Social Icons

Pages

Monday, May 2, 2016

စိမ်းနေဦးမည့် မွေးရပ်မြေ


စိမ်းနေဦးမည့် မွေးရပ်မြေ

( မဒါလေး )

စာရေးသူ မွေးရပ်မြေသို့ ရောက်သည်မှာ နှစ်ရက်တိုင်တိုင် ရှိနေပြီ ဖြစ်သော်လည်း မည်သည့် နေရာမျှ မသွားဖြစ် သေးပါ။ စာရေးသူတို့ မွေးရပ်မြေ မုဒုံတွင် အထင်ကရ နေရာများ ပေါများလှသည့် နေရာဒေသ တစ်ခုဖြစ် သဖြင့် တစ်ရက်၊ နှစ်ရက်နှင့် သွားရန် မပြည့်စုံပေ။ နောက်တစ်ရက် ဆိုလျှင် မြန်မာ့ရိုးရာ အတာသင်္ကြန် ကျတော့မည်။ ဆွေမျိုးများ ထဲမှ အဒေါ်များ၊ အဘွားများ တရားရိပ်သာ ဝင်ကြသည်။ စာရေးသူတို့ မြို့တွင် အထင်ကရ တရားရိပ်သာများ ဖြစ်ကြသော ကျိုက္ကမော့လေး ဘုရား တောင်ပေါ်၊ ဂျုံးဂျုံးကျ တောရ၊ မဟာစည် သာသနာ့ ရိပ်သာနှင့် ဖားအောက်တောရ စသည့် မိမိတို့ ကြိုက်နှစ်သက်ရာ တရားရိပ်သာ များတွင် အသီးသီး ကုသိုလ်ယူကာ သင်္ကြန်ရက် အတွင်း တရားအားထုတ် ကြသည်။ စာရေးသူ၏ အဒေါ်များ၊ အဘွားများကို တရားရိပ်သာပို့ ကုသိုလ်ယူရင်း မိမိ မရောက်သည် ကြာပြီ ဖြစ်သော နေရာများသို့ သွားရောက်ကာ ရှုခင်းများကို တဝကြီး ခံစားနေမိသည်။ ကြည့်၍ မဆုံးသော ရော်ဘာပင်တန်း များကို ကြည့်ပြီးလည်း ဂုဏ်ယူမိသည်။

စာရေးသူတို့ ဒေသသည် ဥယျာဉ်ခြံကို အဓိကထား သဖြင့် အိမ်တိုင်းတွင် စိုက်ပျိုးထားသော အပင်မျိုးစုံကို တွေ့မြင်ရသည်။ ဒေသဓလေ့ အရ ဒူးရင်းပင်၊ ကြက်မောက်ပင်၊ တညင်းပင် နှင့် ပိန္နဲပင်များ အိမ်တိုင်းလိုလို တွေ့မြင်ရသည်။ အချို့အိမ် များတွင် မင်းကွတ်ပင် နှင့် ကွမ်းသီးပင်များ၊ ငရုတ်ကောင်းပင် များပါ တွေ့မြင်ရသည်။ အုန်းပင်သည် အိမ်တစ်အိမ် အတွက် မရှိမဖြစ် ဆိုသကဲ့သို့ အိမ်တိုင်းလိုလို အုန်းပင်ရှိသည်။ ဒူးရင်းပင် စိုက်သော အိမ်တို့တွင် ဒူးရင်းသီး အပင်ကြွေကို မှာယူထားသည့် လူများတန်းစီ နေသည်။ ခုကြွေ ခုရောင်းဖြင့် ချက်ချင်းဝင်ငွေ ရသော ခြံအလုပ် သည်လည်း တစ်ဖက် တစ်လမ်းမှ ဝင်ငွေတိုးပွား လျက်ရှိသည်။ ဒါပေမဲ့ ယခင် စာရေးသူတို့ ငယ်စဉ်က ကဲ့သို့ အိမ်စိုက် ဒူးရင်းသီး အသေးများ မဟုတ်တော့ဘဲ ယိုးဒယားသီး ဟု အမည်တွင်သော အလုံးကြီးပြီး အရသာ အနည်းငယ် ပေါ့သည့် ဒူးရင်းပင်များ နေရာယူလျက် ရှိသည်။

