွာ ထွက်ပြေးလျက် ရှိသည့် အကြမ်းဖက် သောင်းကျန်းသူများ နောက်သို့ လည်းကောင်း၊ အခြားသော တရားမဝင် လမ်းကြောင်းများ အပါအဝင် အဓိကနေရာ များအား လည်းကောင်း ဆက်လက်ရှင်းလင်း ဖော်ထုတ် ဆဲ ဖြစ်ကြောင်း သိရှိရသည်။


မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...