Social Icons

Pages

Monday, February 15, 2016

လာမည့်နှစ်ပေါင်း ၃၀ အတွင်း စက်ယန္တရားများကြောင့် ကမ္ဘာ့လူသား ထက်ဝက်ကျော် အလုပ်လက်မဲ့ဘ၀ ရောက်နိုင်


လုပ်သားအစားထိုး စက်ရုပ်စားပွဲထိုးများ

ဟူစတန် ၊ ၁၅-၂-၂၀၁၆

လစ်လပ် အလုပ်ခွင် နေရာများ၌ စက်ယန္တရား များက အစားထိုး နေရာယူ လာကြသည် နှင့်အမျှ လာမည့် နှစ်ပေါင်း ၃ဝ အတွင်း ကမ္ဘာ့လူဦးရေ ထက်ဝက်ကျော် တို့သည် အလုပ်လက်မဲ့ ဘဝသို့ ကျရောက်ကြ လိမ့်မည် ဖြစ်ကြောင်း သိပ္ပံပညာရှင် များ၏ အဆိုကို ကိုးကား၍ အေပီ သတင်းဌာနက ယမန်နေ့တွင် ဖော်ပြ ထားသည်။

ယခင်က လူသားများသာ လုပ်ဆောင် နိုင်သည့် လုပ်ငန်းတာဝန် မှန်သမျှကို စက်ယန္တရား များက အစားထိုး တာဝန်ယူ တော့မည့် အချိန်ကာလ သို့ တဖြည်းဖြည်း နီးကပ်လာပြီ ဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စု
တက္ကဆက် ပြည်နယ် ဟူစတန်မြို့ ရိုက်စ် တက္ကသိုလ်မှ သိပ္ပံပညာရှင် များက ပြောကြားသည်။

ထို့ပြင် လူသားများ လုပ်ဆောင် နိုင်သည့် လုပ်ငန်း မှန်သမျှကို စက်ယန္တရား များက အစားထိုး တာဝန်ယူ နိုင်စွမ်းရှိ လာချိန်တွင် လူသားတို့ အနေဖြင့် ဘာဆက်လုပ် မည်နည်း ဟူသော မေးခွန်းကို ဖြေဆိုရန် လိုအပ်ပြီ ဖြစ်ကြောင်း ရိုက်စ် တက္ကသိုလ် မှ သိပ္ပံပညာရှင် များက သတိပေး ထားသည်။

လာမည့်နှစ်ပေါင်း (၃ဝ)အတွင်း လူသားတို့ ဆောင်ရွက်ကြ ရမည့် လုပ်ငန်းများကို စက်ယန္တရား များက အစားထိုး တာဝန်ယူ လာချိန်တွင် ကိုယ့်ဝမ်းစာ ကိုယ်ရှာစားသည့် ခေတ်ကုန် တော့မည် ဖြစ်ရာ လူသားတို့ အနေဖြင့် ဘဝ အဓိပ္ပာယ်ကို ပြန်လည် ရှာဖွေရတော့မည် ဖြစ်ကြောင်း ရိုက်စ် တက္ကသိုလ်မှ ပါမောက္ခ ဗာဒီက အမေရိကန် အဆင့်မြင့် သိပ္ပံပညာ အသင်း နှစ်စဉ် ညီလာခံတွင် တင်သွင်း ခဲ့သော နည်းပညာ အဆင့်မြင့် စက်ရုပ်များနှင့် ယင်း စက်ရုပ်များ၏ လူ့ အဖွဲ့အစည်း အပေါ် အကျိုး သက်ရောက်မှု အမည်ရှိ စာတမ်း၌ ဖော်ပြထားသည်။

အလားတူ အသိဉာဏ်တု နည်းပညာများ အဆင့်မြင့်မား လာသည် နှင့်အမျှ လူသားတို့ အတွက် အတတ်ပညာ အရင်းပြု အလုပ်အကိုင်များ ကျဆင်းလာမည် ဖြစ်ပြီး ဝင်ငွေမညီမျှမှု ပြဿနာ မှာလည်း ပိုမိုကြီးမား လာ နိုင်ကြောင်း အထက်ပါ စာတမ်း၌ သတိပေး ထားသည်။

အင်္ဂလန်ဘဏ် ဘောဂဗေဒ ပညာရှင်များ အကြီးအကဲ ၏ အဆိုအရ ဗြိတိန်နိုင်ငံ၌ စက်ရုပ် များကြောင့် လူသားတို့ အနေဖြင့် အလုပ်အကိုင် နေရာ ၁၅ သန်း ဆုံးရှုံးရမည့် အလားအလာ ရှိကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၁၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...