အုန်းပင်လှိုင်လှိုင် ပေါသော်လည်း နိုင်ငံခြားမှ လာသော အသင့်သောက် အုန်းစိမ်းရည်ဘူး များကို လူတိုင်း လွယ်လင့် တကူ နှစ်ခြိုက်စွာ သောက်သုံး နေကြသည်ကို မြင်ရသည့် အခါတွင် သဘာဝကို တန်ဖိုး မထားသော ထိုသူများ အတွက် စာရေးသူ စိတ်မကောင်း ဖြစ်မိသည်။ သူတို့ ပြောသည်ကလည်း မှန်သည်။ သဘာဝ အုန်းစိမ်းရည် သည် အလွန် သောက်ကောင်း သည်မှာ မှန်သော်လည်း လွယ်လင့်တကူ ခူး၍မရပေ။ ရခဲ့လျှင်ပင် ဓားရှိမှ ခွဲ၍ရမည်။ မခွဲတတ် လျှင်လည်း အုန်းရေ ဆုံးရှုံး နိုင်သည်။ ခွဲတတ်ရန်လည်း ပညာလို သေးသည်။ ထို့အတွက် ရယ်ဒီမိတ်ဘူး များကို ငွေကျပ်ငါးရာ၊ ငွေကျပ် ခြောက်ရာ ပေးသောက် ရသည်မှာ ပိုတန်သည် ဟုပင် သူတို့ တွေးထား လိုက်သည်။ ကြက်မောက်သီး ဆိုလျှင်လည်း ရယ်ဒီမိတ်ဘူး ကိုပင် ရေခဲထည့်ကာ အလွယ်တကူ စားသည့်သူက များသည်။ ဒေသတွင် ပေါ်စ အချိန်မှာ တစ်လုံး ငွေကျပ် နှစ်ရာခန့် ပေးရသည်။ ရယ်ဒီမိတ်ဘူး တစ်ဘူးလျှင် အလုံး နှစ်ဆယ်ကျော် ပါသည်။ ဈေးက ငွေကျပ်တစ်ထောင် လောက်သာ ရှိသဖြင့် မလတ်ဆတ် သော်လည်း တန်နေပြန်သည်။ သူ့နေရာနှင့်သူ အံဝင်ခွင်ကျ ဖြစ်နေသော အရာများမှာ စာရေးသူ အနေဖြင့် စိမ်းနေပြန်သည်။

စာရေးသူတို့ ဒေသတွင် အများအားဖြင့် မြန်မာ့ရွှေဖြူဟု တင်စားသော ရော်ဘာစိုက်ရာ ဒေသ ရော်ဘာထွက် သဖြင့် အဓိက စီးပွားရေးသည် ရော်ဘာနှင့် ပတ်သက်သည့် ထုတ်ကုန်များ ဖြစ်သည်။ အများစုသည် သားရေကွင်း နှင့် သားရေဘောလုံး (ပူဖောင်း) ပြုလုပ်ကြသည်။ စာရေးသူ၏ အဒေါ်သည် ထိုမြို့မှ နာမည်ကြီး သားရေကွင်း ဖြန့်ချိသည့် လုပ်ငန်းတစ်ခုကို လုပ်ကိုင်သူ ဖြစ်သည်။ သားရေကွင်း အပြင် သားရေ ဘောလုံးအကြီး၊ အသေးမျိုးစုံ ကိုလည်း ပြုလုပ်ဖြန့်ဖြူး ရောင်းချသည့် လုပ်ငန်းဖြစ်သည်။ ရော်ဘာစိမ်ကန် မှ ရော်ဘာအရေ များကို ရော်ဘာနှစ်တံဖြင့် နှစ်ကာ အခြောက်ခံ၊ မှိုင်းခံပြီးလျှင် စက်များဖြင့် သားရေကွင်း အထူးအပါး လိုသလို လှီးဖြတ်ရသည်။ 

