Social Icons

Pages

Thursday, May 5, 2016

လုပ်ငန်းလိုင်စင် မရှိသည့် ဧည့်လမ်းညွှန်များကို ရှောင်တခင် စစ်ဆေး အရေးယူမည်



ရန်ကုန် ၊ ၅-၅-၂၀၁၆

လုပ်ငန်းလိုင်စင် မရှိသည့် ဧည့်လမ်းညွှန် များကို စစ်ဆေးရေး အဖွဲ့များဖွဲ့၍ ရှောင်တခင် စစ်ဆေးအရေးယူ သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေး ဥပဒေပုဒ်မ ၂၃ အရ လိုင်စင်မရှိသည့် ဧည့်လမ်းညွှန် လုပ်ငန်း ဝင်ရောက် လုပ်ကိုင်သူ များကို စစ်ဆေးတွေ့ရှိ ပါက ဒဏ်ငွေ ငွေကျပ် ၅ဝဝဝဝ မှ အမြင့်ဆုံး ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်အရေးယူ နိုင်ကြောင်း သိရသည်။

နိုင်ငံခြားခရီးသွား ဧည့်သည် လာရောက်မှု များသည့် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ အင်းလေးနှင့် ပုဂံ စသည့်ဒေသ တို့၌ ဧည့်လမ်းညွှန် လိုင်စင်ရှိ၊ မရှိ စစ်ဆေးပြီး လိုင်စင်မရှိပါက အရေးယူမည် ဖြစ်သည်။

''ဥပမာ မန္တလေးနန်းတွင်း ထဲမှာ စစ်မယ်ဆိုရင် နန်းတွင်းထဲက သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ခေါ်ပြီး သက်သေအဖြစ် စစ်ဆေးမှာပါ။ စစ်လို့ လိုင်စင်မရှိဘူး ဆိုရင် အရေးယူဖို့ လုပ်ရမှာပါ'' ဟု ဟိုတယ်နှင့် ခရီးသွား လာရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးဝင်းညွန့် က ပြောသည်။

''လိုင်စင်မဲ့ ဧည့်လမ်းညွှန် အရေအတွက် နည်းပေမယ့် ခရီးသည်တွေ အပေါ် သူတို့ရဲ့ သက်ရောက်မှု ရှိတယ်လို့ ပြောပါတယ်။ သူတို့က ဘာမှ အခွန်မဆောင်တဲ့ အပြင် တာဝန်ယူမှုလည်း မရှိကြဘူး။ ဧည့်လမ်းညွှန် သင်တန်း အောင်လက်မှတ် ကိုင်ဆောင်နိုင်မယ့် သင်တန်းတွေလည်း အများကြီး ဖွင့်လှစ်ပေးနိုင်ဖို့ လိုတယ်။ အပတ်စဉ် အလိုက် လက်မှတ် ထုတ်ပေးမှုနဲ့ လူဦးရေ တိုးခေါ်မယ်ဆိုရင် လက်မှတ်မရှိဘဲ ဝင်လုပ် တာမျိုးတွေကို လျှော့ချနိုင်မယ်လို့ ထင်တယ်။ နှစ်နှစ်သက်တမ်း ရှိတဲ့ ဧည့်လမ်းညွှန် လိုင်စင်ကို သက်တမ်းတိုး တဲ့အခါ အခွန်ဆောင် ပြီးကြောင်း ပြေစာပြမှ သက်တမ်း တိုးပေးတာဖြစ်ပြီး နှစ်နှစ်စာ အခွန် ငွေကျပ် ၁ဝဝဝဝဝ ပေးဆောင် ရပါတယ်'' ဟု ဧည့်လမ်းညွှန် မဟေမာအောင် က ပြောသည်။

ဧည့်လမ်းညွှန် လိုင်စင်ဝင်ရန် ပထမဆုံး ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနတွင် ရေးဖြေ စာမေးပွဲ ဖြေဆိုရပြီး ဝန်ကြီးဌာနမှ နှစ်လကြာ ဖွင့်လှစ်သည့် ဧည့်လမ်းညွှန် သင်တန်းကို ငွေကျပ် ၁ဝဝဝဝဝ ပေးပြီး တက်ရောက်ပါက ဧည့်လမ်းညွှန် လိုင်စင် ရရှိမည်ဖြစ်သည်။

ပြည်ပခရီးစဉ် ( Outbound Tour ) လုပ်ငန်းလိုင်စင် မရှိဘဲ လုပ်ငန်းဆောင်ရွက် နေသော ခရီးသွားကုမ္ပဏီ များအား မေလမှစတင်၍ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ဧပြီ ၂၈ ရက်တွင် ထုတ်ပြန် ခဲ့သည်။

တချို့သော ခရီးသွား ကုမ္ပဏီများမှာ ပြည်ပခရီးစဉ် ( Outbound Tour) လိုင်စင် လျှောက်ထား ရယူခြင်း မရှိသေးသော်လည်း သတင်းစာများတွင် ပြည်ပခရီးစဉ် များကို ကြော်ငြာဆောင်ရွက် နေသည်ကို တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေး ဥပဒေတွင် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း တစ်ခုခုကို ဥပဒေအရ ထုတ်ပေးထားသော လိုင်စင်မရှိဘဲ လုပ်ကိုင် ဆောင်ရွက်ခြင်း မပြုရန် ပြဋ္ဌာန်းထားရှိ သဖြင့် ပြည်ပခရီးစဉ် လုပ်ငန်း ဆောင်ရွက်မည် ဆိုပါက လုပ်ငန်းလိုင်စင် လျှောက်ထား ရယူရန် လိုအပ်ကြောင်း သိရသည်။

ယခုအခါ ပြည်ပခရီးစဉ် ( Outbound Tour) လုပ်ငန်းကို စည်းမျဉ်း၊ စည်းကမ်းများနှင့် အညီ လုပ်ငန်းလိုင်စင်များ ခွင့်ပြုပေးလျက် ရှိရာ ဧပြီ ၂၈ ရက်အထိ လိုင်စင် ၁၈၂ ခုကို ခွင့်ပြုပေးထားပြီး ဖြစ်သည်။ ထပ်မံ တင်ပြလာသော ကုမ္ပဏီများ ကိုလည်း စိစစ်ခွင့်ပြု ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သဲသဲ

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...