ရော်ဘာဖြတ်စက် မှ ကျလာသော သားရေကွင်း များကို လုပ်သားများက သံတန်းလေး များတွင် ထိုးကာ လက်တစ်ဖက်မှ ကိုင်ပြီး သံကွင်းတွင် စွပ်ထားသော သားရေကွင်း အတန်းထဲမှ သားရေကွင်း အပြတ်များကို အခြား လက်တစ်ဖက်ဖြင့် ဆွဲချပေးရသည်။ နောက်ဆုံးတွင် သားရေကွင်း အကောင်းများသာ သံတန်းလေး ထဲတွင် ကျန်ပြီး ထို သားရေကွင်း များကို နေရာတစ်ခုတွင် စုကာ အခြောက်ပြန် လှန်းပြီးမှ ပေါင်ချိန်ဖြင့် ချိန်ကာ ပါကင်ထုပ်ရသည်။ ယခင်က ရော်ဘာ စိမ်ကန်တွင် ရော်ဘာစွပ်တံ နှစ်ခြင်းကို လူအားဖြင့်သာ လုပ်သော်လည်း ယခုအခါ စက်ဖြင့် ပြုလုပ်သဖြင့် ပိုမိုလွယ်ကူပြီး မြန်ဆန်လာသည်။ ယခင်က စက်ရုံတစ်ခု လုံးတွင် ခြေချစရာ မရှိအောင် လုပ်သားများ ဟိုတစ်စု၊ သည်တစ်စု ရော်ဘာနှစ် သူနှစ်၊ ဖြတ်သူဖြတ်၊ အပြတ် ရွေးသူရွေး၊ နေလှန်းသူလှန်း၊ သိမ်းသူသိမ်းဖြင့် အလုပ်များ လှသော်လည်း ယခုအခါ ရော်ဘာအပြတ် ရွေးသူ အနည်းငယ်နှင့် လုပ်သား အနည်းငယ်သာ ရှိပြီး အများအားဖြင့် စက်များကိုသာ ခိုင်းစေကြ သည်ကို တွေ့မြင်ရသည်။

ယခင်က သိခဲ့သော လုပ်သားများ သည်လည်း အများစုမှာ ရှမ်းပြည်ဟု စာရေးသူတို့ ဘက်မှ ခေါ်သော တစ်ဖက်နိုင်ငံ ဖြစ်သည့် ထိုင်းနိုင်ငံသို့ သွားရောက် လုပ်ကိုင်သူက များသည်။ အရွယ်ရောက်သူ အတော်များများ ရှမ်းပြည်သွား အလုပ်မလုပ် ဘူးသူ မရှိသလောက် ရှားလှသည်။ ထိုသို့သွား အလုပ်လုပ်၍ ပြန်လာသည် ကိုပင် ဂုဏ်ယူစရာ တစ်ခုကဲ့သို့ ဖြစ်နေသေးသည်။ မည်သို့ပင် ဆိုစေကာမူ ကိုယ့်မြေ၊ ကိုယ့်ရေ ချစ်စိတ်ကြီးသော စာရေးသူ ရင်ထဲတွင် ထိုသို့သော သူများကိုသာ ၍ပင် စိမ်းနေသည်။ စာရေးသူတို့ ဒေသတွင် ယခုအချိန် ကြီးစိုးနေသော ထိုင်း အစားအစာ များမှာလည်း အရသာ ကောင်းသလောက် လျှာပေါ်တွင် စိမ်း၍နေသည်။ မည်သို့ပင် ဆိုစေကာမူ အိမ်ခြံထွက် သဘာဝအရသာ စစ်စစ်များ ပင်လျှင် စာရေးသူလျှာ နှင့် စိမ်းနေသည်မှာ အမှန်ပင်ဖြစ်၍ နေပေသည်။

ရတနာပုံနေ့စဉ် ၊ စာ(၂၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...